အကယ်၍ အမျိုးသားတစ်ယောက်က သူ့မိသားစု ဒါမှမဟုတ် အပေါင်းအသင်းတွေရှေ့မှာ “ငါ စိတ်ဓာတ်ကျနေတယ်” သို့မဟုတ် “ငါ မခံနိုင်တော့ဘူး၊ လက်လျှော့လိုက်ချင်ပြီ” လို့ ဖွင့်ပြောလိုက်ရင် တစ်ဖက်ကနေ ဘယ်လို စကားမျိုးတွေ ပြန်ကြားရမယ်လို့ ထင်ပါသလဲ။
“မင်း ဘာဖြစ်နေတာလဲ၊ ရူးနေပြီလား”၊ “ယောက်ျားတစ်ယောက်ဖြစ်ပြီး ဒါလေးတောင် မခံနိုင်ဘူးလား၊ ငါတုန်းက ဒီထက်ပိုဆိုးတာတွေတောင် ကြုံခဲ့တာ” ဆိုတဲ့ တုံ့ပြန်မှုတွေနဲ့ပဲ ပထမဆုံး ရင်ဆိုင်ရလေ့ရှိပါတယ်။
ဒီလို နားလည်မှုမရှိတဲ့ စကားတွေဟာ အဲဒီအမျိုးသားရဲ့ စိတ်တံခါးကို တန်းပြီး ပိတ်ပစ်လိုက်သလိုပါပဲ။ နောက်တစ်ကြိမ် ဘာပြဿနာပဲကြုံကြုံ၊ ဘယ်လောက်ပဲ စိတ်ပင်ပန်းနေပါစေ၊ ဘယ်သူ့ကိုမှ မပြောဝံ့တော့တဲ့အထိပေါ့။
ဒီလို အမျိုးသားနဲ့ စိတ်ကျန်းမာရေးအကြောင်း ပြောကြရင် အများစုက “ယောက်ျားတွေလည်း ငိုလို့ရတယ်” ဆိုတဲ့ စကားကိုပဲ ထပ်ခါတလဲလဲ ပြောနေတတ်ကြတယ်။ ဒါပေမယ့် တကယ့်ပြဿနာရဲ့ အရင်းအမြစ်က အမျိုးသားတွေ သူတို့ရဲ့ စိတ်ကျန်းမာရေးအကြောင်း မပြောတာဟာ သူတို့က အားနည်းတဲ့ ယောက်ျား ဖြစ်နေလို့ မဟုတ်ပါဘူး။ ပြောပြလိုက်ရင် နားလည်ခံရမှာ မဟုတ်ဘဲ ပိုပြီးကဲ့ရဲ့ခံရ၊ နာကျင်ရမှာကိုကြောက်လို့ မပြောဖြစ်တာပါ။
မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသားဆိုတာ မွေးရာပါ ဘုန်းတွေ ကံတွေ ရှိရမယ်၊ သန်မာရမယ်၊ ခွန်အားရှိရမယ်၊ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ရမယ်ဆိုတဲ့ အယူအဆက ရိုက်သွင်းခံခဲ့ရတာပါ။ ခေတ်အဆက်ဆက်မှာလည်း ဒီအယူအဆကို ယောက်ျားကောင်းတစ်ယောက်ရဲ့ စံနှုန်းအဖြစ် ပုံသွင်းရင်း “ငိုတာဟာ အားနည်းတာ”၊ “ခံစားချက်ပြတာ မိန်းမဆန်တာ” ဆိုတဲ့ အတွေးတွေကို သွတ်သွင်းခဲ့ကြတယ်။ ရလဒ်ကတော့ အမျိုးသားအများစုဟာ စိတ်ဒဏ်ရာတွေကို မထုတ်ပြတော့ဘဲ ရင်ထဲမှာပဲ မျိုသိပ်ထားကြတော့တာပါပဲ။
စစ်တမ်းတစ်ခုမှာဆိုရင် ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောခဲ့ဖူးတဲ့ အမျိုးသား ၄၀ ရာခိုင်နှုန်းကျော်ဟာ ပြောပြီးတဲ့အခါ နောင်တရခဲ့တယ် လို့ ဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ခံစားချက်ကို ဖွင့်ပြောလိုက်ချိန်မှာ အသိအမှတ်ပြုခံရတာထက် လှောင်ပြောင်ခံရတာ၊ လေးစားမှု လျော့နည်းသွားတာနဲ့ နားမလည်ဘဲ ဝေဖန်ခံရတာတွေကိုပဲ ပြန်ရခဲ့လို့ပါတဲ့။
နောက်တစ်ခုက အမျိုးသားတွေ စိတ်ဓာတ်ကျတဲ့အခါ အမျိုးသမီးတွေလို ဝမ်းနည်းတယ်၊ ငိုချင်တယ်ဆိုတဲ့ လက္ခဏာမျိုး အပြင်ကို တိုက်ရိုက်မပြတတ်ကြပါဘူး။ လူ့အဖွဲ့အစည်းက ခွင့်မပြုတဲ့အတွက် စိတ်ခံစားချက်ကို ဖိနှိပ်ထားရင်း လက္ခဏာတွေက ပုံစံပြောင်းသွားတာမျိုးပါ။
