“တော်သေးတာပေါ့… ဒီလောက်လေးပဲ ဖြစ်လို့”
“တော်သေးတာပေါ့… ဒီလောက်နဲ့ ပြီးသွားလို့”
“တော်သေးတာပေါ့… ဒါလေး ရှိနေသေးလို့”
ဒုက္ခတစ်ခုခု၊ ဆုံးရှုံးမှုတစ်ခုခုနဲ့ ကြုံရတဲ့အခါ ဘေးနားကနေ စေတနာနဲ့ လာရောက်နှစ်သိမ့်သူတွေဆီကရော ကိုယ်တိုင်ရဲ့ စိတ်ထဲမှာပါ ဒီစကားကို မကြာခဏ သုံးလေ့ရှိကြပါတယ်။
ဒါပေမယ့် ဒီ “တော်သေးတာပေါ့” ဆိုတဲ့ စကားဟာ တကယ်ပဲ ကြားရသူအတွက် သက်သာရာရစေရဲ့လား။
…
…
တချို့အတွက်တော့ အဆိုးဆုံး မဟုတ်သေးဘူးဆိုတဲ့ စိတ်သက်သာရာ ရနိုင်ပေမယ့် တချို့အတွက်တော့ ကိုယ်ကြုံလိုက်ရတဲ့ နာကျင်မှုနဲ့ ဆုံးရှုံးမှုကို ဘာမှ မဟုတ်သလို သေးသိမ်သွားအောင် ချုံ့ပစ်လိုက်သလို ခံစားရတတ်ပါတယ်။
၁။ အပြုသဘောဆောင်တဲ့ နှစ်သိမ့်မှု (Toxic Positivity) နဲ့ စိတ်ဒဏ်ရာ
စိတ်ပညာမှာ Toxic Positivity (အတုအယောင် အပြုသဘောဆောင်ခြင်း) ဆိုတာ ရှိပါတယ်။ တစ်ယောက်ယောက် ဒုက္ခရောက်နေချိန်မှာ ခံစားနေရတဲ့ နာကျင်မှုကို မသိကျိုးကျွံပြုပြီး အကောင်းဘက်ကပဲ ကြည့်စမ်းပါလို့ ဖိအားပေးလိုက်တာမျိုးကို ဆိုလိုတာပါ။
တော်သေးတာပေါ့ ဆိုတဲ့ စကားဟာ ကြားရသူအပေါ် မူတည်ပြီး ရလဒ်နှစ်ခု ထွက်သွားနိုင်ပါတယ်။
❗အခြေအနေကို သက်သာသွားစေသူ
ပိုဆိုးသွားနိုင်တဲ့ အခြေအနေဆီ မရောက်ခဲ့လို့ ခဏတာ စိတ်သက်သာရာ ရသွားတာမျိုးပါ။
❗စိတ်ဒဏ်ရာ ပိုနက်သွားစေသူ
ကိုယ်တကယ် နာကျင်နေရတာကို ဒါ ဘာမှမဟုတ်သေးပါဘူးလို့ အကဲဖြတ်ခံလိုက်ရသလို ခံစားရတာမျိုးပါ။
ဥပမာ – မတော်တဆတစ်ခုခုကြောင့် ခြေထောက်ကျိုးသွားသူကို “တော်သေးတာပေါ့ အသက်မပါသွားလို့” လို့ သွားပြောရင် ကြားရသူစိတ်ထဲမှာ ငါ့အသက် မပါသွားပေမယ့် ငါ့ခြေထောက်ကျိုးသွားတဲ့ နာကျင်မှုနဲ့ ဒုက္ခက ဘာမှမဟုတ်တော့ဘူးလားဆိုတဲ့ ဝမ်းနည်းဒေါသစိတ်မျိုး ဝင်လာတတ်ပါတယ်။
.
၂။ ခံစားချက်ကို အသိအမှတ် မပြုခြင်း (Invalidation)
လူတစ်ယောက်ရဲ့ နာကျင်မှုကို ချက်ချင်း ကုသမပေးနိုင်သေးရင်တောင် သူ့ခံစားချက်ကို အသိအမှတ်ပြုပေးခြင်းက တကယ်အရေးကြီးပါတယ်။
“တော်သေးတာပေါ့” လို့ စကားစလိုက်တာဟာ တစ်ဖက်လူ ဖြစ်ပေါ်နေတဲ့ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှုတွေကို မရှိတော့သလို တွန်းထုတ်လိုက်ရာ ရောက်ပါတယ်။ အကောင်းဘက်ကပဲ ကြည့်ရမယ်ဆိုပြီး ခံစားချက်တွေကို အသိအမှတ်မပြုဘဲ ဖိသိပ်ထားရတဲ့အခါ ကာလရှည် စိတ်ဖိစီးမှုတွေကို ပိုမိုကြီးထွားလာစေနိုင်ပါတယ်။
.
