ကိုယ့်စိတ်ကို ကိုယ်ပိုင်တယ်ဆိုတာ သေချာရဲ့လား
(ရာသီဥတုရဲ့ ကြိုးဆွဲရာ ကနေရတဲ့ စိတ်ကလေး)
လောကကြီးမှာ လူတွေလောက် အထင်ကြီးစရာကောင်းတာ ဘာရှိမလဲ။ လဆီလည်း သွားနိုင်ပြီ၊ ဉာဏ်ရည်တု (AI) တွေလည်း တီထွင်နိုင်ပြီ၊ ကမ္ဘာကြီးကို လက်ညှိုးလေးတစ်ချက် နှိပ်လိုက်ရုံနဲ့ ပတ်မွှေလို့ ရနေပြီ။ ဒါပေမယ့် ဗျာ… အဲဒီလောက် တော်ပါတယ် တတ်ပါတယ်ဆိုတဲ့ လူသားတွေဟာ အပြင်မှာ နေလေးနည်းနည်း ပူလာတာနဲ့၊ မိုးလေးနည်းနည်း ရွာလာတာနဲ့ ကိုယ့်စိတ်ကိုတောင် ကိုယ်မနိုင်ဘဲ ယိုင်နဲ့သွားတတ်ကြတာကို တွေးကြည့်ရင် တော်တော်လေး ရယ်စရာကောင်းမနေဘူးလား။
တကယ်တော့ ကျွန်တော်တို့ရဲ့ “စိတ်” ဆိုတာကြီးက ကိုယ်တိုင် ပိုင်သလိုလိုနဲ့ သေသေချာချာ စမ်းစစ်ကြည့်လိုက်ရင် ပြင်ပက ဥတုရာသီရဲ့ ကြိုးကိုင်ချယ်လှယ်မှုအောက်မှာ ရုပ်ပျက်ဆင်းပျက် ကနေရတဲ့ ရုပ်သေးရုပ်လေး တစ်ရုပ်လိုပါပဲ။
စဉ်းစားကြည့်လေ… အပြင်မှာ နေက ကျောကွဲမတတ် ပူနေတယ်။ ချွေးတွေကလည်း ရွှဲ၊ အဝတ်အစားတွေကလည်း ကပ်စေးစေးနဲ့။ အဲဒီအချိန် ဘေးနားက လူတစ်ယောက်က ကိုယ်မကြားချင်တဲ့ စကားလေး နည်းနည်းလောက် လာပြောကြည့်ပါလား… “ဟေ့ကောင်… မင်းကလည်း နေကပူရတဲ့အထဲ နားပူအောင် ဘာတွေလာပြောနေတာလဲ” ဆိုပြီး ဒေါသက ငယ်ထိပ်ရောက်သွားတတ်တာ လူတိုင်းရဲ့ သဘာဝပဲ။ ဒါဆို ဒေါသထွက်တာ ကိုယ့်စိတ်လား၊ ရာသီဥတုက လုပ်တာလား။
ဗုဒ္ဓအဘိဓမ္မာကိုပဲ ကြည့်မလား၊ ခေတ်သစ် စိတ်ပညာကိုပဲ ကြည့်မလား အဖြေက အတူတူပါပဲ။ ရာသီဥတုက စိတ်ကို တိုက်ရိုက်ကြီး ဖန်တီးလိုက်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် သိပ်ကိုအားကြီးတဲ့ တွန်းအားတစ်ရပ်အနေနဲ့ နောက်ကနေ ကျောထောက်နောက်ခံ ပေးထားတယ်။ ဥတုကနေ ခန္ဓာကိုယ် (ရုပ်) ကို အရင်လာဟပ်တယ်။ ခန္ဓာကိုယ်က ပူတယ်၊ အေးတယ်၊ မသက်မသာ ဖြစ်တယ်ဆိုတဲ့ ဒုက္ခဝေဒနာကို ခံစားရတဲ့အခါ အဲဒီ မှီရာရုပ်ကြီးကို အမှီပြုနေရတဲ့ စိတ်ကလေးကလည်း နေမထိထိုင်မသာဖြစ်ပြီး ဖောက်ပြန်လာပါတော့တယ်။ တစ်နည်းအားဖြင့် ပြောရရင် ဥတုရာသီက မျက်လှည့်ပြသလို ခန္ဓာကိုယ်ထဲက အာရုံကြောပို့ဆောင်ရေး ဓာတ်ပစ္စည်း (Neurotransmitters) တွေကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် မွှေနှောက်လိုက်တာပါပဲ။
