Ambiguous Loss (မရေရာသော ဆုံးရှုံးမှု) ဆိုတာ ဘာလဲ။

ချစ်ခင်ရသူတစ်ဦးဦး ဆုံးရှုံးသွားရသလို ခံစားရပေမယ့် အဲဒီဆုံးရှုံးမှုက ထင်ထင်ရှားရှားမရှိဘဲ ဝေခွဲမရ၊ ရေရေရာရာ မရှိဖြစ်နေတဲ့ စိတ်ဒဏ်ရာမျိုးကို Ambiguous Loss လို့ ခေါ်ပါတယ်။

နားလည်လွယ်အောင် ရှင်းပြရရင် တစ်စုံတစ်ယောက် သေဆုံးသွားတာ သေချာရင် ကျန်ရစ်သူမှာ ငိုကြွေးခြင်း၊ နာကျင်ခြင်း၊ ပြီးရင် လက်ခံပြီးရှေ့ဆက်ခြင်းဆိုတဲ့ ဖြစ်စဉ်အတိုင်း သွားလို့ရပေမယ့် Ambiguous loss မှာတော့ ဇာတ်သိမ်း (Closure) မရှိတဲ့အတွက် စိတ်ပိုင်းဆိုင်ရာအရ အလွန်ပင်ပန်းရပါတယ်။

ဒီအသုံးအနှုန်းကို မိသားစုကုထုံးပညာရှင် ဒေါက်တာ Pauline Boss က စတင်သုံးနှုန်းခဲ့တာဖြစ်ပြီး ပုံမှန်ဝမ်းနည်းပူဆွေးမှုတွေနဲ့ မတူပါဘူးတဲ့။

၁။ Ambiguous Loss အမျိုးအစား (၂) မျိုး

Ambiguous loss ကို အဓိကအားဖြင့် အောက်ပါပုံစံ (၂) မျိုး ခွဲခြားနိုင်ပါတယ်။

(က) ရုပ်ပိုင်းအရ မရှိတော့ပေမယ့် စိတ်ပိုင်းအရ ရှိနေခြင်း (Physically Absent but Psychologically Present)

လူက ကိုယ့်အနားမှာ မရှိတော့ပေမယ့် စိတ်ထဲမှာတော့ ရှိနေဆဲ၊ မျှော်လင့်နေဆဲ အခြေအနေမျိုးပါ။
ဥပမာ – စစ်ပွဲ သို့မဟုတ် သဘာဝဘေးအန္တရာယ်ကြောင့် ပျောက်ဆုံးနေသူများ၊ ပြန်ပေးဆွဲခံရသူများ၊ ပင်လယ်ပြင်မှာ ပျောက်ဆုံးသွားသူများ။

သူတို့ သေသွားပြီလား၊ တစ်နေရာမှာ ရှင်နေသေးလား မသိရတဲ့အတွက် မိသားစုဝင်တွေဟာ ဝမ်းနည်းရမလို၊ မျှော်လင့်ရမလိုနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုကို ခံရတတ်ပါတယ်။
.

(ခ) ရုပ်ပိုင်းအရ ရှိနေပေမယ့် စိတ်ပိုင်းအရ မရှိတော့ခြင်း (Psychologically Absent but Physically Present)

လူကတော့ ကိုယ့်အရှေ့မှာ၊ ကိုယ့်အနားမှာ ရှိနေပေမယ့် သူတို့ရဲ့စိတ်၊ မူလပင်ကိုယ်စရိုက် ဒါမှမဟုတ် အသိဉာဏ်က ကိုယ်နဲ့အတူ မရှိတော့တဲ့ အခြေအနေမျိုးပါ။
ဥပမာ – အယ်လ်ဇိုင်းမား (သတိမေ့ရောဂါ) ခံစားနေရသူများ၊ ဦးနှောက်ထိခိုက်ပြီး မလှုပ်ရှားနိုင် ကိုမာဖြစ်နေသူများ (Coma)၊ စိတ်ကျန်းမာရေး ပြင်းထန်စွာ ဝေဒနာခံစားနေရသူများ သို့မဟုတ် မူးယစ်ဆေး အပြင်းအထန် စွဲနေသူများ။

