နွေရာသီအပူဒဏ်တွေကို နာတာရှည်ရောဂါတွေအတွက် ဆေးသောက်နေရတဲ့ လူနာတွေ၊ အသက်ကြီးတဲ့သူတွေ၊ သွေးတိုးဆီးချိုလိုမျိုး ရောဂါရှိသူတွေမှာ ပိုခံရနိုင်တာ သိပြီးသားဖြစ်ကြမှာပါ။
အခုဆောင်းပါးမှာတော့ ဘယ်လိုဆေးတွေ သောက်နေရတဲ့သူတွေဆို ပိုသတိထားရမလဲကို အသေးစိတ်ပြောပြချင်ပါတယ်။
…
…
ဆေးတွေအားလုံးနီးပါးက အပူနဲ့ တိုက်ရိုက်မထိတွေ့ရအောင် ထားရပါတယ်။ ကားထဲမှာထားတာတို့ဆိုရင် အရမ်းကို အပူချိန်များနိုင်လို့ ဆေးအာနိသင် ပြယ်နိုင်ပါတယ်။ တချို့ဆေးတွေဆို အလင်းရောင်ကို အထိမခံပါဘူး။ ဒါကြောင့် ဗီတာမင်စီပါတဲ့ ဆေးဘူးတွေဟာ အညိုရောင်သုတ်ထားတာမျိုးတွေ သတိထားမိကြမှာပါ။
တချို့ဆေးတွေဆိုရင်လည်း အင်ဆူလင်လို ထိုးရတဲ့ဆေးတွေဟာ ရေခဲသေတ္တာအောက်ထပ်လို 4°C လောက်မှာ ထားရပါတယ်။ ရေခဲသေတ္တာတံခါးလို အအေးဓာတ်မငြိမ်တဲ့နေရာမှာ မထားရပါဘူး။ ပြင်ပ အပူချိန်မှာဆို ရက်အနည်းငယ်ဆိုတာနဲ့ အာနိသင်ပြယ်သွားပါတယ်။
မီးမမှန်တဲ့ ကျွန်မတို့ တိုင်းပြည်မှာတော့ အင်ဆူလင်ထိုးနေရတဲ့ လူနာတွေဘဝဟာ မလွယ်ကူနေပါဘူး။ ဒါအတွက် စဉ့်အိုး မြေအိုးလို အေးမြတဲ့အိုးကို အကြီးတစ်အိုး၊ အသေးတစ်အိုး ယူဖို့လိုပါမယ်။ အိုးသေးထဲဆေးထည့်၊ အိုး၂ အိုးကြားထဲ နေရာလွတ်အတွက်တော့ ရေခဲတုံး၊ ရေခဲရေ ထည့်ထားပြီး အပူချိန်ကိုအေးမြအောင် ယာယီထိန်းလို့ ရနိုင်ပါတယ်။ ဒါပေမယ့် အပူချိန် ဘယ်လောက်ဆိုတာ ပုံသေမဖြစ်နိုင်လို့ ယာယီ နည်းစနစ်အနေနဲ့သာ အကြံပေးလိုပါတယ်။
အိမ်မှာ ဆေးတွေထားတဲ့နေရာဟာ အိမ်ရဲ့အအေးဆုံးနေရာ ဖြစ်သင့်ပါတယ်။ အိတ်အမည်းလို အလင်းမဖောက်နိုင်တဲ့အထဲ ထည့်ထားသင့်ပါတယ်။ တကယ်လို့ဆေးတွေက အရောင်ပြောင်းနေတယ်၊ အခဲတွေက ပျော်သလိုဖြစ်နေတယ်၊ ဓာတ်ဆားမှု့န့်လိုမျိုးတွေဆိုရင်လည်း ခဲနေတာမျိုး ဖြစ်နေတယ်ဆိုရင် ရက်မလွန်သေးတောင်မှ မသောက်သင့်တော့ပါဘူး။
…
…
- ဆီးဆေး သောက်နေရတဲ့သူတွေအတွက်
ဆီးဆေးဆိုတာ lasix, furosemide, thiazide တို့ပါ။ ကျောက်ကပ်လူနာများနဲ့ ဆီးများများထွက်ဖို့ လိုအပ်တဲ့ လူနာမျိုးဆို ပေးထားတတ်ပါတယ်။ ဒါ့အပြင် ဆီးသွားများစေတဲ့ (ဆီးချို၊ နှလုံးရောဂါ စတာတွေမှာ ပေးတတ်တဲ့) dapagliflozin, empagliflozin, Jardiance, Canagliflozin တို့လို ဆေးအုပ်စုအပါအဝင် ဆီးဆေး သောက်နေရသူများမှာ ရေဓာတ်ခန်းခြောက်တာ သူများထက်များနိုင်တာ ဂရုပြုရပါမယ်။
.
