“မွေးခဲ့တဲ့ အမေရင်းနဲ့ အတူနေ ဇနီးမယားကိုတောင် ရန်သူတွေလို့မြင်အောင် ဖန်တီးတတ်တဲ့ အဓိက တရားခံက ဆေးပြားသေးသေးလေးတစ်ပြား ဖြစ်နေနိုင်ပါတယ်။”

သင့်ရဲ့ဦးနှောက်ကို မောင်ပိုင်စီးပြီး ထိန်းချုပ်မယ့် အကောင် (WY နဲ့ ICE အကြောင်း) – အပိုင်း (၃)

မက်သာဖက်တမင်းရဲ့ ကြောက်စရာအကောင်းဆုံး လုပ်ရပ်ကတော့ လူသားတစ်ယောက်ရဲ့ “အသိစိတ်” နဲ့ “လူပီသမှု” ကို ဖျက်ဆီးပစ်လိုက်ခြင်းပါပဲ။ ဆေးကို ရေရှည်သုံးစွဲလာတဲ့အခါ သို့မဟုတ် ဆေးပြင်းအား လွန်ကဲသွားတဲ့အခါ ဦးနှောက်ထဲက ဒိုပါမင်းစနစ်ကြီးဟာ ပျက်စီးသွားပါတော့တယ်။ အဲဒီအချိန်မှာ လူတစ်ယောက်ဟာ အမှန်နဲ့အမှားကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သွားပါတယ်။

ဒီလို အသိစိတ် လွတ်ထွက်ပြီး စိတ်ဖောက်ပြန်သွားတဲ့ အခြေအနေကို ဆေးပညာအရ Methamphetamine Psychosis လို့ ခေါ်ပါတယ်။ ဒါဟာ လူတစ်ယောက်ကို မူးယစ်ဆေးက ထိန်းချုပ်လိုက်တဲ့ အခြေအနေပါပဲ။

Meth Psychosis ရဲ့ ပထမဆုံးနဲ့ အထင်ရှားဆုံး လက္ခဏာကတော့ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့ပြီး သံသယလွန်ကဲလာတာပါ။ ဦးနှောက်ရဲ့ အကြောက်တရားကို ထိန်းချုပ်တဲ့ နေရာကနေ မှားယွင်းတဲ့ အချက်ပြမှုတွေ ပေးပို့နေလို့ ဖြစ်ပါတယ်။

သုံးစွဲသူဟာ သူ့ကို ရဲတွေကပဲ လိုက်ဖမ်းနေသလိုလို၊ လူသတ်သမားတွေကပဲ လာသတ်တော့မလိုလို၊ ရဲတွေကပဲ စောင့်ကြည့်နေသလိုလို အမြဲတမ်း ကြောက်လန့်နေတတ်ပါတယ်။ ကိုယ့်ရဲ့ အချစ်ရဆုံး မိသားစုဝင်တွေ အမေ၊ အဖေ၊ ဇနီးသည်ကအစ သူ့ကို သတ်ဖို့ အစားအသောက်ထဲ အဆိပ်ခတ်ထားတယ်လို့ ယုံကြည်လာပါတယ်။ ဒါကြောင့် ဘာမှမစားဘဲ နေတတ်သလို မိသားစုကိုလည်း ရန်သူလို ပြန်လည်ဆက်ဆံလာပါတော့တယ်။

ဒီအခြေအနေမှာ သူတို့ကို ဘယ်လိုပဲ အကျိုးသင့် အကြောင်းသင့် ရှင်းပြရှင်းပြ နားမဝင်တော့ပါဘူး။ သူတို့ရဲ့ ပျက်စီးနေတဲ့ ဦးနှောက်က ဖန်တီးထားတဲ့ ဇာတ်လမ်းဟာ သူတို့အတွက်တော့ တကယ့်အဖြစ်အမှန်အတိုင်း ခံစားနေရလို့ပါပဲ။