ကိုယ်ချစ်ရတဲ့သူရဲ့ ရုပ်ခန္ဓာကို မြင်နေရပေမယ့် အရင်က ကိုယ်သိခဲ့တဲ့သူ မဟုတ်တော့တဲ့အတွက် အနားမှာရှိနေလျက်နဲ့ ဆုံးရှုံးလိုက်ရသလို ခံစားရတာမျိုး ဖြစ်ပါတယ်။

၂။ ဘာကြောင့် ပိုပြီး ခံစားရခက်တာလဲ။
(ဒါဟာ ဘယ်လောက်အထိ ပင်ပန်းရသလဲ)

ဒီမရေရာတဲ့ ဆုံးရှုံးမှုဟာ လူတစ်ယောက်ရဲ့ စိတ်အခြေအနေကို တိတ်တဆိတ်နဲ့ အချိန်အကြာကြီး ဖျက်ဆီးပစ်နိုင်တဲ့အထိ ပြင်းထန်ပါတယ်။

ပုံမှန်ဆုံးရှုံးမှုတွေထက် Ambiguous Loss က ပိုပြီး စိတ်ပင်ပန်းရတဲ့ အဓိကအချက်ကတော့ “ဇာတ်သိမ်း (Closure)” မရှိခြင်းကြောင့် ဖြစ်ပါတယ်။

ပုံမှန်သေဆုံးခြင်းမျိုးမှာ နာရေးလုပ်တာ၊ မြေမြှုပ်တာ၊ ဂူသွင်းတာ၊ မီးသင်္ဂြိုဟ်တာ စတဲ့ လူမှုရေးထုံးစံတွေအရ ငိုလိုက်ရရင် ပြီးသွားတယ်ဆိုတဲ့ ခံစားချက်မျိုး ရှိနိုင်ပြီး စိတ်ကို ဒဏ်ရာကုစားဖို့ အချိန်ယူလို့ရပါတယ်။

ဒါပေမယ့် မရေရာတဲ့ ဆုံးရှုံးမှုမှာတော့ ဆာလောင်မွတ်သိပ်နေတဲ့ သံသရာထဲ ပိတ်မိနေသလိုပါပဲ။ လူက အမြဲတမ်း စိုးရိမ်သောက (Hypervigilance) ဖြစ်နေရပြီး စောင့်ဆိုင်းခြင်းဆိုတဲ့ စိတ်ဒဏ်ရာကို နေ့စဉ်ရက်ဆက် ခံစားရပါတယ်။

အဆိုးဆုံးကတော့ ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို ဘယ်လိုနှစ်သိမ့်ရမှန်းမသိ၊ ကိုယ်တိုင်လည်း ဝမ်းနည်းကြောင်း လူသိရှင်ကြား ပြသခွင့်မရှိသလို ဖြစ်နေတတ်တာပါပဲ။

ပတ်ဝန်းကျင်ကပါ ကိုယ့်ရဲ့ ဝမ်းနည်းမှုကို အသိအမှတ်မပြုပေးတဲ့အခါ (ဥပမာ- လူက အနည်းဆုံးတော့ အသက်ရှင်နေတာပဲ ဘာလို့ ဝမ်းနည်းနေတာလဲလို့ အပြောခံရတဲ့အခါ) ခံစားချက်ကို မျိုသိပ်ထားရလို့ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ဒဏ်ရာတွေကို ဖြစ်စေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာသာမက ကိုယ်ခန္ဓာပါ နာကျင်ကိုက်ခဲတာ၊ အိပ်ရာမဝင်နိုင် အိပ်မပျော်တာနဲ့ ခုခံအားကျတာတွေအထိ ဖြစ်လာစေပါတယ်။

၃။ Ambiguous Loss ကြောင့် ခံစားရလေ့ရှိတဲ့ လက္ခဏာများ (Symptoms)

