“ဓာတ်ဆားထုပ်နှင့် အလွဲများ”

ဝမ်းလျှောလို့ ဓာတ်ဆားသောက်ပါတယ်ဆိုမှ ဝမ်းကပိုလျှောနေတာလား။ ဒါဆို ဖျော်တာ မှားနေတာ ဖြစ်နိုင်ပါတယ်။

ဓာတ်ဆားဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေနဲ့ အရင်းနှီးဆုံး ဆေးတစ်မျိုးပါ။ အိမ်တိုင်းလိုလိုမှာ ဓာတ်ဆားထုပ်ကလေးတွေ ဆောင်ထားလေ့ ရှိကြပါတယ်။ ဒါပေမယ့် ရေနဲ့ဖျော်သောက်ရုံပဲလို့ လွယ်လွယ်တွေးထားရင်တော့ ဓာတ်ဆားအကြောင်း သိသလိုလိုနဲ့ မသိသေးတာ သေချာပါတယ်။

ပထမဆုံးအလွဲက ဓာတ်ဆားဆိုတာ ဝမ်းပိတ်ဆေး မဟုတ်ဘူး ဆိုတာပါပဲ။ လူတော်တော်များများက ဓာတ်ဆားသောက်လိုက်ရင် ဝမ်းချက်ချင်းရပ်သွားမယ်လို့ ထင်ကြတယ်။ တကယ်တော့ ဓာတ်ဆားရည်ဆိုတာ ပေါက်နေတဲ့ ရေပိုက်ကို အတင်းသွားပိတ်ပေးတဲ့ အဆို့မဟုတ်ပါဘူး။ ဝမ်းသွားတဲ့အခါ ခန္ဓာကိုယ်ထဲကနေ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဆားဓာတ်တွေကို အမြန်ဆုံး ပြန်ဖြည့်ပေးပြီး လူကို သွေးပေါင်ကျပြီး သတိမလစ်သွားအောင်၊ အသက်အန္တရာယ် မဖြစ်အောင် ကာကွယ်ပေးတာသာ ဖြစ်ပါတယ်။ ဝမ်းကတော့ သူ့အကြောင်းတရားကုန်ရင် ရပ်သွားမှာပါပဲ။
.

ဒုတိယအလွဲကတော့ ဓာတ်ဆားတိုင်းဟာ အမျိုးအစားအတူတူ မဟုတ်ဘူး ဆိုတာပါပဲ။

ဈေးထဲသွားပြီး “ဓာတ်ဆားတစ်ထုပ်ပေးပါ” လို့ ဝယ်ရင် ဆိုင်ရှင်က “ဘာဓာတ်ဆားလဲ” လို့ ပြန်မေးပါလိမ့်မယ်။ ဓာတ်ဆားတွေက နာမည်သာ တူတာ၊ အလုပ်လုပ်ပုံချင်း လုံးဝ မတူကြပါဘူး။

၁။ ဆေးရုံသုံး ဓာတ်ဆား
BPI ဓာတ်ဆားလို ဓာတ်ဆားမျိုးတွေပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဖော်မြူလာအတိုင်း ရေနဲ့ ဆားဓာတ် အချိုးအစားကို အတိအကျ ချိန်တွယ်ထုတ်လုပ်ထားတာပါ။ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီဆိုရင် တခြားဘာမှ လျှောက်သောက်ခင် ဒီဓာတ်ဆားကို အရင်ဖျော်သောက်ရမှာပါ။

၂။ အားကစား ဓာတ်ဆား
Royal D လို ဓာတ်ဆားတွေပါ။ သူတို့က အားကစားလုပ်လို့ ဒါမှမဟုတ် နေပူထဲသွားလို့ ချွေးထွက်များပြီး ပင်ပန်းတဲ့အခါ ချက်ချင်းအမောပြေအောင် သကြားဓာတ်ကို ပိုကဲပြီးထည့်ထားတာပါ။ ပြဿနာက ဝမ်းလျှောနေပါတယ်ဆိုမှ အချိုကဲတဲ့ အဲဒီဓာတ်ဆားတွေ သွားသောက်ရင် အူထဲကို ရေတွေပိုဆွဲယူပြီး အိမ်သာထဲကကို ထွက်ရတော့မှာ မဟုတ်ပါဘူး။

၃။ အနံ့ အရသာ ဓာတ်ဆား
Peditral လိုမျိုး လိမ္မော်အရသာ၊ သံပုရာအရသာလေးတွေနဲ့ လာတဲ့ ဓာတ်ဆားတွေပါ။ သောက်ရခက်တဲ့ ကလေးတွေနဲ့ အရသာကြိုက်တဲ့ လူကြီးတွေအတွက် အဆင်ပြေပါတယ်။ ဒီနောက်ပိုင်း WHO က လူကြီးတွေ ဝမ်းလျှောရင်လည်း ကလေးတွေသောက်တဲ့ ဆားဓာတ်အချိုးအစား လျှော့ထားတဲ့ ဓာတ်ဆားကိုပဲ သောက်ဖို့ တိုက်တွန်းလာပါတယ်။
.