…
…
ကဲ… ရာသီဥတု လွန်ကဲလာရင် ကျွန်တော်တို့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ထဲမှာ ဘာတွေ တရုန်းရုန်း ဖြစ်ကုန်သလဲဆိုတာ ကြည့်လိုက်ကြရအောင်။
၁။ ပူလွန်းတဲ့အခါ
😡 ဒေါသနဲ့ စိတ်တိုလွယ်ခြင်း
ပူအိုက်တဲ့အခါ ခန္ဓာကိုယ်က အပူဒဏ်ကို ခုခံဖို့ Heat loss ဖြစ်အောင် အားထုတ်ရတဲ့အတွက် နှလုံးခုန်မြန်လာပြီး သွေးပေါင်ချိန် တက်လာတတ်ပါတယ်။ ဒီရုပ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်မှုကနေတစ်ဆင့် စိတ်မရှည်ခြင်း၊ အသေးအဖွဲကိစ္စလေးတွေကိုပါ ဒေါသထွက်လွယ်ခြင်း (ဒေါသမူစိတ်) တွေ အလွယ်တကူ ဖြစ်လာပါတယ်။
😨 ပူပန်သောက မြင့်တက်ခြင်း
အပူချိန်လွန်ကဲတဲ့အခါ ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှုဟော်မုန်း (Cortisol) နဲ့ (Adrenaline) တွေ ဒလဟော ထွက်လာတတ်ပါတယ်။ ဒါကြောင့် စိတ်လုံခြုံမှုမရှိသလို ခံစားရပြီး ပူပန်သောက (Anxiety) ဝင်လွယ်၊ ထိတ်လန့်လွယ်တတ်ပါတယ်။
😵💫 စိတ်ခံစားမှု စီမံခန့်ခွဲရန် ခက်ခဲခြင်း
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့အတွက် စိတ်ကို ထိန်းချုပ်နိုင်စွမ်း ကျဆင်းသွားပြီး ဆုံးဖြတ်ချက်အမှားတွေ ချမိတာ၊ စိတ်လိုက်မာန်ပါ တုံ့ပြန်မိတာမျိုးတွေ ပိုဖြစ်တတ်ပါတယ်။ ဦးနှောက်ထဲက သွေးကြောတွေ ကျယ်လာလို့ ခေါင်းကိုက်တာ၊ စိတ်ရှုပ်ထွေးတာတွေပါ ဖြစ်လာတတ်ပါတယ်။
👶 ကလေးငယ်များ ဂျီကျလွယ်ခြင်း
ဒီလိုအချိန်မှာ အထူးသတိထားရမှာက မိမိကိုယ်ကိုယ် ထုတ်ဖော်မပြောတတ်သေးတဲ့ ကလေးငယ်လေးတွေပါ။ ပူအိုက်လာတဲ့အခါ လူကြီးတွေလိုပဲ သူတို့ခန္ဓာကိုယ်လေးတွေကလည်း မသက်မသာဖြစ်လာပါတယ်။ အဲဒီရုပ်ပိုင်းဆိုင်ရာ ဆင်းရဲမှုကနေတစ်ဆင့် ကလေးတွေက အလိုလိုနေရင်း ဂျီကျတာ၊ ငိုယိုတာ၊ စိတ်ကောက်တာတွေ ပိုလုပ်တတ်ကြပါတယ်။
.
