“အိပ်စက်ခြင်းဆိုင်ရာ အလွဲ”

တစ်ပတ်လုံး အလုပ်တွေ၊ စာတွေနဲ့ ပင်ပန်းထားသမျှ သောကြာနေ့ည ရောက်ပြီဆိုတာနဲ့ “ဒီတစ်ပတ်လုံး ပင်ပန်းထားသမျှ စနေ၊ တနင်္ဂနွေကျမှ အိပ်ရေးဝအောင် ပြန်အိပ်ပစ်မယ်” ဆိုတဲ့ အတွေးမျိုး တွေးဖူးကြမှာပါ။ အိပ်ရေးပျက်တာတွေကို ပိတ်ရက်မှာ အချိန်အကြာကြီး အိပ်လိုက်ခြင်းဖြင့် အစားထိုးလို့ရတယ်ဆိုတာ ဆေးပညာအရ ကြီးမားတဲ့ အလွဲတစ်ခု ဖြစ်ပါတယ်။
.

• ဘာကြောင့် အစားထိုးလို့ မရတာလဲ။ (Circadian Rhythm & Social Jetlag)

အိပ်စက်ခြင်းဟာ ဘဏ်မှာငွေစုသလိုမျိုး တစ်နေ့နည်းနည်းချင်းစီအိပ်တာမျိုး၊ တစ်ခါတည်း အများကြီးစုအိပ်လိုက်ပြီးမှ ပြန်ထုတ်သုံးတာမျိုး လုပ်လို့မရပါဘူး။ ဘာလို့လဲဆိုရင် ကျွန်မတို့ခန္ဓာကိုယ်မှာ အိပ်စက်ခြင်းနဲ့ နိုးကြားခြင်းကို ထိန်းချုပ်ပေးတဲ့ ဇီဝနာရီ (Circadian Rhythm) ရှိနေလို့ပါပဲ။ လူတစ်ယောက်အတွက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး မရှိမဖြစ်လိုအပ်တဲ့ အိပ်ချိန်က တစ်နေ့ကို (၇) နာရီကနေ (၉) နာရီကြား ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအိပ်ချိန်ကိုမှ တနင်္လာကနေ သောကြာအထိ အပြည့်အဝ မအိပ်နိုင်ဘဲနေပြီး ပိတ်ရက်ကျမှ နေ့လယ် ၁၁ နာရီအထိ အိပ်လိုက်တဲ့အခါ ခန္ဓာကိုယ်က အချိန်ဇုန် (Time zone) အသစ်တစ်ခုကို ရောက်သွားသလို ကမောက်ကမ ဖြစ်သွားပါတယ်။ ဒါကို ဆေးပညာမှာ “Social Jetlag” လို့ ခေါ်ပါတယ်။ ဦးနှောက်ထဲက အိပ်စက်ခြင်းကို ဖြစ်စေတဲ့ ဟော်မုန်း (Melatonin) ထွက်ရှိမှု လွဲချော်သွားတာ ဖြစ်ပါတယ်။

အဲဒီလို ပိတ်ရက်အတွင်းမှာ လွဲချော်သွားမှုက လာမယ့် တနင်္လာနေ့မှာ ပိုပင်ပန်းခြင်းကို ဖြစ်စေမှာပါ။ တနင်္ဂနွေညမှာ အိပ်မပျော်တော့ဘဲ တနင်္လာနေ့မနက် ရုံးသွား၊ ကျောင်းသွားရတဲ့အခါ ခေါင်းကိုက်ခြင်းနဲ့ အာရုံစူးစိုက်မှု ကျဆင်းခြင်းကို ပိုပြီးခံစားရလာပါမယ်။
.

• လက်တွေ့ ဘယ်လို ပြုပြင်မလဲ။

ပြုပြင်ဖို့ကတော့ အမြဲပြောနေကျအတိုင်းပဲ ပုံမှန်အိပ်ချိန်/ထချိန် သတ်မှတ်ခြင်းနဲ့ အိပ်ရေးဝအောင် ၇-၉ နာရီကြားရအောင်အိပ်ဖို့ ပုံမှန်ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ ပိတ်ရက်ပဲဖြစ်နေပါစေ ပုံမှန် အိပ်ရာဝင်တဲ့အချိန်ကို အိပ်ဖို့ကြိုးစားပါ။ ပုံမှန်ထတဲ့အချိန်ထက် တအားကြီးကို နောက်ကျပြီးမှ မထပါနဲ့။ တကယ်လို့ ပိတ်ရက်တွေမှာ အိပ်ရေးမဝသေးဘူးလို့ ခံစားနေရသေးတယ်ဆိုရင် မနက်ကို နောက်ကျပြီးမှထတာမျိုးထက် နေ့လယ်နေ့ခင်း မိနစ် ၂၀ ကနေ ၃၀ လောက် (Power Nap) အိပ်ပေးတာက ခန္ဓာကိုယ်အတွက် ပိုပြီး လန်းဆန်းစေပါတယ်။

ပိတ်ရက်တိုင်း အိပ်ရာထနောက်ကျပြီး အားဖြည့်နေတယ်လို့ ထင်နေတာဟာ တကယ်တော့ ကိုယ့်ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို ပိုပြီးမောပန်းစေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ကစလို့ ပိတ်ရက်မှာပါ အိပ်ချိန် (၇-၉ နာရီ) ပြည့်ဝဖို့နဲ့ အိပ်ချိန်/ထချိန် ပုံမှန်ဖြစ်အောင် ထိန်းသိမ်းကြည့်ပါ။ တနင်္လာမနက်ရောက်ရင် ခန္ဓာကိုယ်က ပိုပြီး ပေါ့ပါးလန်းဆန်းနေတာကို သင်ကိုယ်တိုင် အံ့အားသင့်သွားပါလိမ့်မယ်။ ကျန်းမာတဲ့ဘဝဆိုတာ နေ့စဉ်မှန်ကန်တဲ့ အလေ့အထလေးတွေကနေ စတင်တာမို့ ဒီနေ့ကစလို့ သင့်ရဲ့အိပ်စက်ချိန်ကို အမြဲဂရုစိုက်ပေးပါ….။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here