စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် – အပိုင်း (၃)
(မုန်တိုင်းအလွန်က မျှော်လင့်ချက်ရောင်ခြည်လေး)
ဘယ်လောက်ကြာကြာ ကျွန်တော် ဟန်ဆောင်နေနိုင်မှာလဲဆိုတာကို ကျွန်တော် မသိဘူး။
လူတွေရှေ့မှာ သန်မာဟန်ဆောင်ရင်း အတွင်းစိတ်မှာတော့ နေ့စဉ်နဲ့အမျှ အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေရတဲ့ ဘဝဟာ တစ်နေ့မှာတော့ ရပ်တည်နိုင်စွမ်း အကန့်အသတ်ကို ရောက်လာခဲ့ပါတယ်။ နေ့တိုင်း ရင်ဆိုင်ရလွန်းတဲ့အခါ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ဟာ သွေးထွက်သံယို ဖြစ်လာခဲ့ပါတယ်။
အဲဒီလို လဲကျလုဆဲဆဲ အချိန်မှာပဲ ကျွန်တော့်ဘဝရဲ့ အရေးကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့တယ်။ အဲဒါကတော့ “ ငါ တစ်ယောက်တည်း ဒီစစ်ပွဲကို ဆက်မတိုက်နိုင်တော့ဘူး။ ဆက်တိုက်ဖို့လည်း ခွန်အားတွေ ကုန်ခန်းနေပြီ… သေချာတယ်၊ ငါ အကူအညီ လိုအပ်နေပြီ” ဆိုတာကို ရိုးရိုးသားသား ဝန်ခံလိုက်ခြင်းပါပဲ။
စိတ်ပိုင်းဆိုင်ရာ အကြံပေးဆွေးနွေးခြင်း (Counselling) ခံယူဖို့ ဆုံးဖြတ်လိုက်တာဟာ အရှုံးပေးလိုက်တာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့အတွက် သတ္တိအရှိဆုံး ခြေလှမ်းတစ်လှမ်း ဖြစ်ခဲ့ပါတယ်။ ဆွေးနွေးကုသခန်းထဲမှာ ပထမဆုံးအကြိမ် “ ကျွန်တော် ဆက်ပြီးတော့ ဒီလိုကြီး ဟန်ဆောင်မနေနိုင်တော့ဘူး။ အခုလိုမျိုးကိုလည်း ဆက်ပြီးတောင့်ခံနေဖို့ ကျွန်တော့်မှာ အားအင်တွေ မရှိတော့ဘူး။ ကျွန်တော် ဟိုးအရင်တုန်းကလိုပဲ ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်ချင်တယ်” လို့ ဝန်ခံလိုက်တဲ့ အခိုက်အတန့်ဟာ ဘဝမှာ အရှက်ရဆုံး မဟုတ်ဘဲ အလွတ်လပ်ဆုံး အချိန်ပါပဲ။
ကျန်းမာရေးပညာရှင်၊ ဖခင်ကောင်းဆိုတဲ့ အပေါ်ယံ အကာအကွယ်တွေကို ချွတ်ချပြီး မမြင်နိုင်တဲ့ ဒဏ်ရာတွေနဲ့ စိတ်နှလုံးနာကျင်နေတဲ့ လူသားတစ်ယောက်အနေနဲ့ အကူအညီ တောင်းခံခွင့်ရလိုက်တာဟာ ကျွန်တော့်အတွက်တော့ အကောင်းဆုံး ဆေးတစ်ခွက် ဖြစ်ခဲ့တယ်။ ကုထုံးတွေ၊ ဆွေးနွေးမှုတွေကနေတစ်ဆင့် ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် မြင်တွေ့ခွင့် ရခဲ့တယ်။ ကျွန်တော့်ရဲ့ အာရုံကြောစနစ်ကြီးဟာ ရောဂါဆိုးကြီးတစ်ခု ဝင်ရောက်နေလို့ ဖောက်ပြန်နေတာ မဟုတ်ဘဲ မထင်မှတ်ဘဲ တိုက်ခတ်ခံလိုက်ရတဲ့ လောကဓံမုန်တိုင်းတွေ၊ ဖြေရှင်းဖို့ခက်ခဲတဲ့ ဘဝရဲ့ ဖိအားတွေ၊ တာဝန် တာဝန် တာဝန်တွေအောက်မှာ အချိန်ကြာမြင့်စွာ ရုန်းကန်ခဲ့ရလွန်းလို့ ပင်ပန်းနွမ်းနယ်ပြီး “ ငါ့ကို ကျေးဇူးပြုပြီး အနားပေးပါတော့” လို့ ကျွန်တော့်ရဲ့ စိတ်နဲ့ခန္ဓာကိုယ်က အော်ဟစ်နေခဲ့တာဆိုတာကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်လာခဲ့တယ်။
