“ဒုတိယကမ္ဘာစစ်က ဟစ်တလာရဲ့ နာဇီတပ်သားတွေ သုံးခဲ့တဲ့ လူသတ်ဆေးဟာ အခုတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အလွယ်တကူ ဝယ်လို့ရနေပါပြီ။”

—- ပျော်ရွှင်မှုကို အတိုးနဲ့ ကြိုသုံးမိတဲ့အခါ (WY နဲ့ ICE အကြောင်း) – အပိုင်း (၁) —-

လောကကြီးမှာ ပုံပန်းသဏ္ဍာန် မတူဘဲနဲ့ လူ့ဘဝတွေကို တစ်ပုံစံတည်း ဖျက်ဆီးနေတဲ့ အရာတွေ ရှိပါတယ်။ အဲဒီထဲမှာ နာမည်အကြီးဆုံးကတော့ လူငယ်တွေ၊ အလုပ်သမားတွေကြားမှာ ရေပန်းစားနေတဲ့ “WY (ယာဘ)” နဲ့ လူကုံထံတွေ၊ ပါတီတွေမှာ သုံးလေ့ရှိတဲ့ “ICE (ခရစ်စတယ်မက်သ်)” တို့ပဲ ဖြစ်ပါတယ်။

ဒီဆေးနှစ်မျိုးကို ပတ်ဝန်းကျင်မှာ လေ့လာကြည့်ရင် WY ကို ဈေးပေါပေါနဲ့ ဝယ်လို့ရတဲ့ အလုပ်သမားသုံး ဆေးပြားလေးအဖြစ် မြင်ကြပြီး ICE ကိုတော့ ဈေးကြီးပေးရတဲ့ အထက်တန်းလွှာသုံး ပစ္စည်းတစ်ခုလို ခွဲခြားသတ်မှတ်တတ်ကြပါတယ်။ ပုံပန်းသဏ္ဍာန်အားဖြင့် WY ဆိုတာ ပန်းရောင် ဒါမှမဟုတ် လိမ္မော်ရောင် ဆေးပြားလေးတွေပေါ်မှာ WY လို့ စာတန်းထိုးထားပြီး စတော်ဘယ်ရီ ဒါမှမဟုတ် ဗနီလာအနံ့လေး သင်းနေတတ်ပါတယ်။ ICE ကတော့ ဖြူဖြူကြည်ကြည် မှန်ကွဲစလေးတွေ၊ ရေခဲတုံးလေးတွေနဲ့ တူပါတယ်။

ဒီလိုမျိုး အသွင်အပြင်၊ ဈေးနှုန်းနဲ့ သုံးစွဲတဲ့ လူတန်းစား ကွာခြားပေမယ့် တကယ်တမ်း ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့အခါ သူတို့နှစ်ကောင်ရဲ့ သရုပ်မှန်က တစ်ခုတည်းပါပဲ။ အဲဒါကတော့ “မက်သာဖက်တမင်း (Methamphetamine)” ဆိုတဲ့ ဓာတုပစ္စည်း မျိုးနွယ်စုပါပဲ။

လွယ်လွယ်ပြောရရင် WY ဆိုတာ Methamphetamine ကို ကဖင်းဓာတ်တွေ၊ အရောင်တင်ဆေးတွေ၊ အနံ့တွေနဲ့ ရောကြိတ်ထားတဲ့ ‘အဆင့်နိမ့်’ ဆေးပြားဖြစ်ပြီး၊ ICE ကတော့ အဲဒီ Methamphetamine ကိုပဲ အခြားအရာတွေ မရောနှောတော့ဘဲ ၉၀ ရာခိုင်နှုန်းကျော်အထိ သန့်စင်အောင် အဆီအနှစ်ထုတ်ထားတဲ့ ‘အဆင့်မြင့်’ ပုံဆောင်ခဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ မက်သာဖက်တမင်းဆိုတဲ့အကောင်က မနေ့တစ်နေ့ကမှ ပေါ်လာတာတော့ မဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဟစ်တလာရဲ့ နာဇီတပ်သားတွေ နေ့ရောညပါ မအိပ်ဘဲ တိုက်ပွဲဝင်နိုင်ဖို့၊ ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ဓာတ်တွေ ဝင်လာဖို့ Pervitin ဆိုတဲ့ နာမည်နဲ့ တရားဝင် တိုက်ကျွေးခဲ့တဲ့ စစ်သုံးမူးယစ်ဆေးဝါး ဖြစ်ပါတယ်။ အခုလက်ရှိ မင်းအောင်လှိုင်စစ်တပ်က လက်ရဲဇာတ်ရဲရှိနေတာဟာလည်း အဲဒါတွေ သုံးနေကြလို့ပါ။