၂။ အေးခဲလွန်းတဲ့အခါ
🥱 ထိုင်းမှိုင်းခြင်းနဲ့ တက်ကြွမှုလျော့ကျခြင်း
အပူချိန်တွေ ထိုးကျသွားတဲ့အခါ ခန္ဓာကိုယ်က အပူငွေ့တွေ အပြင်မထွက်သွားအောင် သွေးကြောလေးတွေကို ကျုံ့ပစ်လိုက်ရပါတယ်။ သွေးလှည့်ပတ်မှု နှေးသွားတဲ့အတွက် လူက လေးလံထိုင်းမှိုင်းလာပါတယ်။ အဆိုးဆုံးကတော့ နေရောင်ခြည် ကောင်းကောင်း မရတဲ့အခါ ဦးနှောက်ထဲက စိတ်ကို ကြည်လင်ပျော်ရွှင်စေတဲ့ Serotonin (ဆီရိုတိုနင်) ဟော်မုန်း ထွက်ရှိမှု ရုတ်တရက် ထိုးကျသွားတာပါပဲ။ ဒါကြောင့် ဘာမှ မလုပ်ချင် မကိုင်ချင်တော့ဘဲ အိပ်ရာထဲကနေ မထွက်ချင်တဲ့အထိ စိတ်အားထက်သန်မှု (Motivation) တွေလည်း ပျောက်ဆုံးသွားတတ်ပါတယ်။
😔 စိတ်ဓာတ်ကျဆင်းခြင်းနဲ့ အထီးကျန်ခြင်း
ပျော်ရွှင်စေတဲ့ Serotonin ဟော်မုန်းအပြင် စိတ်လှုပ်ရှားတက်ကြွစေတဲ့ Dopamine (ဒိုပါမင်း) ထွက်တာကလည်း နည်းသွားတော့ လူက အလိုလိုနေရင်း ငိုင်တိုင်တိုင်ဖြစ်လာပါတယ်။ ရာသီဥတုကြောင့် အကြောင်းမဲ့ ဝမ်းနည်းလာတာ၊ အထီးကျန်သလို ခံစားလာရပြီး တချို့ဆိုရင် ရာသီဥတုကြောင့်ဖြစ်တဲ့ စိတ်ဓာတ်ကျခြင်း (Seasonal Affective Disorder – SAD) မျိုးအထိ ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။
.
၃။ စွတ်စိုထိုင်းမှိုင်းတဲ့အခါ
😴 အိပ်ချင်မူးတူးဖြစ်ခြင်း
ကောင်းကင်ကြီး မှိုင်းညို့ပြီး အလင်းရောင် နည်းသွားတာနဲ့ မျက်စိကနေတစ်ဆင့် ဦးနှောက်ထဲက Pineal Gland ကို “ဟေး… မှောင်နေပြီ၊ အိပ်ချိန်ရောက်ပြီ” ဆိုပြီး သတင်းပို့လိုက်ပါတယ်။ အဲဒီအခါ အိပ်စက်ခြင်းကို ဖြစ်စေတဲ့ မယ်လတိုနင်ဟော်မုန်းတွေ အလုံးအရင်းနဲ့ ထွက်လာပါတော့တယ်။ ဒါကြောင့် မိုးအေးအေးလေးမှာ တခြားဘာမှမလုပ်ချင်ဘဲ အိပ်ရာထဲသာ ကွေးချင်လာတော့တာပါ။
🥺 လွမ်းဆွတ်ခြင်းနဲ့ ဆွေးမြေ့ခြင်း
မိုးရွာတဲ့ အသံ (White Noise) ဟာ ဦးနှောက်လှိုင်းတွေကို အေးချမ်းတဲ့ (Alpha Waves) အဆင့်ကို ပြောင်းပေးလိုက်တဲ့အတွက် စိတ်က အလိုလို ငြိမ်ကျသွားပါတယ်။ ဒီလို ငြိမ်ကျသွားတဲ့အချိန်မှာ ပစ္စုပ္ပန်ရဲ့ ဆူညံမှုတွေ ပျောက်သွားပြီး အတိတ်က အမှတ်တရတွေ၊ ဆွေးမြေ့စရာတွေဆီကို စိတ်က အလိုလို ရောက်သွားတတ်ပါတယ်။ ဒါကြောင့် မိုးရွာရင် လွမ်းတတ်တယ် ဆိုတာ တကယ်တော့ ဟော်မုန်းတွေနဲ့ ဦးနှောက်လှိုင်းတွေရဲ့ ဇီဝကမ္မ ကစားကွက်တစ်ခုသာ ဖြစ်ပါတယ်။