ကုထုံးတွေက ကျွန်တော့်ကို လက်နက်အသစ် တစ်ခု တပ်ဆင်ပေးခဲ့တယ်။ အဲဒါကတော့ ‘ခုခံတိုက်ခိုက်ခြင်း’ (Resistance) အစား ‘လက်ခံခြင်း’ (Acceptance) ဆိုတဲ့ သဘောတရားပါပဲ။
အရင်တုန်းကဆိုရင် ရင်ဘတ်ထဲက တင်းကျပ်လာပြီဆိုတာနဲ့ “ ဟာ… လာပြန်ပြီ။ ငါတော့ ဒုက္ခရောက်တော့မှာပဲ” ဆိုပြီး ထိတ်လန့်တကြားနဲ့ အဲဒီခံစားချက်ကို တွန်းထုတ်ဖို့ ကြိုးစားခဲ့တယ်။ ကြောက်လေလေ၊ ရောဂါလက္ခဏာတွေက ပိုဆိုးလေလေ သံသရာလည်ခဲ့တယ်။ နောက်ပိုင်းမှာတော့ စိုးရိမ်ပူပန်စိတ် ဝင်လာတိုင်း အရင်လိုထွက်ပြေးဖို့ မကြိုးစားတော့ဘူး။
သူ့တို့ကို “ မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ ဧည့်သည်တွေ” လို့ သဘောထားလိုက်တယ်။ “ ဪ… မင်း ရောက်လာပြန်ပြီလား။ လာလေ… ငါ့ရင်ဘတ်ထဲမှာ ထိုင်။ မင်း လုပ်ချင်တာ လုပ်သွား။ ဒါပေမယ့် ငါကတော့ မင်းကိုကြောက်နေမှာ မဟုတ်ဘူး” လို့ စိတ်ထဲကနေ တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တော့တယ်။ ခန္ဓာကိုယ်ရဲ့နာကျင်မှုနဲ့ စိတ်ရဲ့ကြောက်ရွံ့မှုကြားက ကြိုးကို ဖြတ်ချလိုက်တယ်။ ရင်တွေ တအားခုန်နေရင်တောင် “ ဒါဟာ ကြောက်စရာ မဟုတ်ဘူး။ ငါ့ခန္ဓာကိုယ်က ပင်ပန်းလို့ ထွက်လာတဲ့ ဓာတုပစ္စည်းတွေကြောင့် ဖြစ်နေတဲ့ ဇီဝကမ္မဖြစ်စဉ်သက်သက်ပဲ” လို့ ယုတ္တိကျကျ ပြန်တွေးတတ်လာတယ်။ ကော်ဖီကြိုက်တာ အရင်ဖြစ်ခဲ့ပြီး ရင်တုန်တာက နောက်မှဖြစ်မယ်။ ဒါကြောင့် ဒီကော်ဖီကို ရအောင်သောက်မယ်။ တုန်ချင်သလောက် တုန်စမ်းပါစေ။
အရင်က အသက်ရှူကျပ်တိုင်း၊ ရင်တုန်တိုင်း အသက်တမျှ အားကိုးတကြီး ကြည့်မိတတ်တဲ့ လက်ကောက်ဝတ်က စမတ်နာရီလေးဆီကိုလည်း အခုတော့ အဲဒီလောက် အကြည့်မရောက်တော့ပါဘူး။ နှလုံးခုန်မြန်နေရင်တောင် “ ဒါဟာ ခဏနေရင် ပြန်ကျသွားမယ့် သဘာဝပဲ” လို့ လက်ခံနိုင်လာတဲ့အတွက် ကျန်းမာရေး သတိပေးကိန်းဂဏန်းတွေရဲ့ ကျေးကျွန်ဘဝကနေ ကျွန်တော် လွတ်မြောက်ခဲ့ပါပြီ။ အံ့ဩစရာ ကောင်းတာက ကျွန်တော်က သူ့ကို မကြောက်တော့ဘူး ဆိုတာကို သိသွားတဲ့အခါ သူဟာ ကျွန်တော့်ကို အရင်လောက် ဒုက္ခမပေးနိုင်တော့ဘူး။
ကျန်းမာရေး ပြန်ကောင်းလာတယ်ဆိုတာ အပူပင်ကင်းခဲ့တဲ့ ကလေးလေး ဘဝတုန်းကလိုတော့ မဟုတ်ပါဘူး။ တချို့ မနက်ခင်းတွေမှာ မျက်လုံးပွင့်လာတာနဲ့ အရင်လို လေးလံတဲ့ ခံစားချက်ကြီး ရှိနေတတ်ဆဲပါ။ ဒါပေမယ့် အရင်လို အသက်ရှူ မဝလောက်အောင် ထိတ်လန့်ခြင်းမျိုး မရှိတော့ဘူး။