- ဆီးချိုလူနာတွေဟာ နွေရာသီမှာ ဆီးချိုအတက်အကျ တအားအပြောင်းမြန်ပါတယ်။ ကိုယ်တွင်းက ရေဓာတ်မငြိမ်ရင် ပိုဆိုးပါတယ်။ ဒါကြောင့်အထူးသတိပြုပါ။
. - ဘာမီတွန်အုပ်စုကဲ့သို့ ဓာတ်မတည့်မှုအတွက် ဆေးတွေသောက်နေရရင်
နွေရာသီပေမယ့်လည်း နှာရည်ယိုတာ၊ အအေးမိတာ၊ ယားယံဓာတ်မတည့်တာတွေ ဖြစ်နိုင်တာကိုး။ ဒီအခါ ဘာမီတွန်၊ စီထရင်း စတဲ့ဆေးအုပ်စု သောက်ဖြစ်တယ်ဆိုရင် မိမိရဲ့ချွေးထွက်နိုင်စွမ်းက ကျဆင်းသွားပါတယ်။ နှာရည်နဲ့အတူ ကိုယ်ထဲက အရည်ထွက်နှုန်းတွေကို တားဆီးတဲ့အတွက်ပါ။ ဒါကြောင့် ဒီဆေးတွေသောက်ဖြစ်ရင် ရေပတ်ခဏခဏတိုက်ပေးတာမျိုးနဲ့ အပူလွန်ခြင်းကို တစ်နည်း ကာကွယ်နိုင်ပါတယ်။
.
- သွေးပေါင်ထိန်းဆေး၊ နှလုံးငြိမ်ဆေးများ
Metoprolol, Propranolol စတဲ့ beta blocker ဆိုတဲ့ နှလုံးငြိမ်ဆေးအုပ်စုဟာ အရေပြားပေါ်ကို သွေးရောက်နည်းစေတာကြောင့် ချွေးထွက်နည်းစေနိုင်ပါတယ်။ ရေလည်းသိပ်ငတ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မိမိက နှလုံးဆေးတွေသောက်နေရရင် ရေကို ခဏခဏသောက်ပေးတာ၊ ဆီးသွားသလောက် ဆီးဖျော့အောင်ကြည့်သောက်တာ၊ မိမိဆရာ၀န်ကို တိုင်ပင်တာမျိုးတွေလုပ်ပြီး ရေများများသောက်ပါ။ ချွေးအတုထွက်အောင် ရေပတ် မကြာမကြာသုတ်ပေးပါ။ သွေးပေါင်ကိုလည်း ငြိမ်အောင်ထိန််းပါနော်။
.
- စိတ်ငြိမ်ဆေးများ
ADHD မှာပေးတဲ့ Adderall, Ritalin စတာတွေကလည်း ကိုယ်တွင်း အပူချိန်မြင့်တက်စေပြီး နှလုံးခုန်များစေပါတယ်။ ဒီတော့ ရေဓာတ်ဆုံးရှုံးတာ များနိုင်လို့ ပြန်လည်ဖြည့်တင်းဖို့ မမေ့ပါနဲ့။
.
- စိတ်ကျဆေးနှင့် အာရုံကြောဆေးများ
ဒီဆေးတွေဟာ ဦးနှောက်ကို ထိန်းညှိပေးတာကြောင့် အပူဓာတ်ကို ထိန်းညှိပေးတဲ့ ဦးနှောက်ရဲ့ sensor တွေ၊ အာရုံခံတွေအပေါ် သက်ရောက်မှုရှိပါတယ်။ သူများထက် ချွေးပိုထွက်နိုင်ပါတယ်။ အရည်ဓာတ်ကို ပြန်လည်ဖြည့်တင်းပါ။
.
- ဆေးကြောင့် နေပူလောင်တာ ပိုဖြစ်စေတဲ့ ဆေးတွေရှိပါတယ်။ ၀က်ခြံဆေးတွေ အများစုပေါ့။ Doxycycline, tetracycline, retinoid တို့နဲ့အတူ floxacin ဆေးအုပ်စု၊ NSAID အုပ်စု၊ ibuprofen တို့လိုတွေက ခါတိုင်းထက် နေရောင်ခြည်ကို ခန္ဓာကိုယ်က တုံ့ပြန်အောင် လုပ်နိုင်ပါတယ်။ ဒီဆေးတွေသောက်ရင်တော့ နေကာခရင်မ်ကောင်းကောင်းလိမ်းတာ၊ အပူထဲကပြန်လာရင်လည်း ရှားစောင်းလက်ပတ် ပြန်လိမ်းတာမျိုး လုပ်သင့်ပါတယ်။
အပူဖုတွေ ပေါက်လာရင် calamine ပါတာမျိုး လိမ်းနိုင်ပါတယ်။ သဘာ၀နည်းကတော့ သနပ်ခါးစစ် လိမ်းလို့ရပါတယ်။ ရှားစောင်းလက်ပတ် ခရင်မ်လို အေးမြတာတွေလည်း လိမ်းနိုင်ပါတယ်။ ဒါပေမယ့် ယားယံတာ မသက်သာဘူး၊ အနာဖြစ်လာတယ်၊ ပြည်ထွက်တယ်၊ တစ်ခုခုစိတ်မချရင် နီးစပ်ရာ ဆေးရုံဆေးခန်းကို ချက်ချင်း ပြသပေးပါနော်။ (တယ်လီကျန်းမာမှာ လာပြလို့လည်း ရပါတယ်)
နွေရာသီအပူဒဏ် အံတု၍ ရွှင်လန်းချမ်းမြေ့ကြပါစေ…။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


