“အရေပြားအောက်မှာ ပိုးကောင်တွေ တရွရွသွားနေတယ်လို့ ခံစားရပြီး သွေးထွက်တဲ့အထိ ကုတ်ဖဲ့နေတတ်ကြတဲ့ လူတွေကို မြင်ဖူးပါသလား။”

လူကို လူနဲ့မတူအောင် ဖျက်ဆီးမယ့် အကောင် (WY နဲ့ ICE အကြောင်း) – အပိုင်း (၂)

ဒီဆေးဟာ ဦးနှောက်ကို ဖျက်ဆီးရုံတင် မကပါဘူး။ ရေရှည်သုံးစွဲလာတဲ့အခါမှာတော့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာပါတယ်။

ဆေးပညာရှင်တွေက မက်သာဖက်တမင်း (WY, ICE) ကို လူခန္ဓာကိုယ်ကို အလျင်မြန်ဆုံး ယိုယွင်းပျက်စီးစေတဲ့ မူးယစ်ဆေးအဖြစ် သတ်မှတ်ထားပါတယ်။ ကျန်းမာသန်စွမ်းတဲ့ လူငယ်တစ်ယောက်ဟာ ဒီဆေးကို စွဲစွဲမြဲမြဲ သုံးစွဲလိုက်တဲ့အခါ လပိုင်းအတွင်းမှာတင် ရှိရင်းစွဲအသက်ထက် အများကြီး ပိုပြီး အိုစာသွားတတ်ပါတယ်။ ဘာကြောင့် ဒီလို အလျင်မြန်ဆုံး ယိုယွင်းရတာလဲဆိုတဲ့ အကြောင်းရင်းတွေကို ဆက်ကြည့်ရအောင်။

မက်သာဖက်တမင်းကို ချက်လုပ်တဲ့နေရာမှာ သဘာဝကုန်ကြမ်းတွေထက် ဓာတုပစ္စည်းတွေကို အဓိက အသုံးပြုရပါတယ်။ ဥပမာ – လစ်သီယမ် (ဘက်ထရီတွင်သုံးသော ဓာတ်)၊ အန်ဟိုက်ဒရတ် အမိုးနီးယား (မြေသြဇာနှင့် သန့်စင်ဆေးရည်များတွင်ပါဝင်သည်) နဲ့ ဆာလဖျူရစ်အက်စစ် စတဲ့ ပြင်းထန်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။

ဒီဆေးကို ခဲပတ်ပေါ်တင် မီးရှို့ပြီးဖြစ်စေ၊ ဖန်ပိုက်နဲ့ဖြစ်စေ အငွေ့ရှူသွင်းလိုက်တဲ့အခါ အဲဒီ ဓာတုအငွေ့တွေဟာ ခံတွင်း၊ အာခေါင်နဲ့ အသက်ရှူလမ်းကြောင်း တစ်လျှောက်က နူးညံ့တဲ့ ဆဲလ်တွေကို တိုက်ရိုက် ထိခိုက်ပျက်စီးစေပါတယ်။

WY နဲ့ ICE သုံးစွဲသူတွေကို အလွယ်ဆုံး ခွဲခြားသိနိုင်တဲ့ လက္ခဏာကတော့ သူတို့ရဲ့ ခံတွင်းနဲ့ သွားတွေပါပဲ။ ဆေးပညာအရ “Meth Mouth” လို့ သတ်မှတ်ထားတဲ့ ဒီအခြေအနေမှာ သွားတွေ အရောင်ပြောင်း ဆွေးမြည့်လာပြီး အရင်းကနေ ကျိုးကျလာတတ်ပါတယ်။ အဲလို ဘာလို့ ဖြစ်ရသလဲဆိုတဲ့ အဓိက အကြောင်းရင်း (၃) ခု ရှိပါတယ်။

  • တံတွေး ခန်းခြောက်ခြင်း
    လူတွေရဲ့ ခံတွင်းထဲမှာရှိတဲ့ တံတွေးဟာ သွားတွေကို ပိုးမစားအောင် ကာကွယ်ပေးတဲ့ သဘာဝ အကာအကွယ်ပါ။ မက်သာဖက်တမင်း သုံးစွဲလိုက်တဲ့အခါ တံတွေးဂလင်းတွေ ပုံမှန်အလုပ်မလုပ်တော့ဘဲ ခံတွင်းခြောက်ကပ်သွားပါတယ်။ အကာအကွယ် မရှိတော့တဲ့ သွားတွေကို ဘက်တီးရီးယားတွေက အလွယ်တကူ ဖျက်ဆီးပစ်ပါတော့တယ်။
  • ဓာတုအက်စစ်များ
    ဆေးငွေ့တွေမှာ ပါဝင်တဲ့ အက်စစ်ဓာတ်တွေဟာ သွားရဲ့ အမာခံကြွေလွှာတွေကို တိုက်ရိုက် စားပစ်နိုင်ပါတယ်။
  • သွားကြိတ်ခြင်း
    ဆေးအရှိန်ကြောင့် အာရုံကြောတွေ တင်းမာပြီး မျက်နှာကြွက်သားတွေကြောင့် သွားတွေကို ကြိတ်မိတတ်ပါတယ်။ အက်စစ်စားလို့ ဆွေးမြည့်နေတဲ့ သွားတွေဟာ အဲဒီလို ကြိတ်လိုက်တဲ့ ဒဏ်ကြောင့် အလွယ်တကူပဲ ကျိုးပဲ့ကုန်ပါတော့တယ်။

