တိတ်ဆိတ်လွန်းတဲ့ ညဉ့်ယံတွေမှာ လူတွေအားလုံးနီးပါးက အိပ်မက်ကမ္ဘာထဲ ခိုဝင်သွားကြပေမယ့် တချို့သောသူတွေရဲ့ ရင်ထဲမှာတော့ အတိတ်က အရိပ်တွေ၊ မရေရာတဲ့ အနာဂတ်ရဲ့ ပုံရိပ်တွေက နိုးကြားလှုပ်ရှားနေတတ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေဆီက ပြောခဲ့မိတဲ့ စကားတစ်ခွန်း၊ လုပ်ခဲ့မိတဲ့ အမှားတစ်ခုအတွက် အခုချိန်ထိ နောင်တတွေနဲ့ ပူလောင်နေတတ်ကြတာ လူ့သဘာဝတစ်ခုလို ဖြစ်နေပါတယ်။ အထူးသဖြင့် စိတ်က သူ့အလိုအလျောက် အဆုံးမရှိတဲ့ အတွေးသံသရာထဲကို လွင့်မျောသွားတဲ့အခါ… အဲဒီအခြေအနေကို “အတွေးလွန်ခြင်း (Overthinking)” လို့ ခေါ်ဆိုရမလားပဲ။
.
တွေးတောခြင်းနှင့် အတွေးလွန်ခြင်း
တွေးတောခြင်းနဲ့ အတွေးလွန်ခြင်းဟာ နယ်နိမိတ်ပါးပါးလေးပဲ ခြားပါတယ်။ တွေးတောခြင်းက လမ်းစကို ရှာဖွေတာဖြစ်ပြီး အတွေးလွန်ခြင်းကတော့ ဝင်္ကပါထဲမှာ ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်ထားလိုက်တာပါပဲ။ “မနက်ဖြန် ဘာဆက်လုပ်မလဲ” ဆိုတာက ပြဿနာကို ရင်ဆိုင်ဖို့ ခွန်အားယူတာပါ။ ဒါပေမယ့် “ငါလုပ်တာ မှားသွားရင်ကော… သူတို့ ငါ့ကို အထင်သေးသွားမလား… ငါကျရှုံးသွားရင်ကော” ဆိုတဲ့ အဆုံးမရှိတဲ့ မေးခွန်းတွေကတော့ ခြေလှမ်းတိုင်းကို တုံ့ဆိုင်းသွားစေတဲ့၊ စိတ်ကို ပင်ပန်းနွမ်းနယ်စေတဲ့ အဟန့်အတားတွေပဲ ဖြစ်ပါတယ်။
မနေ့က ပြောခဲ့မိတဲ့ စကားလေးတစ်ခွန်းအတွက် တစ်ဖက်လူက ဘာမှမမှတ်မိတော့ပေမယ့် ကိုယ်ကတော့ တစ်ညလုံး တွေးပူနေတာမျိုး ဒါမှမဟုတ် Message လေးတစ်ခု ပို့လိုက်တာကို ချက်ချင်း Reply ပြန်မလာတဲ့အခါ “ငါ့ကိုများ စိတ်ဆိုးသွားတာလား” လို့ ဇာတ်လမ်းတွေ ဆက်တိုက် ဖန်တီးနေတတ်တာမျိုးဟာ အတွေးလွန်ခြင်းရဲ့ ထင်ရှားတဲ့ သာဓကတွေပါပဲ။
.
တစ်ဝဲလည်လည် တွေးတောခြင်း
နောက်ထပ် တွေ့ရများတဲ့ အခြေအနေတစ်ခုကတော့ ပြီးဆုံးသွားတဲ့ ကိစ္စတစ်ခုတည်းကိုပဲ ဦးနှောက်ထဲမှာ တလည်လည်နဲ့ အကြိမ်ကြိမ် ပြန်တွေးနေမိတာ (Rumination) ပါပဲ။ အတိတ်က လုပ်ခဲ့မိတဲ့ အမှားလေးတစ်ခု၊ ပြောခဲ့မိတဲ့ စကားလေးတစ်ခွန်းကို ပြန်ခေါ်ယူပြီး “ငါ အဲဒီလို မလုပ်ခဲ့သင့်ဘူး” လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း နောင်တတရားတွေနဲ့ အဆုံးမရှိတဲ့ သံသရာထဲ လည်နေတတ်ကြပါတယ်။ ဒီလို ထပ်ခါထပ်ခါ တွေးတောနေခြင်းက ပြဿနာကို ဖြေရှင်းမပေးနိုင်တဲ့အပြင် စိတ်ဓာတ်ကျဆင်းမှုဆီကိုပါ လမ်းခင်းပေးသလို ဖြစ်သွားတတ်ပါတယ်။
.