…
…
ကဲ… ဒါဆို ဘယ်လို ရင်ဆိုင်ကြမလဲ။
သဘာဝတရားကြီးက ကျွန်တော်တို့စိတ်ကို ဒီလောက်တောင် ကလိနေမှတော့ ကျွန်တော်တို့က ဒီအတိုင်း လက်ပိုက်ကြည့်နေလိုက်ရတော့မှာလား။
မိုးလေဝသ ဦးစီးဌာနကို သွားပြီး “ကျွန်တော့်ကို ဒေါသထွက်အောင် လုပ်တဲ့ ရာသီဥတုကို အရေးယူပေးပါ” လို့ တိုင်လို့လည်း မရဘူးလေ။ ဒါကြောင့် ပြင်ပရာသီဥတု (Outer Weather) ကို မပြင်နိုင်ရင်တောင် ကိုယ့်ရင်တွင်းက ကိုယ်တွင်းရာသီဥတု (Inner Weather) ကိုတော့ အကောင်းဆုံးဖြစ်အောင် ပြုပြင်လို့ ရပါတယ်။
၁။ ရုပ်ခန္ဓာကို အရင်ဆုံး ပြုပြင်ပါ
ရှေ့မှာ ဆွေးနွေးခဲ့သလိုပါပဲ။ ဥတုက ရုပ်ခန္ဓာကနေတစ်ဆင့် စိတ်ကို ကူးစက်တာဖြစ်တဲ့အတွက် စိတ်ကိုမပြင်ခင် ရုပ်ကို အရင် သက်တောင့်သက်သာဖြစ်အောင် လုပ်ရပါမယ်။
🥵 ပူအိုက်တဲ့အခါ
ခန္ဓာကိုယ် အပူချိန်ကျအောင် ရေချိုးတာ၊ ရေအေးအေး သောက်တာ၊ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ နေတာမျိုး လုပ်ပေးပါ။ အထူးသဖြင့် ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်ရင် စိတ်ဖိစီးမှု ပိုများတတ်ပြီး ခေါင်းကိုက်တာ၊ စိတ်တိုတာတွေ တိုက်ရိုက်ဖြစ်စေပါတယ်။ ဒါကြောင့် ရေများများသောက်ဖို့ ဒါမှမဟုတ် ဓာတ်ဆားရည် လုံလောက်အောင် သောက်ပေးဖို့က စိတ်ကိုပါ ပြန်လည်ကြည်လင်စေတဲ့ အလွယ်ကူဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်က အပူဒဏ်နဲ့ ရေဆာတာ သက်သာသွားရင် စိတ်တိုလွယ်တဲ့ အခြေအနေက ချက်ချင်း လျော့ကျသွားပါလိမ့်မယ်။
🥶 အေးလွန်းတဲ့အခါ
အနွေးထည် ထူထူဝတ်တာ၊ ပူနွေးတဲ့ အရည်တစ်မျိုးမျိုး သောက်တာမျိုးနဲ့ ခန္ဓာကိုယ်ကို နွေးထွေးအောင် ထားပါ။
😒 မှိုင်းညို့တဲ့အခါ
အခန်းတွင်း အလင်းရောင် ကောင်းကောင်းရအောင် မီးဖွင့်ထားတာ၊ နေရောင်ခြည်ရတဲ့ နေရာကို ခဏထွက်တာမျိုးက စိတ်ဓာတ်ကျဆင်းမှုကို ကာကွယ်ပေးနိုင်ပါတယ်။
.
