မနက်ခင်း အိပ်ရာထ မျက်လုံးနှစ်လုံး မပွင့်ခင် ကျွန်တော့်အတွေးထဲကို ပထမဆုံး ဝင်ရောက်လာတာဟာ စိုးရိမ်ပူပန်မှုပါပဲ။
နေရောင်ခြည်က ပြတင်းပေါက်ကနေတစ်ဆင့် အခန်းထဲကို ခပ်ဖျော့ဖျော့ ကျရောက်နေပေမယ့် ကျွန်တော့်ရင်ဘတ်ထဲမှာတော့ မုန်တိုင်းတစ်ခုက ကြိုတင် အုံ့ဆိုင်းနေခဲ့ပြီ။ အိပ်မက်တွေထဲကနေ လက်တွေ့ဘဝထဲကို ကူးပြောင်းလာတဲ့ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ရင်ဘတ်ထဲက အလုံးကြီးတစ်ခု ဆို့တက်လာသလို ခံစားရတယ်။ အကြောင်းပြချက် တိတိပပ မရှိပါဘူး။ ဒါပေမယ့် တစ်ခုခုတော့ မှားယွင်းနေပြီဆိုတဲ့ အသိစိတ်က သွေးကြောတွေထဲကို အေးစက်စက် စီးဝင်သွားတယ်။
တကယ်တော့ ကျွန်တော့်ရဲ့ ညတွေဟာ အပိုင်းအစလေးတွေလို တစ်စစီ ကွဲကြေနေခဲ့တာ ကြာပါပြီ။ သာမန်လူတွေအတွက် အိပ်စက်ခြင်းဟာ တစ်နေ့တာရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ချထားခဲ့ရာ ငြိမ်းချမ်းတဲ့ နားခိုရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျွန်တော့်အတွက်တော့ ညဘက်တွေဟာ မမြင်ရတဲ့ စစ်ပွဲငယ်လေးတွေ ဆင်နွှဲရတဲ့ အချိန်တွေပါပဲ။
ညဉ့်နက်သန်းခေါင်ယံတွေမှာ နှစ်နာရီခြား တစ်ခါလောက် ကျွန်တော် လန့်လန့်နိုးလာတတ်တယ်။ အိပ်မက်ဆိုးတွေ မက်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ်ထဲက အလိုအလျောက် တပ်ဆင်ထားတဲ့ နှိုးစက်နာကြီးတစ်ခုက အချိန်ကိုက် မြည်လာသလိုပဲ။ ရင်ဘတ်ထဲက ဟာတာတာ ခံစားချက်ကြီးနဲ့အတူ မျက်လုံးတွေက အမှောင်ထဲမှာ ပွင့်လာတတ်တယ်။ ဒီလို အိပ်စက်မှု ပြတ်တောက်နေတာတွေက ကျွန်တော့်ရဲ့ အာရုံကြောတွေကို သံကြိုးလို တင်းကျပ်နေစေခဲ့ပြီး မနက်ခင်းမှာ ကောင်းမွန်စွာ နိုးထနိုင်ပါ့မလားဆိုပြီး ပိုလို့တောင် ကြောက်ရွံ့လာစေခဲ့တယ်။
ဘာကို စိုးရိမ်နေမှန်း တိတိကျကျ မသိပေမယ့် တစ်နေ့တာကို ရင်ဆိုင်ရတော့မယ်ဆိုတဲ့အသိက ရင်ဘတ်ပေါ်ကို ကျောက်တုံးကြီးတစ်တုံး ဖိတင်လိုက်သလို လေးလံသွားစေတယ်။ မထချင်ဘူး။ ဘာမှမလုပ်ချင်လောက်အောင် တွန်းအားတွေ ကင်းမဲ့နေတယ်။ သူများတွေ မျက်စိထဲမှာတော့ ကျွန်တော်ဟာ အိပ်ရာထဲမှာ ငြိမ်ငြိမ်လေး လှဲနေတဲ့သူပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ နှလုံးသားနဲ့ အာရုံကြောတွေကတော့ မာရသွန်ပြေးပွဲကြီးတစ်ခုကို အပြေးအလွှား ဝင်ပြေးနေရသလိုမျိုး အမောဆို့ပြီး ပင်ပန်းနွမ်းနယ်နေပါပြီ။ အဲဒီအချိန်ဆို ခန္ဓာကိုယ်တစ်ခုလုံးက သွေးကြောတွေထဲမှာ စိုးရိမ်စိတ်တွေက ရေခဲရေလို စီးဆင်းနေသလား အောက်မေ့ရတယ်။