အလိုအလျောက် ဝင်ရောက်လာသော အတွေးဆိုးများ
အတွေးလွန်ခြင်းနဲ့အတူ တွဲပါလာတတ်တဲ့ နောက်ထပ် ထူးဆန်းတဲ့ အရာတစ်ခုကတော့ ဘယ်လိုမှ မရည်ရွယ်ပါဘဲ ရုတ်တရက် ဝင်လာတတ်တဲ့ ကြောက်မက်ဖွယ် အတွေးတွေ (Intrusive Thoughts) ပါပဲ။ ဥပမာ – အထပ်မြင့် တိုက်ပေါ် ရောက်နေတုန်း အောက်ကို ခုန်ချချင်စိတ် ရုတ်တရက် ပေါ်လာတာမျိုး ဒါမှမဟုတ် ဟင်းချက်နေရင်း ဓားကိုင်ထားတဲ့အချိန် ဘေးမှာရှိနေတဲ့ သူတစ်ယောက်ယောက်ကိုများ ထိုးမိလိုက်မလားဆိုတဲ့ အတွေးဆိုးကြီး ခေါင်းထဲ ဖြတ်ပြေးသွားတာမျိုးတွေပေါ့။
လူတော်တော်များများက ဒီလိုအတွေးမျိုး ဝင်လာတဲ့အခါ ‘ငါများ ရူးနေပြီလား’ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြောက်သွားတတ်ကြပါတယ်။ တကယ်တော့ ဒါတွေဟာ သင်က ဆိုးသွမ်းနေလို့ ဒါမှမဟုတ် စိတ်ဖောက်ပြန်နေလို့ လုံးဝ မဟုတ်ပါဘူး။
.
စေတနာက ဝေဒနာဖြစ်
ကျွန်တော်တို့အတွေးတွေက တကယ်တော့ ဦးနှောက်က ကျွန်တော်တို့ကို ကာကွယ်ပေးချင်လို့ ဖြစ်လာတာတွေပါ။ မသေချာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီလောကကြီးမှာ ဘေးကင်းလုံခြုံချင်တဲ့စိတ်က အဆိုးဆုံး အခြေအနေတွေကို ကြိုတင်မှန်းဆဖို့ တွန်းအားပေးပါတယ်။
ဦးနှောက်က တကယ့်အန္တရာယ်အစစ်နဲ့ အတွေးထဲက အန္တရာယ်ကို သေသေချာချာ မခွဲခြားတတ်ပါဘူး။ စိတ်က တွေးကြောက်နေတာကိုပဲ တကယ့်ဘေးအန္တရာယ် ကြီးတစ်ခု ကျရောက်နေပြီလို့ ယူဆပြီး ခန္ဓာကိုယ်ကို အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်လိုက်တာပါ။ အထပ်မြင့်ကနေ ခုန်ချချင်စိတ် ပေါ်လာတာဟာ တကယ် ခုန်ချချင်လို့ မဟုတ်ဘဲ “ဒီနေရာဟာ အန္တရာယ်ရှိတယ်။ သတိထား” လို့ ဦးနှောက်က လွဲမှားစွာ အချက်ပေးလိုက်တဲ့ လုပ်ငန်းစဉ်တစ်ခု သက်သက်သာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအကာအကွယ်ကပဲ ကျွန်တော်တို့ကို လွတ်လပ်ခွင့် ပိတ်ပင်တဲ့ အကျဉ်းထောင်တစ်ခု ဖြစ်လာမှန်း မသိလိုက်ကြဘူးလေ။
.