အသိစိတ်လွတ်သွားတဲ့အခါ အာရုံခံစားတဲ့ ကိုယ်အင်္ဂါတွေကလည်း ပုံမှန်မဟုတ်ကြတော့ပါဘူး။

  • အကြားအာရုံ
    သူတို့ဟာ တခြားသူတွေ မကြားရတဲ့ အသံတွေကို ကြားနေရတတ်ပါတယ်။ ပန်ကာလည်တဲ့ အသံ၊ အဲကွန်းသံ၊ ရေကျသံတွေထဲကနေ သူ့ကိုသတ်ဖို့ ကြံစည်နေတဲ့ စကားသံတွေ၊ ဆဲရေးတိုင်းထွာနေတဲ့ အသံတွေကို ကြားနေရတတ်ပါတယ်။ တစ်ခါတလေ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အသံတွေက “မင်းကိုယ်မင်း သတ်သေလိုက် ဒါမှမဟုတ် ဟိုလူ့ကို ဓားနဲ့သွားခုတ်လိုက်” ဆိုပြီး အမိန့်ပေး ခိုင်းစေတာမျိုးတွေပါ ကြုံလာရပါတယ်။
  • အမြင်အာရုံ
    အခန်းထောင့်တွေ၊ မှောင်တဲ့နေရာတွေမှာ ခြောက်ခြားစရာ အမည်းကောင်ကြီးတွေ၊ တစ္ဆေသရဲလို ပုံရိပ်ယောင်တွေ၊ မိစ္ဆာကောင်တွေ ရပ်နေတယ်လို့ မြင်လာရပါတယ်။ အဲဒီလို ပြင်ပလှုံ့ဆော်မှုမရှိဘဲ အာရုံတွေ ရလာတဲ့အခါ လူဟာ သာမန်ပတ်ဝန်းကျင်မှာ နေလို့မရတော့ဘဲ အခန်းထဲမှာ ပုန်းအောင်းနေတာ၊ ဓားတွေ လက်နက်တွေကိုင်ပြီး အိမ်ထဲမှာ လိုက်ရှာနေတာမျိုးတွေ လုပ်လာပါတော့တယ်။
  • အတွေ့အထိအာရုံ
    အပိုင်း (၂) မှာ ဖော်ပြခဲ့သလိုပဲ အရေပြားအောက်မှာ ပိုးကောင်လေးတွေ၊ တီကောင်လေးတွေ တရွရွ သွားနေတယ်လို့ အစစ်အမှန်လို ခံစားရတာမျိုးပါ။ တချို့ဆိုရင် သူတို့ကိုယ်ပေါ်မှာ တစ်စုံတစ်ယောက်က လာကိုင်နေသလို၊ အပ်နဲ့ ထိုးနေသလိုမျိုး ပြင်ပလှုံ့ဆော်မှု မရှိဘဲနဲ့ကို ထိတ်လန့်ဖွယ်ရာ ခံစားနေရတတ်ပါတယ်။ ဒီအာရုံနောက်မှုကို မခံစားနိုင်တဲ့အခါ အရေပြားကို သွေးထွက်သံယိုဖြစ်တဲ့အထိ ပြင်းပြင်းထန်ထန် ကုတ်ဖဲ့မိကြတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေ စုပေါင်းလာတဲ့အခါ သတင်းတွေမှာ ခဏခဏ တွေ့ရတတ်တဲ့ စိတ်မချမ်မြေ့ဖွယ်ရာ အဖြစ်အပျက်တွေ ပေါ်ပေါက်လာပါတော့တယ်။

သုံးစွဲသူဟာ အပြင်မှာ တကယ်မရှိတဲ့ ရန်သူတွေကို ကာကွယ်ဖို့ဆိုပြီး ဓားတွေ၊ လက်နက်တွေ ကိုင်ဆောင်ထားတတ်ပါတယ်။ ပြီးတဲ့အခါ သူ့ကိုလာရောက် ဖျောင်းဖျတဲ့ အမေရင်း၊ ဇနီး၊ သားသမီးတွေကို သူ့ကို လာသတ်မယ့် ရန်သူတွေလို့ မြင်ယောင်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ပစ်တဲ့အထိ ကျူးလွန်မိသွားတတ်ပါတယ်။