၂။ ခံစားချက်ကို နာမည်တပ် အကဲခတ်ခြင်း
ရာသီဥတုကြောင့် စိတ်ထဲမှာ မသက်မသာ ဖြစ်လာပြီဆိုရင် အဲဒီခံစားချက်ကို ငြင်းဆန်တာ ဒါမှမဟုတ် အလိုလိုက်ပြီး ပေါက်ကွဲပစ်တာမျိုး မလုပ်ဘဲ သတိလေးကပ်ပြီး စောင့်ကြည့်ဖို့ လိုပါတယ်။
“ငါ အခု အရမ်းပူပြီး ချွေးတွေထွက်နေလို့ စိတ်တိုနေတာပဲ၊ စိတ်ရှုပ်နေတာပဲ”
“မိုးတွေရွာပြီး အုံ့မှိုင်းနေလို့ ငါ့စိတ်ထဲ ဝမ်းနည်းလွမ်းဆွတ်သလို ဖြစ်နေတာပါလား”
ဒီလိုမျိုး မိမိရဲ့စိတ်ခံစားမှုကို သတိနဲ့ သိမှတ်လိုက်ခြင်းဟာ Emotional Management ရဲ့ အရေးအကြီးဆုံး ပထမခြေလှမ်း ဖြစ်ပါတယ်။ ပြဿနာရဲ့ တကယ့်တရားခံဟာ ဘေးလူတွေ မဟုတ်ဘဲ ရာသီဥတုကြောင့်ဖြစ်နေတဲ့ ကိုယ့်ရဲ့စိတ်အခြေအနေ ဆိုတာကို မြင်သွားတဲ့အတွက် ပြဿနာကြီးမားမသွားအောင် ထိန်းချုပ်နိုင်သွားပါတယ်။
.
၃။ နှလုံးသွင်း ပြောင်းလဲခြင်း
အခြေအနေတစ်ခုကို ဘယ်လို ရှုမြင်သုံးသပ်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး ခံစားချက်က ပြောင်းလဲသွားနိုင်ပါတယ်။
ဥပမာ – မိုးဆက်တိုက်ရွာနေလို့ အပြင်ထွက်မရတဲ့အခါ “ဟာကွာ… စိတ်ညစ်စရာကြီး” လို့ ညည်းတွားနေမယ့်အစား “ဒါဟာ ငါ့အတွက် နားနားနေနေ စာအုပ်ဖတ်ဖို့၊ မိသားစုနဲ့ စကားပြောဖို့၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်မှု (Self-reflection) လုပ်ဖို့ ရလာတဲ့ အချိန်ပိုလေးပဲ” လို့ ရှုထောင့်ပြောင်းပြီး တွေးကြည့် (ယောနိသောမနသိကာရ ထားရှိ) နိုင်ပါတယ်။ တွေးတတ်ရင် ကျုံးချည်းပဲဆိုသလို အဆိုးထဲက အကောင်းကို ရှာဖွေနိုင်စွမ်းဟာ စိတ်ဖိစီးမှုကို ကာကွယ်ပေးတဲ့ အကောင်းဆုံး အကာအကွယ်တစ်ခုပါ။
.