စစ်ကြီးပြီးသွားတဲ့အခါမှာတော့ ဒီဆေးရဲ့ ကြောက်ခမန်းလိလိ ဆိုးကျိုးတွေကို သိပ္ပံပညာရှင်တွေ တွေ့ရှိသွားပြီး တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ သို့သော်လည်း တရားမဝင် မှောင်ခိုလောကကနေတစ်ဆင့် ပုံစံမျိုးစုံနဲ့ လူ့အဖွဲ့အစည်းထဲကို စိမ့်ဝင်လာခဲ့တာ ယနေ့အချိန်အထိပါပဲ။
…
…

ဒါဆိုရင် ဒီဆေးတွေ ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့အခါ ဘာတွေဖြစ်သွားလဲဆိုတာ နားလည်ဖို့ ကျွန်တော်တို့ ဦးနှောက်ထဲက “ဒိုပါမင်း” ဆိုတဲ့ ဟော်မုန်းအကြောင်းကို အရင်သိဖို့ လိုပါတယ်။ ဒိုပါမင်းဆိုတာ လူတစ်ယောက်ကို တက်ကြွစေတယ်၊ ပျော်ရွှင်စေတယ်၊ လုပ်ချင်ကိုင်ချင်စိတ်တွေကို ဖြစ်ပေါ်စေတဲ့ သဘာဝ Reward System တစ်ခုပါ။

သာမန်လူတစ်ယောက် အရသာရှိတဲ့ အစားအစာတစ်ခုကို စားလိုက်ရချိန်၊ စာမေးပွဲအောင်ချိန်၊ ချစ်တဲ့သူနဲ့ အတူရှိနေချိန်တွေမှာ ဦးနှောက်က ဒိုပါမင်းလေးတွေကို ပမာဏအနည်းငယ် စိမ့်ထွက်လာစေပြီး လူကို ကျေနပ်ပျော်ရွှင် ပီတိဖြစ်စေပါတယ်။

ဒါပေမယ့် WY သို့မဟုတ် ICE သုံးလိုက်တဲ့အခါ မက်သာဖက်တမင်း ဓာတ်တွေဟာ ဦးနှောက်ထဲကို စက္ကန့်ပိုင်းအတွင်း ဝင်ရောက်သွားပြီး ဦးနှောက်ဆဲလ်တွေထဲမှာ လှောင်အောင်းထားတဲ့ ဒိုပါမင်းတွေကို အမြောက်အများ အတင်းကာရော ညှစ်ထုတ်ပစ်လိုက်ပါတော့တယ်။

သိပ္ပံနည်းကျ တိုင်းတာချက်တွေအရ သာမန်အချိန်မှာ ထွက်တဲ့ ဒိုပါမင်းပမာဏထက် အဆပေါင်း (၁၀) ဆ ကနေ (၁၂) ဆအထိကို ရုတ်တရက် ထွက်လာစေတာပါ။ ပိုဆိုးတာက ထွက်လာတဲ့ ဒိုပါမင်းတွေကို ဦးနှောက်က သဘာဝအတိုင်း ပြန်လည်စုပ်ယူမယ့် လုပ်ငန်းစဉ်ကိုပါ ဒီဆေးက ပိတ်ဆို့ပစ်လိုက်ပါတယ်။ ဒါကြောင့် ဦးနှောက်တစ်ခုလုံးဟာ ဒိုပါမင်းရဲ့ လွှမ်းမိုးထိန်းချုပ်မှုအောက် ရောက်သွားပြီး သုံးစွဲသူဟာ လက်တွေ့ဘဝမှာ ဘယ်တော့မှ မရနိုင်တဲ့၊ တစ်ခါမှ မကြုံဖူးတဲ့ အလွန်အမင်း သာယာကျေနပ်မှုကို ချက်ချင်း ခံစားလိုက်ရပါတယ်။

အဲဒီလို ဒိုပါမင်းတွေ အဆမတန် ထွက်လာတဲ့အတွက် ဆေးအရှိန်တက်လာချိန်မှာ သုံးစွဲသူဟာ သူ့ကိုယ်သူ စူပါဟီးရိုး တစ်ယောက်လို ခံစားရပါတယ်။ လုံးဝ မပင်ပန်းတော့ဘူး၊ အိပ်လည်း မအိပ်ချင်တော့ဘူး၊ ဗိုက်လည်း မဆာတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ အဆမတန် မြင့်တက်လာပြီး အတွေးတွေ မြန်လာမယ်၊ စကားတွေ တရစပ် ပြောလာပါတော့တယ်။ အလုပ်သမားတွေဆိုရင်လည်း ညမအိပ်ဘဲ အလုပ်တွေကို နှစ်ဆ၊ သုံးဆ လုပ်နိုင်သွားတယ်လို့ ထင်ယောင်ထင်မှား ဖြစ်သွားပါတယ်။