ဥပမာ။ ပုံမှန်မဟုတ်ဘဲ ရုတ်တရက် ဒေါသထွက်လွယ်တာ၊ စိတ်တိုတာ၊ အရက်နဲ့ မူးယစ်ဆေး အလွန်အကျွံ သောက်လာတာ၊ အလုပ်ကို ရူးရူးမူးမူး လုပ်တာ ဒါမှမဟုတ် ကားကို အန္တရာယ်များအောင် မောင်းတာမျိုးတွေ ပေါ်ထွက်လာတတ်ပါတယ်။
ဒါကို လူတွေက “စိတ်ကြီးတဲ့သူ” သို့မဟုတ် “အရက်သမားပဲ” လို့ပဲ အလွယ်တကူ တံဆိပ်ကပ်လိုက်ကြပြီး အောက်ခြေမှာ ရှိနေတဲ့ စိတ်ကျန်းမာရေး ပြဿနာကို မမြင်ကြတော့ပါဘူး။ ဒီလိုနဲ့ တဖြည်းဖြည်း ခံစားရတာတွေကို ချိုးနှိမ်ထားရင်း အဆိုးရွားဆုံးအခြေအနေ ရောက်တဲ့အခါ၊ မကိုင်တွယ်နိုင်တော့တဲ့အခါ မိမိကိုယ်ကို အဆုံးစီရင်တဲ့အထိ ဖြစ်ကုန်ကြပါတယ်။
စာရင်းအချက်အလက်တွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် သေကြောင်းကြံမှုကြောင့် သေဆုံးနှုန်း ၄ ဆ ပိုများနေတာ တွေ့ရပါတယ်။ အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ အတွေးရှိတာကို အပြင်ကို ထုတ်မပြောတတ်ကြသလို အတွေးဝင်လာရင်လည်း ပိုပြီး ပြတ်ပြတ်သားသား လုပ်ဆောင်တတ်ကြလို့ အသက်ဆုံးရှုံးမှု ပိုများရတာပါတဲ့။
ဒီအခြေအနေကို ပြောင်းလဲဖို့ဆိုရင် အမျိုးသားတွေချည်းပဲတော့ ကြိုးစားလို့ မရပါဘူး။ ထုတ်ပြောပါ၊ ဖွင့်ပြောပါလို့ ဆော်ဩနေရုံနဲ့လည်း မပြီးပါဘူး။ မိသားစု၊ မိတ်ဆွေနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ တုံ့ပြန်မှုတွေကိုပါ ပြောင်းလဲမှ ရပါမယ်။
မိသားစုထဲမှာ သားဖြစ်သူ ဒါမှမဟုတ် ခင်ပွန်းဖြစ်သူက “စိတ်ညစ်နေတယ်” လို့ ပြောလာရင် ဘာမှမဟုတ်ပါဘူး၊ ယောက်ျားပဲ အေးဆေးပေါ့ လို့ ပယ်မချဘဲ စိတ်အေးအေးနဲ့ နားထောင်ပေးပါ။
သူတို့ ငိုချင်ရင် ငိုပါစေ။ မျက်ရည်ကျတိုင်း အားနည်းလို့မှ မဟုတ်တာ။
ဆေးရုံ၊ ဆေးခန်းသွားပြီး စိတ်ကျန်းမာရေးအတွက် အကူအညီယူတာကိုလည်း အရှက်ရစရာကိစ္စလို့ မမြင်ပါနဲ့။
သူငယ်ချင်းတွေအကြားမှာလည်း ပုံမှန်မဟုတ်တဲ့ အပြုအမူပြနေတဲ့ သူငယ်ချင်းကို “အဆင်ပြေရဲ့လား” လို့ မေးပါ။ ပထမတစ်ကြိမ် မေးရင် “အဆင်ပြေပါတယ်” လို့ပဲ ဖြေပါလိမ့်မယ်။ ဒုတိယအကြိမ် စိတ်ရင်းမှန်နဲ့ ထပ်မေးပေးတဲ့အခါ ဖြည်းဖြည်းချင်း သူတို့စိတ်တံခါးဟာ ပွင့်လာမှာပါ။
နောက်ပြီး အလျင်စလို အကြံပေးတာထက် “ငါ မင်းဘေးမှာ ရှိတယ်၊ နားထောင်ပေးမယ်” ဆိုတဲ့ အသိပေးမှုမျိုးက ပိုပြီး အားဖြစ်စေပါတယ်။
…
…
နိဂုံးချုပ်အနေနဲ့ ပြောရရင် အမျိုးသားတွေ စိတ်ကျန်းမာရေးအကြောင်း မပြောတာဟာ ခံစားချက်မရှိလို့ မဟုတ်ပါဘူး။ ဖွင့်ပြောလိုက်ရင် နားလည်မခံရဘဲ အရှက်ရမှာ ကြောက်လို့ပါ။
ဘယ်သူမဆို အကူအညီလိုလို့ အကူအညီတောင်းတာဟာ အားနည်းတာ မဟုတ်ပါဘူး။ ဒါဟာ မိမိကိုယ်ကိုယ်ရော ကိုယ့်မိသားစုကိုပါ တာဝန်ယူရဲတဲ့ ရဲရင့်တဲ့ ရွေးချယ်မှုသာ ဖြစ်ပါတယ်…။
❤️❤️❤️
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