တချို့ကျတော့လည်း နောက်ကနေ လူဆိုးတွေ လိုက်လာပြီဆိုတဲ့ အကြောက်တရားနဲ့ တိုက်ပေါ်ကနေ ခုန်ချတာ၊ သွားနေတဲ့ ကားဘီးအောက် ဝင်ပြေးတာ၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာမျိုးတွေနဲ့ ဘဝကို အဆုံးသတ်သွားကြပါတယ်။ သူတို့ရဲ့ နောက်ဆုံးအချိန်တွေဟာ အလွန်အမင်း ထိတ်လန့် ခြောက်ခြားစရာ ကောင်းနေနိိုင်ပါတယ်။
…
…

ဆေးလွန်ပြီး စိတ်ဖောက်ပြန်သွားတဲ့သူတွေကို ဆေးဖြတ်ခန်း ဒါမှမဟုတ် စိတ်ကျန်းမာရေး ဆေးရုံတွေကို ပို့ပြီး ကုသလို့ ရနိုင်မလားဆိုတဲ့မေးခွန်း ရှိလာပါတယ်။

ဝမ်းနည်းစရာကောင်းတာက မက်သာဖက်တမင်းဟာ အခြားမူးယစ်ဆေးတွေလို မဟုတ်ဘဲ ဦးနှောက်ရဲ့ တည်ဆောက်ပုံကိုပါ ဖျက်ဆီးပစ်လိုက်တာပါ။ ဆေးစွဲနေသူ တစ်ယောက်ရဲ့ ဦးနှောက်ကို ဦးနှောက်ဓာတ်မှန် ရိုက်ကြည့်တဲ့အခါ အယ်လ်ဇိုင်းမား ခေါ် ဦးနှောက်ချို့ယွင်းမေ့လျော့ရောဂါ ခံစားနေရသူ တစ်ယောက်ရဲ့ ဦးနှောက် ဒါမှမဟုတ် ခေါင်းကို အပြင်းအထန် ထိခိုက်ဒဏ်ရာ ရထားသူတစ်ယောက်ရဲ့ ဦးနှောက်ပုံစံမျိုးနဲ့ သွားတူနေတာကို တွေ့ရပါတယ်။

ဆေးဖြတ်လိုက်ရင်တောင်မှ ပျက်စီးသွားတဲ့ ဒိုပါမင်း လမ်းကြောင်းတွေဟာ အလွယ်တကူ ပြန်လည် မကောင်းမွန်နိုင်တော့ပါဘူး။ ဆေးပြတ်သွားပြီး နှစ်နဲ့ချီ ကြာတဲ့အထိ ရုတ်တရက် အသိစိတ်လွတ်ပြီး စိတ်ဖောက်ပြန်တာမျိုးတွေ ပြန်ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သာယာမှုကို ခံစားနိုင်တဲ့စနစ် ဖျက်ဆီးခံလိုက်ရလို့ ဘဝမှာ ဘာလုပ်လုပ် မပျော်ရွှင်နိုင်တော့ဘဲ စိတ်ဓာတ်ကျနေတာမျိုးရော ခံစားနေရနိုင်တယ်။