အိပ်ရာပေါ်ကနေ အားယူပြီး ထလိုက်တာနဲ့ တစ်ပြိုင်နက် ကျွန်တော့်ရဲ့ နေ့စဉ်ရုန်းကန်မှုက စတင်ပါပြီ။ ခေါင်းရဲ့ ညာဘက်ခြမ်း နားထင်ကြောတွေကနေ စတင်ပြီး ညာဘက်မျက်လုံးအိမ်ထဲအထိ ထိုးကိုက်လာတဲ့ နာကျင်မှုက ဆီးကြိုနေတတ်တယ်။ တစ်ခါတစ်လေ မူးဝေဝေနဲ့ လောကကြီးက ခဏတာ ဟန်ချက်ပျက်သွားသလို ခံစားရတယ်။ နားထဲမှာလည်း အဆက်မပြတ် မြည်နေတဲ့ အသံတွေကို ကြားနေရတတ်တယ်။ ဒီလို မနက်ခင်းမျိုးတွေမှာဆိုရင် ပတ်ဝန်းကျင်က အသံတွေဟာ ကျွန်တော့် နားစည်ကို လာမှန်တဲ့ ခဲလုံးလေးတွေလိုပါပဲ။ အိမ်သားတွေ အချင်းချင်း သာမန်ပြောဆိုနေတဲ့ စကားသံတွေကအစ ကျွန်တော့်အတွက်တော့ အပ်ချွန်ချွန်လေးတွေလို ဖြစ်နေပြီး စိတ်ထဲမှာ အလိုလိုနေရင်း ကြောက်ရွံ့မှုတွေ ဝင်လာတတ်တယ်။ အရာအားလုံးက ကျွန်တော့်ကို ခြိမ်းခြောက်နေသလိုပါပဲ။
အဲဒီလို အချိန်မျိုးဆို ကျွန်တော့်ရဲ့ အလိုအလျောက် တုံ့ပြန်မှုက လက်ကောက်ဝတ်က စမတ်နာရီလေးဆီကို အကြည့်ရောက်သွားတာပါပဲ။ နာရီကပြနေတဲ့ ဂဏန်းတွေက ကျွန်တော့်အတွက်တော့ အသက်ဆက်ရှင်ဖို့ အာမခံချက်တွေလို ဖြစ်နေခဲ့တယ်။
“ သွေးပေါင်ချိန် ဘယ်လောက်ရှိလဲ… ၁၁၇/၆၉။”
“ အောက်ဆီဂျင် ဘယ်လောက်လဲ… ၉၉ ရာခိုင်နှုန်း။”
“ နှလုံးခုန်နှုန်းကရော… တစ်မိနစ်ကို ၁၀၃။”
နှလုံးခုန်နှုန်းက နည်းနည်း မြန်နေပေမယ့် ECG ရလဒ်က ပုံမှန် (Sinus Rhythm) ပဲလို့ ပြနေတယ်။ ဆေးပညာအရကြည့်ရင် ကျွန်တော့် ခန္ဓာကိုယ်မှာ ဘာအန္တရာယ်မှ မရှိဘူးဆိုတာ သေချာနေတယ်။ ဒါပေမယ့် Anxiety လို့ခေါ်တဲ့ စိုးရိမ်ပူပန်စိတ်က ယုတ္တိဗေဒကို လက်မခံပါဘူး။ ဂဏန်းတွေ ပုံမှန်ပြနေတယ်ဆိုတာကို ကျွန်တော့်ရဲ့ ဦးနှောက်က သိပါတယ်။ ဒါပေမယ့် အဲဒီ ယုတ္တိဗေဒကို လက်မခံနိုင်လောက်အောင် ဖောက်ပြန်နေတဲ့ ကိုယ့်စိတ်ကိုကိုယ် ပြန်ကြည့်ပြီး ဒေါသထွက်ရမလို၊ ငိုပဲ ငိုချင်တော့မလို အားငယ်မှုမျိုးကလည်း မနက်ခင်းတိုင်းရဲ့ အဖော်အလှည့် တစ်ခုလို ဖြစ်နေခဲ့တယ်။ ကျွန်တော့်စိတ်ကတော့ “ ငါ တစ်ခုခု ဖြစ်တော့မလား၊ ငါ့ခေါင်းကိုက်နေတာ သွေးကြောများ ပြတ်သွားမလား၊ ငါ့နှလုံး ရပ်သွားတော့မလား” ဆိုတဲ့ အဆိုးဝါးဆုံး ဇာတ်လမ်းတွေကိုပဲ ဆက်တိုက် ဖန်တီးနေတော့တယ်။ ရောဂါကြီးတစ်ခုခု ဖြစ်နေပြီလား ဆိုတဲ့ အတွေးက ခေါင်းထဲကနေ ဖျောက်ဖျက်ပစ်လို့ မရအောင် ကပ်ငြိနေခဲ့တယ်။
