“ဆရာဝန်ကို ဘယ်လိုပြောရမလဲ မသိဘူး။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေ၊ ဝေဒနာတွေကို ထုတ်ပြောရတာ ရှက်စရာကြီးလို့ ထင်လို့ လျှို့ဝှက်ထားလိုက်တယ်။ ဆေးခန်းမပြတော့ဘူး၊ သူ့ဟာသူ ပျောက်မှာပါ” ဆိုတဲ့ အတွေးကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးပြဿနာတွေကို တိတ်တဆိတ် ကြိတ်မှိတ်ခံစားနေပါသလား။”

လူ့ဘဝ၊ လူ့ခန္ဓာဆိုတာ အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဆရာဝန်ရှေ့မှာ ထုတ်ပြောဖို့ အားနာစရာကောင်းတယ်၊ တခြားသူတွေသိသွားရင် ရှက်စရာကောင်းတယ်လို့ ထင်ရတဲ့ ဝေဒနာတွေက လူတိုင်းမှာ ဖြစ်တတ်ကြပါတယ်။
…

🍀 စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ

စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများနဲ့ ပတ်သက်ပြီး လူတော်တော်များများက စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်လွန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း စတဲ့ ဝေဒနာများကို ကိုယ့်ရဲ့ စိတ်ဓာတ်ပျော့ညံ့မှုကြောင့် သို့မဟုတ် စိတ်မခိုင်လို့ ဖြစ်ရတာလို့ မှားယွင်းစွာ အထင်လွဲလေ့ရှိကြပါတယ်။ အမှန်တော့ စိတ်ကျန်းမာရေး ဝေဒနာတွေဆိုတာ စိတ်ကြံ့ခိုင်မှုနဲ့ မသက်ဆိုင်ဘဲ ဦးနှောက်တွင်း ဓာတ်ပစ္စည်းများ အပြောင်းအလဲနဲ့ ပတ်ဝန်းကျင် ဖိစီးမှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ဒီလို စိတ်ကျန်းမာရေး အခြေအနေတွေကို ရှက်ရွံ့ပြီး ဆေးခန်းမပြ၊ ကုသမှုမခံယူဘဲ လျှို့ဝှက်ထားပါက နာတာရှည် စိတ်ကျရောဂါဖြစ်ခြင်း၊ လူမှုရေးနှင့် အလုပ်အကိုင် ဘဝတစ်ခုလုံး ပျက်စီးခြင်း၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ရောဂါများ ပိုမိုဆိုးရွားလာခြင်းနဲ့ နောက်ဆုံး မိမိကိုယ်ကိုယ် ထိခိုက်စေသည်အထိ အန္တရာယ်ရှိနိုင်တဲ့အတွက် မရှက်မကြောက်ဘဲ အကူအညီတောင်းခံဖို့ လိုအပ်ပါတယ်။
.

🍀 သားဖွားမီးယပ်ဆိုင်ရာ ပြဿနာများ

အမျိုးသမီးများမှာ ဟော်မုန်းပြောင်းလဲမှု၊ ပြင်းထန်သော စိတ်ဖိစီးမှု၊ အာဟာရပြည့်ဝစွာ မစားဖြစ်ခြင်းနှင့် နေ့စဉ်စားသောက်နေထိုင်မှု ပုံစံမမှန်ခြင်းတို့ကြောင့် ရာသီလာချိန်တွင် ပုံမှန်ထက် ကျော်လွန်၍ နာကျင်ကိုက်ခဲခြင်း၊ ရက်လွန်ခြင်း သို့မဟုတ် တစ်လအတွင်း နှစ်ကြိမ်ဆင်းခြင်း စသည့် ရာသီစက်ဝန်း မမှန်ခြင်းနှင့် ရာသီလာစဉ် ပြင်းထန်စွာ ကိုက်ခဲခြင်းများကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။ ရာသီစက်ဝန်းမမှန်တာနဲ့ ပြင်းထန်စွာကိုက်ခဲတာတွေကို ဆေးခန်းပြပြီး စနစ်တကျ မကုသဘဲ ပစ်ထားမယ်ဆိုရင် နောက်ပိုင်းမှာ သားအိမ်နဲ့ ဟော်မုန်းဆိုင်ရာ ထိခိုက်မှုတွေအပြင် နာတာရှည် ဝေဒနာတစ်ခုအနေနဲ့ပါ ခံစားရနိုင်ပါတယ်။