၃။ ဒါဆိုရင် လက်တွေ့မှာ ဘယ်လို အစားထိုး နှစ်သိမ့်ပေးကြမလဲ။
လူတစ်ယောက် ဒုက္ခကြုံနေရချိန်မှာ ငါတို့အနေနဲ့ ပြဿနာကို ချက်ချင်းဖြေရှင်းပေးလိုက်မယ် သို့မဟုတ် အကောင်းမြင်အောင် ချက်ချင်းတွန်းပို့ပေးလိုက်မယ် ဆိုတဲ့စိတ်ကို ခဏလောက် လျှော့ထားဖို့ လိုပါတယ်။
နောက်ပြီး ခုလို လက်တွေ့ကျကျ ပြောဆိုနည်းလေးတွေကို အစားထိုးကြည့်ပါ။
🌼 နာကျင်မှုကို အသိအမှတ်ပြုပေးပါ။
ခံစားချက်ကို မသေးသိမ်စေဘဲ ရှိနေတဲ့ နာကျင်မှုကို အရှိအတိုင်း အသိအမှတ်ပြုပေးတာက အကောင်းဆုံး နှစ်သိမ့်မှုပါ။
“တော်သေးတာပေါ့” ဆိုတာထက် “ဖြစ်သွားတာ စိတ်မကောင်းပါဘူး၊ တော်တော်လေး စိတ်ပင်ပန်းသွားမှာပဲ” လို့ ပြောပေးပါ။
ဥပမာ- ပစ္စည်းတစ်ခုခု ပျောက်သွားသူကို “ဒါလေးပဲ ပါသွားလို့ တော်သေးတာပေါ့” လို့ မပြောဘဲ “နှမြောနေမှာ နားလည်တယ်၊ တကယ် စိတ်မကောင်းပါဘူး” လို့ ဝေ့ဝိုက်မနေဘဲ အရှိအတိုင်း စာနာပေးပါ။
🌼ခံစားချက်ကို ထွက်ပေါက်ပေးပါ။
စိတ်ထဲက ဒေါသနဲ့ ဝမ်းနည်းမှုတွေကို ပိတ်ပင်မထားဘဲ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ပေးလိုက်ပါ။
“ဒီလိုအချိန်မှာ ဝမ်းနည်းတာ/ဒေါသထွက်တာ သဘာဝပါပဲ” လို့ စိတ်ကို လွတ်လပ်ခွင့်ပေးပါ။
🌼 စကားလုံးတွေထက် အဖော်ပြုပေးပါ။
နှစ်သိမ့်စကားတွေ အများကြီးပြောနေတာထက် ဘေးမှာ အမှန်တကယ် ရှိနေပေးခြင်းက ပိုမိုထိရောက်ပါတယ်။
“အဆင်ပြေရဲ့လား၊ ဘာတွေ ဖြစ်သွားတာလဲ” လို့ မေးခွန်းနဲ့ လမ်းဖွင့်ပေးပါ။ ဘာမှ မကူညီနိုင်ရင်တောင် မင်းစကားပြောချင်တဲ့အခါ ငါ နားထောင်ပေးဖို့ အမြဲရှိတယ်ဆိုတဲ့ လုံခြုံမှုမျိုး ပေးပါ။
ဥပမာ။ စကားတွေ အများကြီး လျှောက်ပြောနေမယ့်အစား ရေတစ်ခွက် ခပ်ပေးတာ သို့မဟုတ် ဘေးနားမှာ ငြိမ်ငြိမ်လေးထိုင်ပြီး စိတ်ပါလက်ပါ နားထောင်ပေးပါ။
….
….
“တော်သေးတာပေါ့” ဆိုတဲ့ စကားဟာ ဒီတိုင်းရိုးရိုးရှင်းရှင်း အကောင်းဘက်ကပဲတွေးရင်တော့ နှစ်သိမ့်မှုတစ်ခု ဖြစ်နိုင်ပေမယ့် စိတ်ထိခိုက်နေသူတစ်ယောက်အတွက်တော့ ကိုယ့်ခံစားချက်ကို ငြင်းပယ်ခံရသလို ဖြစ်သွားစေနိုင်ပါတယ်။
အမှန်တကယ် လိုအပ်တာဟာ အပြုသဘောဆောင်တဲ့ စကားလုံးတွေ အများကြီး မဟုတ်ပါဘူး။ သူ့ရဲ့ နာကျင်မှု ပူဆွေးမှုတွေကို ကောက်ချက်မချဘဲ နားထောင်ပေးခြင်းနဲ့ ဘေးမှာ ငြိမ်ငြိမ်လေး ရှိပေးခြင်းကပဲ အထိရောက်ဆုံး နှစ်သိမ့်ပေးနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