ဒီလိုနဲ့ ကျွန်တော်ဟာ နေ့စဉ် စားသောက်နေကျ အစားအသောက်တွေကိုပါ ကြောက်ရွံ့လာခဲ့ရတယ်။ ထမင်းစားတဲ့အခါမှာတောင် “ ဒီဟင်းနဲ့ ဒီဟင်း တွဲစားမိရင် တည့်ပါ့မလား။ ငါ့ခန္ဓာကိုယ်ထဲမှာ ဘယ်လိုတွေများ ဓာတ်ပြုသွားမလဲ” ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ စိုးရိမ်စိတ်တွေက ဝင်ရောက် နှောင့်ယှက်တတ်တယ်။ ပိုဆိုးတာက ဆေးဝါးတွေပါပဲ။ ခေါင်းကိုက်လို့၊ နေမကောင်းလို့ သာမန် ဆေးပြားလေးတစ်ပြား သောက်ရမယ်ဆိုရင်တောင် “ ဒီဆေးလေးသောက်လိုက်ရင် ငါ့ခန္ဓာကိုယ်ထဲက ဇီဝကမ္မဖြစ်စဉ်တွေ ဘယ်လိုများ ပြောင်းလဲသွားမလဲ၊ ငါ့နှလုံးခုန်နှုန်းတွေများ ရုတ်တရက် ရပ်သွားမလား၊ ဆေးမတည့်တာများ ဖြစ်မလား” ဆိုတဲ့ အတွေးတွေက ခေါင်းထဲမှာ ပင့်ကူအိမ်လို ရှုပ်ထွေးနေတတ်တယ်။
တစ်ခါကဆိုရင် အပြင်သွားရင်း ကော်ဖီတစ်ခွက် သောက်လိုက်မိတယ်။ သိပ်မကြာခင်မှာပဲ ရင်တွေ တဒိုင်းဒိုင်းခုန်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေ တုန်ယင်လာခဲ့တယ်။ ရင်ဘတ်ထဲကနေ ကတုန်ကယင်နဲ့ သေတော့မလို ခံစားရတယ်။ သာမန်လူတွေအတွက် ခွန်အားဖြစ်စေတဲ့ ကော်ဖီက ကျွန်တော့်ရဲ့ နူးညံ့နေတဲ့ အာရုံကြောစနစ်အတွက်တော့ မီးလောင်ရာ လေပင့်သလို ဖြစ်စေခဲ့တယ်။ တခြားသူတွေလို အပူအပင်ကင်းကင်းနဲ့ ကော်ဖီပူပူလေး တစ်ခွက်ကို အရသာခံသောက်ပြီး မနက်ခင်းကို အေးအေးလူလူ စတင်ချင်တဲ့ ဆန္ဒဟာ ကျွန်တော့်အတွက်တော့ ရယူဖို့ ခက်ခဲလွန်းတဲ့ ဇိမ်ခံပစ္စည်းတစ်ခုလို ဖြစ်လာခဲ့ပါတယ်။ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ပြင်ပလှုံ့ဆော်မှုလေး နည်းနည်းဖြစ်သွားတာကိုပဲ ကျွန်တော့်ရဲ့စိတ်က ကြီးမားတဲ့ အန္တရာယ်ကြီးတစ်ခုလို ထင်မှတ်နေခဲ့တာပါ။