ဒီလိုဆုံးရှုံးမှုမျိုး ကြုံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ရိုလာကိုစတာ စီးနေရသလို ခံစားချက်တွေ အမြဲ အတက်အကျ ဖြစ်နေတတ်ပြီး အောက်ပါလက္ခဏာတွေ ပြတတ်ပါတယ်။

  • မျှော်လင့်ချက်နှင့် စိတ်ပျက်ခြင်းက သံသရာလည်နေခြင်း (Frozen Grief)

“တစ်နေ့တော့ ပြန်ကောင်းလာမှာပါ” ဒါမှမဟုတ် “တစ်နေ့တော့ ပြန်ပေါ်လာမှာပါ” ဆိုတဲ့ မျှော်လင့်ချက် စိတ်ကူးကြောင့် ဝမ်းနည်းပူဆွေးမှုဖြစ်စဉ်က ရှေ့မတိုးသာ နောက်မဆုတ်သာ တန့်နေတတ်ပါတယ်။
.

  • အပြစ်ရှိသလို ခံစားရခြင်း (Guilt)

“ငါ တစ်ခုခုများ မှားလုပ်မိလို့လား”၊ “ငါ ပိုကြည့်ရှု စောင့်ရှောက်ပေးခဲ့သင့်တာ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်သလို တစ်ခါတလေ စိတ်ပင်ပန်းလွန်းလို့ “ဒီဒုက္ခကနေ အမြန်ဆုံး ဇာတ်သိမ်းသွားရင် ကောင်းမှာပဲ” လို့ တွေးမိတဲ့အခါမျိုးမှာလည်း အပြစ်ရှိစိတ် ပိုဝင်လာတတ်ပါတယ်။
.

  • ဆုံးဖြတ်ချက် မချနိုင်ခြင်း (Decision Paralysis)

ဥပမာ – ပျောက်ဆုံးနေသူရဲ့ ပစ္စည်းတွေကို သိမ်းရမလား၊ ဒီအတိုင်း ထားရမလား။

နေမကောင်းတဲ့သူအတွက် အာမခံငွေကိစ္စတွေ၊ ရှေ့ဆက်ရမယ့် ဘဝအစီအစဉ်တွေကို ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ အလွန်ခက်ခဲနေတတ်ပါတယ်။
.

  • အထီးကျန်ခြင်းနှင့် ပတ်ဝန်းကျင်ကို ရှောင်ဖယ်ခြင်း

မိမိခံစားချက်ကို ဘယ်သူမှ နားမလည်နိုင်ဘူးလို့ တွေးမိတဲ့အခါ လူမှုပတ်ဝန်းကျင်ကနေ အလိုလိုရုန်းထွက်မိပြီး အထီးကျန်ဆန်သွားတတ်ပါတယ်။

၄။ ဘယ်လိုလူတွေမှာ ပိုပြီး အဖြစ်များသလဲ။

ဒီလို အခြေအနေမျိုးကို လူတိုင်း ကြုံတွေ့ရနိုင်ပေမယ့် အောက်ပါ ပတ်ဝန်းကျင်အခြေအနေတွေမှာ အဖြစ်အများဆုံးပါ။

  • နာတာရှည် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ဝေဒနာရှင်များကို ပြုစုစောင့်ရှောက်ရသူများ (Caregivers)

အယ်လ်ဇိုင်းမား (Dementia/Alzheimer’s) ရောဂါသည်များ၊ လေဖြတ်ပြီး စကားမပြောနိုင်တော့သူများ၊ အသိဉာဏ် မရှိတော့သူများကို နေ့ညမပြတ် ပြုစုနေရတဲ့ မိသားစုဝင်တွေဟာ လူချင်းတူနေပေမယ့် အရင်လူမဟုတ်တော့တဲ့အတွက် ဒီ loss ကို နေ့တိုင်း အပြင်းအထန် ခံစားရပါတယ်။
.