တတိယ အလွဲကတော့ အဘိုးအဘွားတွေရဲ့ သောက (သွေးတိုး၊ ဆီးချို ပြဿနာ) ပါပဲ။

ဒါက တော်တော်လေးကို အမေးများတဲ့ ပြဿနာပါ။ ဦးလေးကြီး တစ်ယောက်က ပြောဖူးတယ်။ “ငါ့တူ၊ ဦးလေးက သွေးတိုးရှိတယ်ကွ။ ဓာတ်ဆားဆိုတာ ဆားပါတယ် မဟုတ်လား။ အဲဒါသောက်ရင် သွေးတိုးပြီး ဒုက္ခရောက်မှာပေါ့” တဲ့။ ငပိ၊ ငါးခြောက်၊ ငံပြာရည်တော့ မရှောင်ဘဲနဲ့။

ယုတ္တိရှိသလိုလိုနဲ့ အလွဲကြီး လွဲနေတဲ့ အချက်ပါ။ သာမန်အချိန်မှာ ဆားများများစားရင် သွေးတိုးတာ မှန်ပါတယ်။ ဒါပေမယ့် ဝမ်းလျှောနေတဲ့အချိန်၊ အန်နေတဲ့ အချိန်မှာ ခန္ဓာကိုယ်ထဲက ဆားဓာတ်တွေဟာ အူလမ်းကြောင်းကတစ်ဆင့် အိမ်သာထဲကို သွန်ချနေရတာပါ။ အဲဒီအချိန်မှာ သွေးပေါင်က တက်ဖို့နေနေသာသာ ထိုးကျပြီး အသက်အန္တရာယ်ပါ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးသမား ဝမ်းလျှောရင် ဓာတ်ဆားထဲက ဆားကိုကြောက်ပြီး မသောက်ဘဲ လုံးဝ (လုံးဝ) မနေပါနဲ့။ မဖြစ်မနေ သောက်ပါ။ သွေးပေါင်ချိန်ကိုတော့ ပုံမှန်တိုင်းတာ စောင့်ကြည့်ပေးပေါ့။

(တစ်ခုတော့ ရှိတယ်… သွေးတိုးသမားတွေဟာ ဝမ်းမလျှောဘဲ ရေဆာရုံသက်သက် အားကစားဓာတ်ဆားတွေကို အချိုရည်လို နေ့တိုင်းသောက်တာမျိုးတော့ လုံးဝ မလုပ်သင့်ပါဘူး။)

နောက်တစ်ယောက်က ဆီးချိုသမား။ “ဓာတ်ဆားထဲမှာ သကြားပါတယ်။ ငါ့ဆီးချိုတွေ တက်ကုန်တော့မှာပဲ” ဆိုပြီး စိုးရိမ်ပြန်ရော။ အခုနောက်ပိုင်း ဆီးချိုသမားတွေအတွက် သီးသန့်ထုတ်ထားတဲ့ (Sugar-free ORS) တွေ ဝယ်လို့ရနေပါပြီ။ ဒါပေမယ့် အရေးပေါ် ညကြီးမင်းကြီး ဝမ်းလျှောလို့ အဲဒီဓာတ်ဆား ဝယ်မရရင်တော့ ရိုးရိုး ဆေးရုံသုံးဓာတ်ဆားကို သောက်လိုက်ပါ။ ရေဓာတ်ခန်းခြောက်ပြီး ချက်ချင်း အသက်အန္တရာယ်ဖြစ်မယ့် ကိစ္စကို အရင်ကာကွယ်ရမှာပါ။ ဆီးချို နည်းနည်းတက်သွားတာကို နောက်မှ ဆေးနဲ့ပြန်ထိန်းလို့ ရပါတယ်။ အသက်ရှင်ဖို့က ပထမပါ။
.