အပြင်ပန်းက ကြည့်ရင်တော့ ကျွန်တော်ဟာ အရာအားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ စီမံခန့်ခွဲနိုင်တဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့် ဘဝရဲ့ အပြောင်းအလဲတွေ၊ အထူးသဖြင့် တာဝန်သစ်တစ်ခုအတွက် ခရီးရှည်ကြီး သွားရတော့မယ်ဆိုတဲ့ ကိစ္စမျိုးတွေ ကြုံလာရရင် ကျွန်တော့်ရဲ့ အတွင်းစိတ်က ရေတွေဝင်နေတဲ့ လှေငယ်လေးတစ်စင်းလို လေးလံသွားတတ်တယ်။ ခရီးသွားရမယ် ဆိုတဲ့အသိက ခေါင်းထဲဝင်လာတာနဲ့ တစ်ပြိုင်နက် ရင်ဘတ်ထဲက တင်းကျပ်လာပြီး အသက်ရှူရတာ ခက်ခဲလာတယ်။ အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေကို ကြိုတွေးပြီး ပူပန်နေရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးက ကျွန်တော့်ကို မြေကြီးပေါ် ပြားပြားဝပ်သွားစေလောက်အောင် လေးလံလွန်းလှပါတယ်။
ဒါပေမယ့်… တစ်နေ့တာရဲ့ အဆိုးရွားဆုံး အချိန်တွေဟာ မနက်ခင်းနဲ့ နေ့လယ်ခင်းတွေ ဖြစ်ခဲ့ပေမယ့် ညနေစောင်းလို့ နေမင်းကြီး ဝင်သွားတဲ့ အချိန်လေးမှာတော့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဟာ အံ့ဩစရာကောင်းလောက်အောင် ပြန်လည် တည်ငြိမ်လာတတ်တယ်။
ပတ်ဝန်းကျင်က အေးချမ်းသွားချိန်၊ ကောင်းကင်ကြီး မှောင်ရီပျိုးလာချိန်တွေမှာ ကျွန်တော် စက်ဘီးလေး တစ်စီးနဲ့ အပြင်ထွက်စီးဖြစ်တယ်။ လေအေးအေးလေးကို ရှူရှိုက်ရင်း လမ်းလျှောက်ဖြစ်တယ်။ အဲဒီလို အချိန်မျိုးဆိုရင်တော့ ခန္ဓာကိုယ်ထဲက တင်းကျပ်နေတဲ့ စိုးရိမ်စိတ်တွေဟာ ရေငွေ့တွေလို တဖြည်းဖြည်း လွင့်စင်သွားတတ်ပါတယ်။ အဲလိုအချိန်တွေရောက်လာရင်တော့ “ ဪ… ငါဟာ အသက်ရှင်လျက် ရှိနေပါသေးလား၊ ဒီမုန်တိုင်းတွေကို ငါ ဖြတ်ကျော်နိုင်ပါသေးလား” ဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည်လေးကို ပြန်လည် ရှာဖွေတွေ့ရှိရတတ်ပါတယ်။
Anxiety ဆိုတာ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို တိတ်တဆိတ် ကိုက်စားတတ်တဲ့ အရာပါ။ ကိုယ်လက်အင်္ဂါ ချို့တဲ့သွားတာ မဟုတ်ပေမယ့် မမြင်ရတဲ့ သံကြိုးတွေနဲ့ နှောင်ဖွဲ့ခံထားရသလို နေ့စဉ်ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။
ဒါပေမယ့်… မနက်ဖြန် မနက်ခင်းမှာ စိုးရိမ်ပူပန်မှုတွေနဲ့ ပြန်နိုးလာဦးမယ် ဆိုတာကို သိနေရင်တောင်မှ၊ ညနေခင်းရဲ့ လေပြေညင်းလေးတွေက ကျွန်တော့်ကို ဆက်လက် ရှင်သန်ဖို့ ခွန်အားတွေ ပေးနေဦးမှာပါ….။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