နောက်တစ်ခုကတော့ အမျိုးသမီးများ မိန်းမကိုယ်မှ မှိုပိုးဝင်ခြင်း၊ ဘက်တီးရီးယားကြောင့် ယားယံခြင်းနှင့် မမှန်မကန်ဆင်းသည့် အဖြူဆင်းခြင်းကဲ့သို့သော တစ်ကိုယ်ရေကျန်းမာရေးဆိုင်ရာ ဝေဒနာများကိုလည်း မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ လူအများက မိန်းမကိုယ် အဖြူဆင်းခြင်း သို့မဟုတ် ရာသီမမှန်ခြင်းကို “အမျိုးသမီးတိုင်း ဖြစ်နေကျပဲ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းလို့ ဖြစ်တာ” လို့ အထင်လွဲကာ ရှက်တတ်ကြပါတယ်။ သို့သော် ဒီလိုပြဿနာများကို ပုံမှန်စစ်ဆေးမှု မခံယူဘဲ လျစ်လျူရှုထားပါက ပိုးဝင်ခြင်းဟာ သားအိမ်ခေါင်းနှင့် တင်ပါးဆုံတွင်း အင်္ဂါများဆီသို့ ကူးစက်ကာ နာတာရှည် တင်ပါးဆုံတွင်း ရောင်ရမ်းခြင်း (PID)၊ သားအိမ်အပြင်ဘက် သန္ဓေတည်ခြင်းနှင့် နောက်ပိုင်းတွင် သားသမီးရရှိနိုင်စွမ်းကိုပါ သက်ရောက် ထိခိုက်စေနိုင်ပါတယ်။
.

🍀 ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများ

ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်တဲ့ ဆီးမထိန်းနိုင်ခြင်း၊ ဆီးသွားစဉ် ဆီးပူဆီးကျင်ခြင်း၊ ဆီးအောင့်ခြင်းနှင့် ဆီးခဏခဏသွားခြင်းတို့သည် ရေအလုံအလောက် မသောက်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးအောင့်ထားခြင်းနှင့် အသက်အရွယ်ရလာ၍ ကြွက်သားများ အားနည်းခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ လူအများက ဆီးမထိန်းနိုင်ခြင်း သို့မဟုတ် ဆီးအောင့်ခြင်းကို “အသက်ကြီးလာရင် ဒါမှမဟုတ် ရေနည်းနည်း သောက်လိုက်ရင် အလိုလို ပျောက်သွားမည့် အသေးအဖွဲ” ဟု မှားယွင်းစွာ ထင်တတ်ကြပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို အချိန်မီ ဆေးခန်းမပြဘဲ ထားပါက ရောဂါပိုးဟာ ဆီးအိမ်မှတစ်ဆင့် ကျောက်ကပ်သို့ ကူးစက်သွားကာ ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်းနှင့် ပြင်းထန်သော သွေးထဲ ပိုးဝင်ခြင်းများအထိ ဒုက္ခပေးနိုင်သည့်အပြင် ဆီးမထိန်းနိုင်သည့် ဝေဒနာသည်လည်း ကုသမှုမခံယူပါက လူမှုဘဝမှာပါ သိမ်ငယ်ကာ သီးသန့်ခွဲထွက်သွားရသည်အထိ ဆိုးရွားနိုင်ပါတယ်။
.

🍀 အရေပြားရောဂါများ

အရေပြားရောဂါများကိုလည်း လူအများက “မသန့်ရှင်းလို့၊ ကူးစက်တတ်တဲ့ ရောဂါမို့လို့” ဟု မှားယွင်းစွာ ထင်မြင်လေ့ရှိကြပါတယ်။ ဒါကြောင့် လူနာများမှာ အထင်သေးမှာ စိုးထိတ်ကြပြီး အရေပြားအထူးကုနှင့် မတိုင်ပင်ဘဲ မိမိသဘောဖြင့် ကြုံရာလိမ်းဆေးများ၊ စတီးရွိုက် (Steroid) ပါသော ခရင်မ်များကို လျှောက်လိမ်းတတ်ကြပါတယ်။ ဒီလို ဆေးခန်းမပြဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေဝယ်လိမ်းတာက အရေပြား ပါးသွားခြင်း၊ ပိုမိုပြင်းထန်သော အရေပြား ပိုးဝင်ခြင်းများနှင့် နာတာရှည် အရေပြားပျက်စီးခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
.