စတုတ္ထ အလွဲကတော့ မြန်မာအိမ်ရှင်မတွေစတိုင် ခန့်မှန်းခြေ ဖျော်ခြင်းပါပဲ။

ဓာတ်ဆားဖျော်တာကို ဟင်းချက်သလို အဆင်ပြေသလို မှန်းဖျော်လို့ မရပါဘူး။ အထုပ်မှာ “ရေ တစ်လီတာ (၁၀၀၀ စီစီ) ဖျော်ပါ” လို့ ရေးထားရင် ပုံမှန်ရေသန့်ဘူး တစ်ဘူးစာ အတိအကျ ဖျော်ရပါတယ်။ အချို့က နုံးတာ မြန်မြန်သက်သာအောင် ဝမ်းလျှောနေတာ မြန်မြန်ရပ်အောင်ဆိုပြီး ဓာတ်ဆားတစ်ထုပ်လုံးကို ရေတစ်ဖန်ခွက်တည်းနဲ့ ခပ်ပျစ်ပျစ် ဖျော်သောက်ကြတယ်။ အဲဒီလို ပြင်းအားများသွားရင် အူက မစုပ်ယူနိုင်ဘဲ ဝမ်းပိုသွားတတ်ပါတယ်။ တချို့ကျပြန်တော့လည်း ချွေတာရေးဆိုပြီး ဓာတ်ဆားတစ်ထုပ်ကို ရေတစ်လီတာဘူးနှစ်ဘူး ခွဲဖျော်ပြန်ရော။ ရေများသွားရင်လည်း ဆေးအာနိသင် မပြတော့ပါဘူး။

နောက်ထပ် မှတ်ထားရမယ့် အချက်က ရေသန့် (သို့မဟုတ်) ရေကျက်အေးနဲ့ပဲ ဖျော်ပါ။

ရေနွေးပူပူ၊ နို့၊ သစ်သီးဖျော်ရည်တွေနဲ့ လုံးဝ (လုံးဝ) မဖျော်ရပါဘူး။

ပြီးတော့ ဖျော်ပြီးသား ဓာတ်ဆားကို ၂၄ နာရီအတွင်း အကုန်သောက်ပါ။

မကုန်ရင် နှမြောမနေဘဲ သွန်ပစ်ပြီး အသစ်ပြန်ဖျော်ပါ။ ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး နောက်နေ့ ဆက်သောက်တာမျိုး မလုပ်ပါနဲ့။
.

နောက်ဆုံး အလွဲကတော့ တရုတ်အရက်မော့သလို သောက်ခြင်းပါပဲ။

ရေဆာဆာနဲ့ ဓာတ်ဆားတစ်ခွက်လုံးကို တစ်ကျိုက်တည်း မော့သောက်လိုက်ရင် အပေါ်ကဖြစ်ဖြစ်၊ အောက်ကဖြစ်ဖြစ် ချက်ချင်း ပြန်ထွက်လာပါလိမ့်မယ်။ အထူးသဖြင့် ကလေးတွေကို တိုက်တဲ့အခါ ဇွန်းလေးနဲ့ နည်းနည်းချင်းစီ ခပ်တိုက်ပါ။ လူကြီးဆိုရင်လည်း ဖြည်းဖြည်းချင်း တစ်ငုံချင်း အရသာခံပြီး စုပ်သောက်တာ အကောင်းဆုံးပါ။
…
…

ကဲ… ဒီလောက်ဆိုရင် ဓာတ်ဆားတစ်ထုပ်ရဲ့ နောက်ကွယ်က အလွဲတွေကို မြင်လောက်ပြီ ထင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောဆိုတာ ဘယ်အချိန် ကိုယ့်ဆီ ရောက်လာမလဲ မသိနိုင်တာမို့ မိသားစုတိုင်းရဲ့ အိမ်မှာ ဆေးရုံသုံး ဓာတ်ဆားအထုပ်လေးတွေ အမြဲဆောင်ထားဖို့ မမေ့ကြပါနဲ့။ အရေးအကြီးဆုံးကတော့ ဓာတ်ဆားသောက်နေတဲ့ကြားကနေ ဆီးမသွားတော့တာ၊ တအားမှိန်းလာတာ၊ သွေးဝမ်းသွားတာမျိုးတွေ ဖြစ်လာရင်တော့ ဓာတ်ဆားကိုချည်း အားကိုးမနေဘဲ နီးစပ်ရာ ဆရာဝန်ဆီသာ အပြေးလေး သွားလိုက်ကြပါတော့လို့ သတိပေးပါရစေ။

ဓာတ်ဆားထုပ်နဲ့ ပတ်သက်လို့ မေးမြန်းချင်တာလေးတွေရှိရင် Comment မှာဖြစ်ဖြစ်၊ Messenger မှာဖြစ်ဖြစ် မေးမြန်းလို့ ရပါတယ်နော်။

Reference –
https://pubmed.ncbi.nlm.nih.gov/11451782/
https://www.who.int/publications/i/item/WHO_FCH_CAH_04.7
https://www.aafp.org/afp/2017/1201/p700
https://pubmed.ncbi.nlm.nih.gov/15245700/

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

…

…

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here