တစ်ခါတလေ ခေါင်းထဲမှာ စဉ်းစားထားတာက တစ်မျိုး၊ ပါးစပ်က ထွက်သွားတာက လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတာမျိုး ကြုံဖူးပါသလား။
ခေါင်းကိုက်လို့ ဆေးခန်းသွားပြီး ဆရာဝန်က ဘာဖြစ်လဲမေးမှ “ဆရာ၊ ကျွန်မ ခေါင်းထဲက ဗိုက်နာလို့ပါ” လို့ ပြောမိတာမျိုး။ ခေါင်းထဲမှာ “ခေါင်းကိုက်တယ်” လို့ စဉ်းစားထားပေမယ့် ပါးစပ်က “ဗိုက်နာတယ်” လို့ ထွက်သွားတာ။ လုပ်ဖော်ကိုင်ဘက်နဲ့ အလုပ်ကိစ္စ ဖုန်းပြောပြီး အဆုံးသတ်ကာနီးမှာ အကျင့်ပါပြီး “ဒါပဲနော် တာ့တာ မွမွ” လို့ လွှတ်ခနဲ ပြောမိတာမျိုး 😂။
ဈေးဝယ်ရင်း ဆိုင်မှာငွေရှင်းနေချိန် အိမ်ကအမေ့ဆီက ဖုန်းဝင်လာတာ မြင်လိုက်ချိန် ဆိုင်ရှင်ကို “ကျေးဇူးပါ အမေ” လို့ ခေါ်မိတာမျိုး။ တစ်ခုခုကို လမ်းညွှန်တဲ့အခါ “ရှေ့က မီးပွိုင့်မှာ ညာဘက်ကွေ့မယ်” လို့ ပြောရင်း လက်က ဘယ်ဖက်ကို ထိုးပြနေတာမျိုးပေါ့။
ဒါတွေက ဟာသဆန်ပေမယ့် လူတိုင်းနီးပါး ကြုံဖူးတဲ့ သဘာဝအလွဲလေးတွေပါ။
.
ဒီလိုဖြစ်ရတာ ဘာကြောင့်လဲ။
ဒီလိုအလွဲလေးတွေဟာ စိတ်ဓာတ်ကျစရာ မဟုတ်သလို ဦးနှောက်ချို့ယွင်းတာလည်း မဟုတ်ပါဘူး။ စိတ်ပညာမှာတော့ “Slip of the tongue” လို့ခေါ်ပြီး ဒါဟာ ဦးနှောက်ရဲ့ ပုံမှန်တုံ့ပြန်မှုတစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
.
ဘာလို့ ဒီလို ဆန့်ကျင်ဘက်တွေ ဖြစ်ရတာလဲ။
🌪️ ဦးနှောက် ပရိုဂရမ် လိုင်းပူးသွားခြင်း
စကားတစ်ခွန်း မပြောခင် ဦးနှောက်က စကားလုံးထောင်ပေါင်းများစွာကို စက္ကန့်ပိုင်းအတွင်း ရှာဖွေရပါတယ်။ စိတ်ထဲမှာ အကြောင်းအရာ ၂-၃ ခု တစ်ပြိုင်နက် ပြေးနေရင် ဦးနှောက်က စကားလုံးအစီအစဉ်ကို မှားယွင်းပေါင်းစပ်ပြီး ပါးစပ်ဆီ ပို့လိုက်တာပါ။
🤯 ပင်ပန်းမှုနှင့် အိပ်ရေးပျက်ခြင်း
ခန္ဓာကိုယ်နဲ့ စိတ်တို့ ပင်ပန်းနေတဲ့အခါ ဦးနှောက်ရဲ့ တိတိကျကျ အာရုံစိုက်နိုင်စွမ်းက အားနည်းနေတတ်ပါတယ်။ အဲဒီအခါ စိတ်ထဲက စကားတွေက ထိန်းချုပ်မရဘဲ လွှတ်ခနဲ ထွက်ကုန်တာပါ။
🌪️ မသိစိတ်ရဲ့ တွန်းအား
မိမိစိတ်ထဲမှာ စိုးရိမ်နေတဲ့အရာ သို့မဟုတ် အရင်က အလေ့အကျင့်ဖြစ်နေတဲ့ စကားလုံးတွေက သတိမမူမိတဲ့ အချိန်မှာ မသိစိတ်ကနေ ဒုန်းခနဲ ထွက်လာတတ်ပါတယ်။
😞 စိတ်လှုပ်ရှားပြီး အားနာလွန်းခြင်း
“ဒီလူကိုတော့ ငါ စကားမမှားအောင် ပြောမှပဲ” လို့ စိတ်ထဲမှာ အထူးသတိထားလေလေ စိတ်ဖိစီးမှုကြောင့် ပိုပြီး ပြောင်းပြန်တွေ ထွက်သွားမိလေလေပါပဲ။
…
…
ဒီလိုအလွဲတွေ နည်းသွားအောင် ဘာလုပ်ကြမလဲ။
👉အသက်ပြင်းပြင်းရှူပြီး ၁ စက္ကန့်လောက် နားပါ။
စကားမပြောခင် ခဏလေး နားလိုက်တာက ဦးနှောက်ကို စကားလုံးပြန်စီဖို့ အချိန်ရစေပါတယ်။
👉အိပ်ရေးဝဝအိပ်ပါ။
အိပ်ချိန်ပြည့်ဝတာဟာ စိတ်ကျန်းမာရေးတင်မကဘဲ ပါးစပ်နဲ့ ဦးနှောက် ချိတ်ဆက်မှုကိုလည်း ပိုမိုမြန်ဆန် တိကျစေပါတယ်။
👉စကားကို ဖြည်းဖြည်းနှင့် ရှင်းရှင်းပြောပါ။
မြန်မြန်ပြောလေလေ ဦးနှောက်က စကားလုံးလိုက်မစီနိုင်ဘဲ လိုင်းပူးလေလေဖြစ်လို့ ပုံမှန်နှုန်းနဲ့ပဲ ပြောပေးပါ။ မလောပါနဲ့။
👉ကိုယ့်ကိုယ်ကိုယ် နားလည်လက်ခံပါ။
စကားလွဲသွားရင် ရှက်ရွံ့ပြီး စိတ်ဓာတ်ကျမသွားပါနဲ့။ “ဆောရီး၊ ဦးနှောက်က ခဏလိုင်းပူးသွားလို့” လို့ ရယ်မောပြီး ပေါ့ပေါ့ပါးပါးလေးပဲ အရွှန်းဖောက်လိုက်ပါ။
.
ဒီလို စကားလွဲတာဟာ ကိုယ်တစ်ယောက်တည်း ဖြစ်တာမဟုတ်ဘဲ ကမ္ဘာပေါ်က လူတိုင်း ကြုံတွေ့နေရတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။
နောက်တစ်ခါ စကားတွေ ဆန့်ကျင်ဘက်ပြောမိရင် ရှက်မနေဘဲ ကိုယ့်ဦးနှောက်လေး အလုပ်နားဖို့ လိုနေပြီဆိုတာ သတိချပ်လိုက်ပါရှင်…။
❤️❤️❤️
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