ဒီလိုဆိုလို့ လက်ရှိမှာ အမှောင်ထုကြီးထဲကနေ လွတ်မြောက်ဖို့ ရုန်းကန်နေကြသူတွေအတွက် မျှော်လင့်ချက် မရှိတော့ဘူးလို့ မဆိုလိုပါဘူး။ လူ့ဦးနှောက်မှာ သူ့အလိုလို ပြန်လည်ကုစားနိုင်တဲ့ သဘာဝစွမ်းအား ရှိပါတယ်။ အချိန်အတိုင်းအတာတစ်ခုအထိ စိတ်ပင်ပန်းမှုတွေ၊ ဟာတာတာ ခံစားချက်တွေကို ရင်ဆိုင်ရနိုင်ပေမယ့် ဒါဟာ အာရုံကြောစနစ်တွေ ပြန်လည်တည်ဆောက်နေတဲ့ လက္ခဏာသာ ဖြစ်ပါတယ်။

ခရီးကြမ်းကြီးမှာ စိတ်ဓာတ်ကျစရာ၊ အားလျှော့ချင်စရာ အခိုက်အတန့်တွေ အများကြီး ကြုံရပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ရှင်းထုတ်ပြီး ပြန်လည်နာလန်ထူဖို့ အချိန်ယူနေရတာသာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ ကြိုးစားနေကြတဲ့ ညီအစ်ကို မောင်နှမများအနေနဲ့ စိတ်ဓာတ်မကျဘဲ ရှေ့ဆက်တိုးဖို့ တိုက်တွန်းချင်ပါတယ်။ ခက်ခဲတဲ့ အချိန်တွေမှာ စိတ်ပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး စနစ်တကျ ကုသမှုခံယူပါ။ မူးယစ်ဆေးကို ကျောခိုင်းဖို့ ဆုံးဖြတ်လိုက်တဲ့ ခြေလှမ်းတိုင်းဟာ သင့်ရဲ့ အနာဂတ်ကို အသစ်ပြန်လည် မွေးဖွားခြင်းပဲဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အမြဲဂုဏ်ယူနေပါ။

WY နဲ့ ICE ဆိုတာ ခဏတာပျော်ရွှင်မှုနဲ့ အလုပ်လုပ်နိုင်ဖို့အတွက် ခွန်အားတွေပေးတဲ့ “ဆေး” မဟုတ်ပါဘူး။ သူဟာ သင့်ရဲ့ ဦးနှောက်ကို ဖောက်ထွင်း၊ သင့်ရဲ့ ရုပ်ဆင်း အင်္ဂါကို ဖျက်ဆီးပြီး၊ နောက်ဆုံးမှာ သင့်ရဲ့ အသိစိတ်ကိုပါ ရိုက်ချိုးကာ သင့်မိသားစုကိုပါ သွေးစွန်းစေမယ့် “ဂြိုဟ်ကောင်” သာ ဖြစ်ပါတယ်။

မစမ်းသပ်ပါနဲ့။ မသုံးစွဲပါနဲ့။ တစ်ခါလေး သုံးကြည့်လိုက်တာကနေ ပြန်လမ်းမရှိတဲ့ မူးယစ်ဆေးရဲ့ သားကောင်းအဖြစ် ခြေစုံပစ်ဝင်သွားသလို ဖြစ်သွားနိုင်လို့ပါ။ သင်ချစ်တဲ့ မိသားစုနဲ့ သင့်ရဲ့ တန်ဖိုးရှိတဲ့ လူ့ဘဝကြီးကို တန်ဖိုးမရှိတဲ့ ဓာတုဆေးပြားလေးတစ်ပြားနဲ့ ဘယ်တော့မှ မလဲလှယ်လိုက်ပါနဲ့လို့ မေတ္တာရပ်ခံပါရစေခင်ဗျာ….။

စေတနာဖြင့်
အဓိပတိ

References : 📚
https://pmc.ncbi.nlm.nih.gov/articles/PMC5027896/
https://pmc.ncbi.nlm.nih.gov/articles/PMC5328289/
https://pmc.ncbi.nlm.nih.gov/articles/PMC4377385/
https://pmc.ncbi.nlm.nih.gov/articles/PMC4563997/
https://pmc.ncbi.nlm.nih.gov/articles/PMC12328327/
https://pubmed.ncbi.nlm.nih.gov/32304732/

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

…

…

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here