အတွေးလွန်ခြင်းရဲ့ ဆိုးကျိုးများ
ဒီအတွေးသံသရာရဲ့ ပေးဆပ်ရမှုတွေက ကြီးမားလှပါတယ်။ ခန္ဓာကိုယ်၊ လူမှုဆက်ဆံရေးနဲ့ ကိုယ့်ရဲ့စိတ်ဝိညာဉ်ပါ အဆိုးဆုံးအခြေအနေအထိ ပေးဆပ်ရတတ်ပါတယ်။
- ခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်မှု
ခန္ဓာကိုယ်ဟာ ပစ္စုပ္ပန်မှာ ရှိနေပေမယ့် စိတ်က အတိတ်နဲ့ အနာဂတ်ကြား လွန်ဆွဲနေတဲ့အခါ ညတာတွေဟာ ရှည်လျားလွန်းလာတယ်။ အိပ်မက်တွေ ပျောက်ဆုံးပြီး စိတ်ဖိစီးမှု ဟော်မုန်းတွေကြောင့် နှလုံးခုန်သံတွေ မြန်လာတယ်။ စိတ်ရဲ့ ပင်ပန်းမှုက ခန္ဓာကိုယ်ကိုပါ နွမ်းနယ်စေပါတယ်။
- ဆုံးဖြတ်ရ ခက်ခဲခြင်း
အကောင်းဆုံးကို ရှာဖွေရင်းနဲ့ပဲ လက်ရှိအချိန်လေးရဲ့ ရိုးရှင်းတဲ့ ပျော်ရွှင်မှုတွေကို ကျွန်တော်တို့ လက်လွှတ်ဆုံးရှုံးလိုက်ရတယ်။ ဆုံးဖြတ်ချက်တစ်ခုချဖို့ အချက်အလက်တွေကို အဆုံးမရှိ လိုက်လံရှာဖွေရင်း အချိန်တွေသာ ကုန်ဆုံးသွားတတ်ပါတယ်။
- လုပ်ရပ်များကို ရပ်တန့်စေခြင်း
အတွေးတွေက အလုပ်လုပ်နေတယ်၊ ကြိုတင်ပြင်ဆင်နေတယ်လို့ ထင်ယောင်ထင်မှား ဖြစ်စေပေမယ့် တကယ်တမ်းကျတော့ ကျွန်တော်တို့ကို တစ်နေရာတည်းမှာ ရပ်တန့်နေစေတာပါ။ စိတ်ထဲမှာသာ မောပန်းတကြီး ပြေးလွှားနေပြီး လက်တွေ့မှာတော့ ခြေလှမ်းတစ်လှမ်းလေးတောင်မှ ရှေ့မရောက်နိုင်ပါဘူး။
- စိတ်ဝိညာဉ်ကို တိုက်စားခြင်း
အဆိုးဆုံးကတော့ စိတ်ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်ရတာပါပဲ။ “ငါက အသုံးမကျဘူး” ဆိုတဲ့ အတွေးတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ဖျက်ဆီးပစ်တယ်။ အနာဂတ်ကို ကြောက်ရွံ့ခြင်း (Anxiety) နဲ့ အတိတ်မှာ နောင်တရခြင်း (Depression) ဆိုတဲ့ လှိုင်းလုံးကြီး နှစ်ခုကြားမှာ စိတ်ဟာ လမ်းပျောက်ပြီး နစ်မွန်းသွားတတ်ပါတယ်။
.