စိုးရိမ်ပူပန်စိတ် (Anxiety) ဟာ ကျွန်တော့်ဆီကနေ အများကြီး လုယူသွားခဲ့ပေမယ့် ပြန်ပေးခဲ့တဲ့ အရာတစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ အလွန်နက်ရှိုင်းတဲ့ “ ကိုယ်ချင်းစာတရား” ပါပဲ။ အပြင်ပန်းမှာ ဘာမှမဖြစ်သလို ပြုံးရွှင်နေပေမယ့် အတွင်းစိတ်မှာ ငရဲကျနေသလို ခံစားရတဲ့ဝေဒနာကို ကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့အတွက် လူတိုင်းရဲ့ အပြုံးနောက်ကွယ်မှာ မမြင်ရတဲ့စစ်ပွဲတွေ အသီးသီးရှိနေနိုင်တယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းကြီး နားလည်သွားခဲ့တယ်။
ဒီစာကို ဖတ်နေတဲ့သူတွေထဲမှာ ကျွန်တော့်လိုပဲ မနက်ခင်းတွေကို အကြောက်တရားတွေနဲ့ နိုးထနေရသူ၊ နေ့စဉ်ဘဝကို ခက်ခက်ခဲခဲနဲ့ ရှင်သန်ဖြတ်သန်းနေရသူတွေရှိခဲ့ရင် ကျွန်တော် ပြောပြချင်တာတွေ ရှိပါတယ်။
အခုလိုဖြစ်နေတာဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ သင် ရူးသွပ်သွားတာ မဟုတ်ပါဘူး။ သင့်ရဲ့ ခံစားရမှုတွေဟာ အမှန်တကယ် ခက်ခဲနာကျင်တယ် ဆိုတာကို ကျွန်တော်လည်း သိပါတယ်။ ဒါပေမယ့် အဲဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ လှိုင်းလုံးကြီးတွေဟာ သင့်ကို နစ်မြုပ်သွားအောင် လုပ်နိုင်စွမ်း မရှိပါဘူး။
ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ အကူအညီတောင်းခံဖို့ ဘယ်တော့မှ မရှက်ပါနဲ့။ စိတ်ကျန်းမာရေး ဆရာဝန်တွေ၊ အကြံပေး ပညာရှင်တွေနဲ့ ဆွေးနွေးပါ။ သင့်ရဲ့ နူးညံ့တဲ့ စိတ်ဝိညာဉ်လေးကို ပြုစုယုယပါ။ ဘယ်လောက်ပဲ မှောင်မိုက်တဲ့ ညဖြစ်ပါစေ အချိန်တန်ရင် အရှေ့ဘက်ဆီနေ နွေးထွေးကြည်လင်တဲ့ ရောင်နီဟာ သေချာပေါက် ထွက်ပေါ်လာစမြဲပါ။
အရင်က ညနေခင်းရဲ့ တိတ်ဆိတ်မှုထဲ လေအေးအေးလေး ရှူရှိုက်ချိန်မှသာ ရတတ်တဲ့ ငြိမ်းချမ်းမှုဟာ အခုတော့ နေရောင်ခြည်နဲ့အတူ ကျွန်တော့်ရဲ့ မနက်ခင်းတွေဆီကိုပါ တဖြည်းဖြည်း ကူးစက်လာခဲ့ပါပြီ။ မနက်ခင်း နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲကို ဖြာကျလာတဲ့အခါ ကျွန်တော်ဟာ အရင်လို ကြောက်ရွံ့မှုနဲ့ စောင်ကို ခေါင်းမြီးခြုံ မထားတော့ပါဘူး။ မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်၊ လေကို ဝဝလင်လင်ရှူသွင်းပြီး မပြီးဆုံးသေးတဲ့ ဘဝရဲ့ခရီးစဉ်ကို အေးချမ်းတဲ့ နှလုံးသားနဲ့ ဆက်လက် လျှောက်လှမ်းဖို့ အဆင်သင့် ဖြစ်နေခဲ့ပါပြီ။
“ ကျွန်တော်တို့ အားလုံးရဲ့ ရင်ဘတ်ထဲက မမြင်ရတဲ့ စစ်ပွဲတွေ အမြန်ဆုံး အဆုံးသတ် ငြိမ်းချမ်းနိုင်ကြပါစေ” လို့ ဆန္ဒပြုလိုက်ရပါတယ် ခင်ဗျာ……။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