🍀 လိင်ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ (STI)

လိင်ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ (STI)၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို စိုးရိမ်ပူပန်မှု ရှိနေသူများကို လူအများက “အမူအကျင့် မကောင်းသူများ” ဟု တံဆိပ်ကပ် အထင်လွဲကြသောကြောင့် လူနာအများစုမှာ တိတ်တဆိတ် ဖုံးကွယ်ထားတတ်ကြပါတယ်။ ဒီလိုရောဂါများကို ပွင့်လင်းစွာ မဆွေးနွေးဘဲ ဆေးခန်းမပြဘဲထားပါက နာတာရှည် မျိုးပွားအင်္ဂါ ရောင်ရမ်းခြင်း၊ လိင်အင်္ဂါ ပျက်စီးခြင်း၊ အိမ်ထောင်ဘက်ထံသို့ ရောဂါကူးစက်ခြင်းနှင့် နာတာရှည် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ ကြုံတွေ့ရနိုင်ပါတယ်။
.

🍀 အစာလမ်းကြောင်းဆိုင်ရာ ပြဿနာများ

အစာလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်တဲ့ ဝမ်းချုပ်ခြင်းနှင့် လိပ်ခေါင်းရောဂါကြောင့် စအိုမှ သွေးပါခြင်းကို “အစပ်စားလို့ ဖြစ်တာ၊ ဘာမှ မဟုတ်ဘူး၊ ရှက်စရာကြီး လိပ်ခေါင်းရောဂါလို့ ပြောရမှာ” ဟု တွေးကာ သာမန်ကာလျှံကာ ဆေးခန်းမပြဘဲ ကြိတ်မှိတ် ခံစားနေပါက ဝမ်းချုပ်ရာမှ လိပ်ခေါင်းရင့်လာပြီး အသားစ ထွက်ကျလာခြင်း၊ သွေးထွက်လွန်၍ သွေးအားနည်းခြင်းများ ဖြစ်လာနိုင်သည့်အပြင် ဗိုက်အောင့် ဝမ်းပျက်ခြင်းများသည်လည်း အူလမ်းကြောင်း ရောင်ရမ်းမှု သို့မဟုတ် အခြား အဓိက အစာလမ်းကြောင်း ရောဂါများ၏ အစပျိုးလက္ခဏာဖြစ်နိုင်သဖြင့် သတိထားဖို့ လိုအပ်ပါတယ်။
…
…

ဒီလို ကျန်းမာရေးပြဿနာတွေဟာ ဘယ်သူ့ကိုမှ ရှက်စရာ၊ ဖုံးကွယ်ထားစရာ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် အချိန်မီ မကုသဘဲ ဝှက်ထားခြင်းကသာ ပြဿနာဖြစ်ပြီး ရောဂါကို ပိုဆိုးစေရုံသာမက စိတ်ပိုင်းဆိုင်ရာပါ အလွန်အမင်း ဖိစီးစေပါတယ်။ ဒါကြောင့် ရှက်စရာကြောက်စရာလို့ သဘောမထားဘဲ ဘယ်လိုကျန်းမာရေးပြဿနာကိုပဲဖြစ်ဖြစ် ဆရာဝန်များနှင့် တိုင်ပင်ပါ၊ ဆွေးနွေးပါ၊ အချိန်မီ ကုသမှု ခံယူပါ။

မိမိရဲ့ ကျန်းမာရေး လျှို့ဝှက်ချက်တွေကို ဆရာ၊ ဆရာမတွေနဲ့ ရှက်စရာမလိုဘဲ စိတ်အေးချမ်းစွာ၊ လွတ်လပ်စွာ ရင်ဖွင့်တိုင်ပင်နိုင်ဖို့ ယုံကြည်စိတ်ချစွာ တယ်လီကျန်းမာ Facebook Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်…။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

…

…

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here