နောက်ထပ်အနေနဲ့ ICE နဲ့ WY သုံးစွဲသူတွေ ခံစားရတဲ့ အဆိုးရွားဆုံးနဲ့ အကြောက်စရာအကောင်းဆုံး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတော့ အရေပြားအောက်မှာ ပိုးကောင်လေးတွေ ရွစိရွစိ သွားနေတယ်လို့ ထင်လာတာပါပဲ။ ဆေးကို အလွန်အကျွံ သုံးလာတဲ့အခါ ဗဟိုအာရုံကြောစနစ် ထိခိုက်သွားပြီး ဦးနှောက်ရဲ့ အာရုံခံစားမှု အချက်ပြစနစ်တွေဟာ ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်ကြတော့ပါဘူး။

အကျိုးဆက်အနေနဲ့ ဆေးသုံးစွဲသူဟာ သူတို့ရဲ့ အရေပြားအောက်မှာ သေးငယ်တဲ့ ပိုးကောင်လေးတွေ၊ တီကောင်လေးတွေ တရွရွ တွားသွားနေတယ်လို့ အစစ်အမှန်လိုကို ခံစားရပါတယ်။ ဒါကို ဆေးပညာအရ “Formication” လို့ ခေါ်ပါတယ်။ ဒီအာရုံနောက်မှုကို မခံစားနိုင်တဲ့အခါ အရေပြားကို လက်သည်းတွေ၊ ချွန်ထက်တဲ့ အရာတွေနဲ့ သွေးထွက်တဲ့အထိ ပြင်းပြင်းထန်ထန် ကုတ်ဖဲ့မိကြပါတယ်။ ဒါကြောင့် သုံးစွဲသူအများစုရဲ့ မျက်နှာနဲ့ လက်မောင်းတွေမှာ အနာဖေးတွေ၊ ပြည်တည်အနာတွေ အမြဲရှိနေတတ်ပါတယ်။

မက်သာဖက်တမင်းဟာ အစာစားချင်စိတ်ကို သိသိသာသာ လျော့ကျစေပါတယ်။ ဆေးအရှိန်နဲ့ ရက်နဲ့ချီပြီး အစာမစားဘဲ နေမိတဲ့အခါ ခန္ဓာကိုယ်က အသက်ရှင်ဖို့ လိုအပ်တဲ့ စွမ်းအင်အတွက် သိုလှောင်ထားတဲ့ အဆီတွေနဲ့ ကြွက်သားတွေကို ဖြိုခွဲသုံးစွဲရပါတယ်။

ဒါကြောင့် လပိုင်းအတွင်းမှာပဲ ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းသွားပါတယ်။ ဆေးကြောင့် သွေးကြောတွေ ကျုံ့သွားတဲ့အတွက် အရေပြားဆီ သွေးလှည့်ပတ်မှု နည်းသွားပြီး အရေပြားတွေ ပျော့တွဲလာတာ၊ မျက်လုံးတွေ ချိုင့်ဝင်ပြီး ပါးရိုးတွေ ငေါထွက်လာတာမျိုးတွေလည်း ဖြစ်လာပါတယ်။

ဒီလို ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေဟာ မြင်သာတဲ့ ဆိုးကျိုးတွေ သက်သက်သာ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးနှောက်ရဲ့ ဟော်မုန်းစနစ် လုံးဝ ထိခိုက်သွားတဲ့အခါ အပြင်မှာ တကယ်မရှိတဲ့ အရာတွေကို မြင်လာ၊ ကြားလာရပြီး ကိုယ့်မိသားစုဝင်တွေကိုတောင် ရန်သူလို ထင်မှတ်လာတဲ့ “စိတ်ကစဉ့်ကလျားဖြစ်ခြင်း” ဆိုတဲ့ အန္တရာယ်အရှိဆုံး အဆင့်ကို ရောက်လာပါတော့တယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ ဆိုးရွားသလဲ ဆိုတာကိုတော့ (အပိုင်း – ၃) မှာ ဆက်လက် ဖော်ပြပေးသွားပါမယ်။

စေတနာဖြင့်
အဓိပတိ

References : 📚
https://pmc.ncbi.nlm.nih.gov/articles/PMC8092307/

https://www.mouthhealthy.org/all-topics-a-z/meth-mouth

https://addicta.com.tr/article/download/98/160/209

https://pmc.ncbi.nlm.nih.gov/articles/PMC12716873

https://pmc.ncbi.nlm.nih.gov/articles/PMC8016377

https://pmc.ncbi.nlm.nih.gov/articles/PMC3135731

https://www.env.nm.gov/wp-content/uploads/sites/12/2019/10/List_of_Hazardous_Chemicals_in_CDLs.pdf

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

…

…

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here