မကြာသေးမီက ထုတ်ပြန်ချက်များအရ အားကောင်းသော အယ်လ်နီညို (El Niño) ဖြစ်စဉ်ကြောင့် အပူချိန် လွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် အစွန်းရောက် ရာသီဥတု ဖြစ်စဉ်များ ကြုံတွေ့ရနိုင်ပါတယ်။
ဒီလို ခြောက်သွေ့ပူပြင်းတဲ့ ကာလမှာ အပူဒဏ်ကြောင့်ဖြစ်တတ်တဲ့ ရောဂါများနဲ့ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဖြစ်တတ်တဲ့ ရောဂါများ အန္တရာယ် ပိုမိုမြင့်မားလာတာကြောင့် သတိထားဖို့ လိုအပ်လာပါတယ်။
…
အယ်လ်နီညို ကာလအတွင်း သတိထားရမည့် ရောဂါများ
၁။ ပူပြင်းခြောက်သွေ့မှုကြောင့် ဖြစ်ပွားတတ်သည့် ရောဂါများ
အပူလျှပ်ခြင်းနှင့် အပူလွန်ကဲခြင်း – နေ့အပူချိန် လွန်ကဲမှုကြောင့် ခန္ဓာကိုယ် အပူချိန် မြင့်တက်ပြီး သတိလစ်ခြင်း၊ မူးဝေခြင်းကနေ အသက်အန္တရာယ်အထိ ဖြစ်နိုင်ပါသည်။
ရေဓာတ် ခန်းခြောက်ခြင်း – ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်အတွင်း ရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရှုံး လျော့နည်းသွားခြင်း။
အသက်ရှူလမ်းကြောင်း ပြဿနာများ – ပူပြင်းခြောက်သွေ့ပြီး ဖုန်မှုန့်များခြင်းကြောင့် ရင်ကျပ်ခြင်း၊ ဓာတ်မတည့်ဘဲ ချောင်းဆိုးခြင်းနှင့် နှာစေးခြင်း။
အရေပြား ပြဿနာများ – နေလောင်ခြင်း (Sunburn)၊ အပူဖုများထခြင်းနှင့် အရေပြား ခြောက်သွေ့ ယားယံခြင်း။
.
၂။ ရေမှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများ
မိုးခေါင်ရေရှားနိုင်သော အချို့သော ဒေသများတွင် သောက်သုံးရေသန့်ရှင်းမှု နည်းပါးခြင်းနှင့် ရေလှောင်ကန်များ မသန့်ရှင်းခြင်းတို့ကြောင့် ပိုမို ဖြစ်ပွားလွယ်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောနှင့် ဝမ်းကိုက်ရောဂါ – မသန့်ရှင်းသော ရေနှင့် အစားအသောက်များမှတစ်ဆင့် ဝမ်းရောဂါများ ဖြစ်ပွားခြင်း။
ကာလဝမ်းရောဂါ – ပိုးမွှားပါဝင်သော ရေကို သောက်သုံးမိရာမှ ပြင်းထန်စွာ ဝမ်းပျက်/အန်ခြင်း။
တိုင်ဖွိုက် အဖျားရောဂါ – မသန့်ရှင်းသည့် သောက်ရေနှင့် အစာမှတစ်ဆင့် တိုင်ဖွိုက်ပိုး ကူးစက်ခြင်း။
အသည်းရောင် အဝါရောဂါ A နှင့် E – မသန့်စင်သော ရေနှင့် အစားအစာများမှတစ်ဆင့် အသည်းရောင် ကူးစက်ရောဂါ ဖြစ်ပွားခြင်း။
…
…
ဆောင်ရန်များ
ကျိုချက်ထားသော ရေကိုသာ သောက်ပါ – ရေရှားပါးချိန်တွင် ရေမသန့်ရှင်းမှု အန္တရာယ်မှ ကင်းဝေးစေရန် ရေကို ဆူပွက်အောင် ကျိုချက်ပြီးမှ သောက်သုံးပါ။
ရေနှင့် ဓာတ်ဆားရည် မှန်မှန်သောက်ပါ – အပူဒဏ်ကြောင့် ရေဓာတ်မခန်းခြောက်စေရန် အပြင်ထွက်ချိန်တွင် ရေဘူးဆောင်ထားပါ၊ ဓာတ်ဆားရည် မှန်မှန် သောက်ပေးပါ။
အာဟာရဖြစ်အောင် စားသုံးပါ – ဗီတာမင်ဓာတ် ကြွယ်ဝသည့် သစ်သီးဝလံများ၊ ရေဓာတ်ပါဝင်မှုများသည့် ဟင်းသီးဟင်းရွက်များကို စားသုံးပါ။ ထမင်းဟင်းများကို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသုံးပါ။
တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ – အစားမစားမီနှင့် အိမ်သာမှအထွက်တွင် လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောပါ။
နေပူဒဏ်မှ ကာကွယ်ပါ – အပြင်ထွက်ပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန် သုံးပါ။ အင်္ကျီလက်ရှည် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ပါ။
ဖုန်မှုန့်များမှ ကာကွယ်ပါ – ပူပြင်းခြောက်သွေ့မှုကြောင့် အသက်ရှူလမ်းကြောင်း ဓာတ်မတည့်ခြင်းနှင့် အရေပြား နေလောင်ခြင်းများမှ ကာကွယ်ရန် နေ့လယ်နေ့ခင်း အပူချိန်ပြင်းထန်ချိန် အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) သုံးပါ။
…
ရှောင်ရန်များ
မသန့်ရှင်းသော ရေနှင့် မကျိုချက်ထားသော ရေကို လုံးဝ မသောက်ပါနှင့်။
မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအတွင်း နေပူထဲ အချိန်အကြာကြီး နေခြင်းနှင့် အပြင်းအထန် လှုပ်ရှားခြင်းများကို ရှောင်ကြဉ်ပါ။
ယင်မနားအောင် ဖုံးအုပ်မထားသည့် အစားအသောက်များနှင့် လမ်းဘေး မသန့်ရှင်းသော မုန့်များကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်စေသည့် အရက်၊ ဘီယာနှင့် ကော်ဖီ လွန်ကဲစွာ သောက်သုံးခြင်းကို လျှော့ချပါ။
အယ်လ်နီညိုကာလမှာ ကျန်းမာရေးထိခိုက်မှု နည်းပါးစေဖို့အတွက် သန့်ရှင်းသော သောက်သုံးရေ သုံးစွဲခြင်းနှင့် အပူဒဏ် ကာကွယ်ခြင်းတို့ကို သတိထား လိုက်နာကြဖို့ လိုအပ်ပါတယ်။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