၄။ စိတ်ခံစားမှုနှင့် လိုက်ဖက်သော ထွက်ပေါက်များ ဖန်တီးခြင်း
🤬 ဒေါသထွက်၊ ပူပန်လွယ်နေချိန်
အပူဒဏ်ကြောင့် စိတ်လှုပ်ရှား ပူပန်မှုတွေ များနေရင် အသက်ကို ပြင်းပြင်းရှူသွင်းရှူထုတ် လုပ်ပေးပါ။ ဒီအချိန်မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတာ၊ အငြင်းအခုန် လုပ်တာတွေကို ရှောင်ရှားသင့်ပါတယ်။
😓 စိတ်ဓာတ်ကျ၊ လေးလံထိုင်းမှိုင်းနေချိန်
ကိုယ်လက်လှုပ်ရှားမှု (လေ့ကျင့်ခန်း) တစ်ခုခု လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှု ကောင်းစေပြီး စိတ်ကို ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ပြန်ထွက်လာစေပါတယ်။
😥 ဆွေးမြေ့လွမ်းဆွတ်နေချိန်
ဒီလို နူးညံ့တဲ့ စိတ်ခံစားမှုမျိုး ဖြစ်နေချိန်ဟာ စာရေးတာ၊ ကဗျာစပ်တာ၊ တူရိယာတစ်ခုခုကို တီးခတ်တာ စတဲ့ အနုပညာ ဖန်တီးမှုတွေ လုပ်ဖို့ အင်မတန် ကောင်းမွန်တဲ့ အချိန်ဖြစ်ပါတယ်။ မိမိရဲ့ ခံစားချက်တွေကို အနုပညာအဖြစ် ပြောင်းလဲပစ်လိုက်တာဟာ အလွန်ကောင်းမွန်တဲ့ စိတ်ထွက်ပေါက်တစ်ခုပါ။
…
…
အချုပ်အားဖြင့် ပြောရရင်တော့ လူဆိုတာ သဘာဝတရားရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့အတွက် ရာသီဥတုရဲ့ ရိုက်ခတ်မှုကို ရှောင်လွှဲလို့ မရပါဘူး။ ဒါပေမယ့် ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်အကြားက ဆက်စပ်မှုကို နားလည်ထားမယ်၊ ဟော်မုန်းတွေရဲ့ ကစားကွက်ကို ကြိုသိထားမယ်ဆိုရင်တော့ ဘယ်လို ရာသီဥတုမျိုးပဲ လာလာ ကိုယ့်ရဲ့ စိတ်အိမ်လေးကို လုံခြုံနွေးထွေးအောင် တည်ဆောက်ထားနိုင်မှာ အသေအချာပါပဲ။
ရာသီဥတု အခြေအနေ ဘယ်လိုပဲ ပြောင်းလဲနေပါစေ စာဖတ်သူတို့ရဲ့ စိတ်အခြေအနေကတော့ အမြဲတမ်း သာယာကြည်လင်တဲ့ နွေဦးရာသီလေးလို ဖြစ်နေပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်……။
စေတနာဖြင့်
အဓိပတိ
.
————–။ ။————
.
🏥 တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းသို့ ဆက်သွယ်ရန်
ရာသီဥတုကြောင့်ဖြစ်စေ၊ နေ့စဉ်ဘဝရဲ့ အခက်အခဲတွေကြောင့်ဖြစ်စေ မိမိရဲ့ စိတ်ခံစားမှုတွေကို ကိုယ်တိုင် စီမံခန့်ခွဲဖို့ ခက်ခဲလာပြီဆိုရင် တစ်ယောက်တည်း ကြိတ်မခံစားပါနဲ့။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ “တယ်လီကျန်းမာ” အခမဲ့အွန်လိုင်းဆေးခန်းမှာ အထွေထွေရောဂါများသာမက စိတ်ကျန်းမာရေး (Mental Health) ဆိုင်ရာ ပြဿနာများကိုပါ ဆရာဝန်များ၊ ကျန်းမာရေးပညာရှင်များနဲ့ အခမဲ့ လာရောက်ဆွေးနွေး တိုင်ပင်ကုသနိုင်ပါတယ်။
တယ်လီကျန်းမာရဲ့ Facebook Messenger ကိုဆက်သွယ်ပြီး ဘိုကင်ယူလိုက်ရုံပါပဲ။
⏰ ဖွင့်လှစ်ချိန် — နေ့စဉ် နံနက် (၈) နာရီမှ ည (၁၀) နာရီအထိ (ပိတ်ရက်မရှိ)
..
..
Ministry of Health,
National Unity Government.