  • စစ်ဘေးရှောင်များနှင့် စစ်ဒဏ်သင့် မိသားစုများ

စစ်ပွဲတွေကြောင့် မိသားစုဝင်တွေ ကွဲကွာသွားသူများ၊ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး သတင်းအစအန မရတော့သူများရဲ့ မိသားစုဝင်တွေ။
.

  • ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များ (Immigrants & Refugees)

ကိုယ့်ရဲ့ မိခင်နိုင်ငံ၊ ယဉ်ကျေးမှု၊ သူငယ်ချင်းတွေနဲ့ မိသားစုကို ခွဲခွာပြီး တိုင်းတစ်ပါးမှာ အခြေချရသူတွေဟာ ရုပ်ပိုင်းအရ အဝေးမှာ ရှိနေပေမယ့် စိတ်က မိခင်နိုင်ငံမှာပဲ ရှိနေတတ်လို့ ဒီ loss မျိုး ခံစားရလေ့ရှိပါတယ်။
.

  • ပျောက်ဆုံးသူများ၊ ပြန်ပေးဆွဲခံရသူများ၏ မိသားစုများ

လေယာဉ်ပျက်ကျမှု၊ သဘာဝဘေးအန္တရာယ် သို့မဟုတ် လူပျောက်မှုတွေကြောင့် ရုပ်အလောင်းတောင် ရှာမတွေ့တော့တဲ့ မိသားစုဝင်တွေဟာ “ရှင်နေဦးမလား” ဆိုတဲ့ မျှော်လင့်ချက်အောက်မှာ နှစ်ပေါင်းများစွာ နာကျင်ရတတ်ပါတယ်။
.

  • ကွာရှင်းပြတ်စဲထားသော မိသားစုမှ ကလေးများ

မိဘတွေ ကွာရှင်းပြီးနောက် ကလေးတွေအနေနဲ့ မိခင် သို့မဟုတ် ဖခင်ဟာ သေဆုံးသွားတာမဟုတ်ဘဲ တခြားတစ်နေရာမှာ ရှိနေမှန်းသိပေမယ့် ကိုယ့်အနားမှာ အဖေ/အမေ တစ်ယောက်အနေနဲ့ မရှိတော့တဲ့အတွက် ဒီလို မရေရာတဲ့ ဆုံးရှုံးမှုကို ရင်ဆိုင်ရတတ်ပါတယ်။

၅။ ပြန်လည်ကုစားနိုင်မယ့် နည်းလမ်းများ

Ambiguous Loss ဟာ ပုံမှန်ဆုံးရှုံးမှုတွေလို ဇာတ်သိမ်း (Closure) ရှာဖို့ ခက်ခဲတဲ့အတွက် ကုစားတဲ့နေရာမှာလည်း အပြီးတိုင်မေ့ပစ်လိုက်ဖို့ထက် မရေရာမှုတွေနဲ့အတူ ယှဉ်တွဲနေထိုင်တတ်ဖို့ကို ဦးတည်ရပါမယ်။

  • မရေရာမှုကို လက်ခံနိုင်အောင် ကြိုးစားခြင်း

စိတ်ထဲမှာ ဆန့်ကျင်ဘက် အမှန်တရားနှစ်ခုကို တစ်ပြိုင်နက် လက်ခံတတ်အောင် လေ့ကျင့်ရပါမယ်။

ဥပမာ – “သူ ငါ့အနားမှာ မရှိတော့ပေမယ့် သူ့ကို ငါချစ်နေဆဲပဲ” သို့မဟုတ် “သူ့ကို ပြန်တွေ့ဖို့ မျှော်လင့်ထားသလိုပဲ သူမရှိတော့တဲ့ ကိုယ့်ဘဝကိုလည်း ဆက်လျှောက်ရမယ်” ဆိုပြီး စိတ်ကို ဒွန်တွဲလက်ခံထားခြင်း ဖြစ်ပါတယ်။
.