တကယ်တော့ ဒါဟာ ခွန်အားတွေ တိုးလာတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ထဲမှာ အရေးပေါ်အခြေအနေမှာ သုံးဖို့ သိုလှောင်ထားတဲ့ “အရန်စွမ်းအင်” တွေကို ဆေးက အတင်းအဓမ္မ ကြိုထုတ်သုံးနေတာပါ။ ဒီလို အရန်စွမ်းအင်တွေ အတင်းသုံးနေတဲ့ အတွက် ကြောင့် လူဟာ အိပ်မပျော်နိုင်တော့ပါဘူး။ ပုံမှန်အားဖြင့် အိပ်စက်ခြင်းဆိုတာ ဦးနှောက်ထဲက အဆိပ်အတောက်တွေကို ရှင်းလင်းပေးတဲ့ သဘာဝရဲ့ ဆေးကြောခြင်း လုပ်ငန်းစဉ်ပါ။ ဒါပေမယ့် ဆေးရှိန်ကြောင့် နှစ်ရက်၊ သုံးရက်လောက် မအိပ်ဘဲ နေလိုက်တဲ့အခါ ဦးနှောက်ထဲမှာ အဆိပ်အတောက်တွေ ပြည့်နှက် ပိတ်ဆို့လာပြီး အာရုံကြောဆဲလ်တွေရဲ့ လုပ်ဆောင်မှုတွေ စတင်ပျက်စီးလာပါတော့တယ်။

ဘယ်အရာမဆို အတက်ရှိရင် အကျရှိစမြဲပါ။ ဆေးအရှိန် (၄) နာရီကနေ (၁၂) နာရီလောက် ကြာပြီးနောက်မှာတော့ ခန္ဓာကိုယ်က ကြိုသုံးထားတဲ့ စွမ်းအင်တွေအတွက် အတိုးရောအရင်းပါ ပြန်လည်ပေးဆပ်ရမယ့် အချိန် ရောက်လာပါပြီ။

အကြောင်းကတော့ မက်သာဖက်တမင်းက အတင်းအဓမ္မ ထုတ်ထားလို့ ဦးနှောက်ထဲမှာ သဘာဝအတိုင်း ထွက်လာရမယ့် ဒိုပါမင်းတွေ လုံးဝ မထွက်တော့လို့ပါပဲ။

  • ဆေးအရှိန်လည်း ပြယ်သွားရော သုံးစွဲသူဟာ လုံးဝကို အရုပ်ကြိုးပြတ် ဖြစ်သွားပါတော့တယ်။
  • ဘဝကြီးတစ်ခုလုံး အမှောင်ကျသွားသလို ခံစားရမယ်။
  • ဘယ်လိုနေနေ မပျော်နိုင်လောက်အောင် အပြင်းအထန် စိတ်ဓာတ်ကျလာမယ်။
  • အသားထဲ အရိုးထဲကစပြီး စိမ့်ပြီး နာကျင်ကိုက်ခဲလာမယ်။
  • အလွန်အမင်း ဒေါသထွက်လွယ်ပြီး ဘေးနားက လူတွေကို အကြောင်းမဲ့ ရန်ရှာချင်လာမယ်။
  • ပိုဆိုးတာက အဲဒီလို ခံစားရတဲ့ ဝေဒနာက အရမ်းကို ပြင်းထန်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်တွေအထိ ပေါ်လာတတ်ပါတယ်။

အဲဒီအခါမှာ ဒီ ဆင်းရဲဒုက္ခကြီးကနေ လွတ်မြောက်ဖို့ သူတို့ သိထားတဲ့ တစ်ခုတည်းသော ထွက်ပေါက်ကတော့ “နောက်ထပ် ဆေးတစ်ပြား၊ နောက်ထပ် တစ်ခါ ရှူဖို့” ပါပဲ။ ဒါဟာ မက်သာဖက်တမင်းက လူသားတွေကို ဘဝပျက်တဲ့အထိ စွဲလမ်းသွားအောင် ဖမ်းစားလိုက်တဲ့ အဖြစ်အပျက်ပါပဲ။

ဒီဆေးဟာ ဦးနှောက်ကို ဖျက်ဆီးရုံတင် မကပါဘူး။ ဆက်လက်သုံးစွဲလာတဲ့အခါ လပိုင်းအတွင်းမှာတင် လူကို လူနဲ့ မတူတော့အောင်ထိ ရုပ်ပိုင်းဆိုင်ရာအရပါ ဖျက်ဆီးပစ်ဦးမှာပါ။

(ရုပ်ပိုင်းဆိုင်ရာ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ပျက်စီးယိုယွင်းသွားလဲ ဆိုတာကို အပိုင်း ၂ မှာ ဆက်လက် ဖော်ပြပေးသွားပါမယ်။)

စေတနာဖြင့်
အဓိပတိ

References: 📚
https://pmc.ncbi.nlm.nih.gov/articles/PMC10306040/

https://pmc.ncbi.nlm.nih.gov/articles/PMC8640306

https://pubmed.ncbi.nlm.nih.gov/22849208

https://time.com/5752114/nazi-military-drugs

https://pmc.ncbi.nlm.nih.gov/articles/PMC2413312

https://nida.nih.gov/publications/research-reports/methamphetamine/what-are-immediate-short-term-effects-methamphetamine-abuse

https://pmc.ncbi.nlm.nih.gov/articles/PMC8664889

https://pmc.ncbi.nlm.nih.gov/articles/PMC12881116/

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

…

…

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here