အတွေးသံသရာမှ ရုန်းထွက်ခြင်း
ဒီလို ပိတ်မိနေတဲ့ အတွေးလှောင်အိမ်ထဲကနေ ရုန်းထွက်ဖို့ဆိုတာ လွယ်ကူလှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကြိုးစားကြည့်လို့ ရနိုင်ပါတယ်။
၁။ ရှုထောင့်ပြောင်းကြည့်ခြင်း
အတွေးဆိုးတွေကို အတင်းမောင်းထုတ်နေမယ့်အစား ကောင်းကင်မှာ ဖြတ်လျှောက်သွားတဲ့ တိမ်တိုက်တွေလို သဘောထားလိုက်ပါ။ “ငါက ညံ့တယ်” ဆိုတာထက် “တကယ်တော့ ငါ ညံ့တယ်လို့ တွေးနေတာပါလား” ဆိုတဲ့ အသိအမှတ်ပြုမှုလေးက စိတ်ကို ပေါ့ပါးစေပါတယ်။ အတွေးဆိုတာ ဧည့်သည်ပါပဲ။ အတင်းဧည့်ခံစရာ မလိုပါဘူး။ ကြောက်စရာကောင်းတဲ့ အတွေးတွေ (Intrusive thoughts) ဝင်လာရင်လည်း “ဒါ ငါ့ဦးနှောက်ရဲ့ မှားယွင်းတဲ့ အချက်ပေးမှုတစ်ခု သက်သက်ပဲ” လို့ မှတ်ယူလိုက်ပါ။
၂။ ပစ္စုပ္ပန်ကို ပြန်လာခြင်း
စိတ်တွေ လွင့်မျောနေပြီဆိုရင် လက်ရှိအချိန်ကို ပြန်ဆွဲခေါ်ပါ။ ကိုယ့်ရှေ့က မြင်နေရတဲ့အရာ၊ ကြားနေရတဲ့ အသံ၊ ရှူရှိုက်နေတဲ့ လေလေးကို အာရုံစိုက်လိုက်ပါ။ အဲဒါက မြေကြီးပေါ်ကို ပြန်လည်ခြေချနိုင်စေမယ့် အထိရောက်ဆုံးနဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ။
၃။ စိုးရိမ်ချိန် သတ်မှတ်ခြင်း
ပူပန်မှုတွေကို လုံးဝပိတ်ပင်ထားလို့ မရဘူးဆိုရင် သူတို့အတွက် အချိန်လေးတစ်ခု ဖယ်ပေးလိုက်ပါ။ စိတ်ပူရမယ့်ကိစ္စ တွေးရမယ့်ကိစ္စ ရှိနေရင် “ညနေ ၅ နာရီမှ ငါ သေချာ စဉ်းစားမယ်” လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပြီး လက်ရှိအလုပ်ကို ဆက်လုပ်လိုက်ပါ။
၄။ လှုပ်ရှားမှုဖြင့် အစားထိုးခြင်း
“ဘာကြောင့်လဲ” (Why) ဆိုတဲ့ မေးခွန်းတွေအစား “ဘာလုပ်မလဲ” (What) ဆိုတာကို ရွေးချယ်ပါ။ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေမယ့်အစား သေးငယ်တဲ့ အလုပ်လေးတစ်ခုကို ထပြီးလုပ်လိုက်ပါ။ လှုပ်ရှားမှုက အတွေးသံသရာကို ရပ်တန့်စေနိုင်တဲ့ အစွမ်းရှိပါတယ်။
…
…
တကယ်တော့ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ကျွန်တော်တို့ကို ကူညီဖို့ ရှိနေတာပါ။ သူ့ကို ဆရာကြီးလုပ်ခွင့် ပေးလိုက်တဲ့အခါမှသာ ကျွန်တော်တို့ဟာ အတွေးတွေရဲ့ကျေးကျွန် ဖြစ်သွားကြတာပါ။ လွန်လေပြီးသော အတိတ်ဆိုတာ ပြန်ပြင်လို့ မရသလို မရောက်သေးတဲ့ အနာဂတ်ဆိုတာလည်း ကြိုတင်ပူပန်နေရုံနဲ့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
သေချာတာ တစ်ခုကတော့… အခုလက်ရှိ ဒီစက္ကန့်လေးမှာ သင် အသက်ရှူနေတယ်၊ ရှင်သန်နေတယ် ဆိုတာပါပဲ။ ဘဝဆိုတာ ခေါင်းထဲက ဇာတ်လမ်းတွေထဲမှာ မရှိပါဘူး။ ဒီ လက်ရှိပစ္စုပ္ပန်လေးထဲမှာသာ အမှန်တကယ် တည်ရှိနေတာပါ။
အတွေးတွေရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်ပြီး ပစ္စုပ္ပန်ရဲ့ ငြိမ်းချမ်းမှုလေးထဲမှာ ခဏတာပဲဖြစ်ဖြစ် လွတ်လပ်စွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။
ဒီစာလေးကို ဖတ်နေရင်းနဲ့ရော သင့်ခေါင်းထဲမှာ ဘယ်လိုအတွေးတွေ လည်ပတ်နေလဲ။ အတိတ်နဲ့ အနာဂတ်ကြားက လွန်ဆွဲမှုတွေကို ခဏထားခဲ့ပြီး ပစ္စုပ္ပန်ကို ပြန်လာဖို့ အတူတူ ကြိုးစားကြည့်ကြရအောင်နော်….။
စေတနာဖြင့်
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