  • မိမိထိန်းချုပ်နိုင်တဲ့ အရာတွေကိုပဲ အာရုံစိုက်ခြင်း

တစ်ဖက်လူရဲ့ အခြေအနေ ဒါမှမဟုတ် ပျောက်ဆုံးခြင်းတွေကို ကိုယ်တိုင် ဝင်ရောက်ပြောင်းလဲလို့ မရနိုင်ပါဘူး။ ဒါကြောင့် ကိုယ်တိုင် ထိန်းချုပ်လို့ရတဲ့ မိမိရဲ့ နေ့စဉ်စားသောက်မှု၊ အိပ်စက်မှု၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ စိတ်ခံစားချက်တွေကိုပဲ အဓိက ဦးစားပေး ဂရုစိုက်ရပါမယ်။
.

  • မိမိကိုယ်ကိုယ် အပြစ်တင်ခြင်းကို လျှော့ချခြင်း

စိတ်ပင်ပန်းလွန်းလို့ စိတ်ဆိုးဒေါသထွက်မိတာ၊ အားလျှော့မိတာ ဒါမှမဟုတ် လက်လွှတ်လိုက်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာတာဟာ လူသားတစ်ယောက်အနေနဲ့ သဘာဝကျတဲ့ ခံစားချက်တွေဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ပြစ်ဒဏ်ခတ် အပြစ်တင်တာမျိုး မလုပ်ဘဲ ကြင်နာပေးရပါမယ်။
.

  • အဓိပ္ပာယ်သစ် ရှာဖွေခြင်း

ဇာတ်သိမ်းမှု သို့မဟုတ် အဆုံးသတ်ကို ရှာမရတဲ့အခါ ဒီအခြေအနေပေါ်မှာပဲ အဓိပ္ပာယ်သစ်တစ်ခု ရှာဖွေရပါတယ်။

ဥပမာ – မိမိလိုပဲ အလားတူ ခံစားနေရတဲ့သူတွေကို ပြန်လည်မျှဝေ အားပေးတာမျိုး သို့မဟုတ် ဒီအတွေ့အကြုံကနေတစ်ဆင့် ဘဝကို ပိုမိုနက်နက်ရှိုင်းရှိုင်း နားလည်လာတာမျိုး ဖြစ်ပါတယ်။
.

  • ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးခြင်း

ဒီလို စိတ်ဒဏ်ရာမျိုးဟာ တစ်ဦးတည်း ရင်ဆိုင်ဖို့ အလွန်ဝန်ပိလွန်းတာကြောင့် မိသားစုကုထုံးပညာရှင်များ၊ စိတ်ပညာရှင်များ သို့မဟုတ် တူညီတဲ့ ဒုက္ခကြုံတွေ့နေရသူချင်း စုစည်းထားတဲ့ အဖွဲ့အစည်းများ (Support Groups) နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံး အထောက်အကူ ဖြစ်စေပါတယ်။

Ambiguous loss (မရေရာသော ဆုံးရှုံးမှု) ဆိုတာ ခိုင်မာတဲ့ အဖြေတစ်ခုမရှိဘဲ ပူဆွေးသောကရောက်ရတဲ့ အမှောင်ဆုံး ဝမ်းနည်းမှု သံသရာတစ်ခု ဖြစ်ပါတယ်။

ဒီလို အခြေအနေမျိုးကို ရင်ဆိုင်နေရချိန်မှာ ကိုယ်တိုင် ခံစားနေရတဲ့ နာကျင်မှုတွေကို ဖုံးကွယ်မထားဘဲ အသိအမှတ်ပြုပေးဖို့ အရေးကြီးဆုံးပါပဲ။

ဇာတ်သိမ်းခန်း (Closure) မရှိတာဟာ ဘဝတစ်ခုလုံး ဒီနေရာမှာပဲ ရပ်တန့်သွားရမယ်လို့ မဆိုလိုပါဘူး။ မရေရာမှုတွေကြားထဲကနေပဲ မိမိကိုယ်ကိုယ် ပြန်လည်ပြုစုပျိုးထောင်ပြီး ဘဝကို တစ်ဆင့်ချင်း အဓိပ္ပာယ်ရှိရှိ ရှေ့ဆက်သွားနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်….။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here