ရှေ့မှာ လှမ်းမြင်နေရတဲ့ မြစ်ထဲ ဆင်းသွားလိုက်ရင်
ဒီခံစားချက်တွေ အားလုံး ပြီးဆုံးသွားမှာလား…
အမည်မသိပုစ္ဆာရဲ့ အဖြေတစ်ခုကိုရော ရှာတွေ့သွားမလား…
မရေရာတဲ့ မေးခွန်းတွေကြား သက်ပြင်းတွေပဲ ထပ်ခါထပ်ခါ ရှိုက်မိတယ်။
အရင်တုန်းက ကျွန်မ ပျော်ရွှင်ခဲ့ဖူးသလား။
ကျွန်မဆိုတာ ဘယ်လိုလူမျိုးလဲ။
ပျော်ရွှင်မှုဆိုတာ ဘာလဲ။
ဘာအတွက် ရှင်သန်နေပြီး ဘာကို ဦးတည်နေတာလဲ။
အနာဂတ်ဆိုတာရော ရှိလာဦးမှာလား။
ဒီအတွေးတွေကြားမှာ ကိုယ့်ကိုယ်ကိုယ်တောင် မပိုင်ဆိုင်တော့သလို ဗလာကျင်းနေခဲ့တယ်။ အပြစ်ရှိစိတ်တွေနဲ့အတူ ကိုယ့်တန်ဖိုးတွေ ကင်းမဲ့နေသလိုမျိုး၊ တစ်စုံတစ်ခုက အားအင်တွေကို စုပ်ယူထားသလိုမျိုး အရာရာဟာ မှောင်မိုက်ပြီး နုံးချိနေခဲ့တာ။
မှိန်ပျပျ ဥမင်ထဲကနေ အပြင်ဘက်ကို ငေးကြည့်ရင်း မျှော်လင့်စရာ တစ်စွန်းတစ်စများ ရှိမလား အလင်းတချို့ကို ဆွဲထုတ်မိတယ်။
မှိန်ပျပျလေးပေမယ့် ဒီအမှောင်ထုထဲမှာ ကျွန်မတစ်ယောက်တည်း မဟုတ်ဘူး။ အေးစက်နေတဲ့ လေတွေကြားထဲမှာ အဝေးက ငှက်သံလေးတွေ။
သူတို့တွေ ဘယ်ကို သွားနေကြတာလဲ…
ကျွန်မရော သူတို့လို လွတ်မြောက်နိုင်မလား။
ခြေလှမ်းတွေကို ပြန်ပြီး စုစည်းမိတယ်။
အရင်တုန်းက ပျော်ရွှင်ခဲ့ဖူးတဲ့ ကျွန်မဟာ
အခုလည်း ပြန်ပြီး ပျော်ရွှင်နိုင်တယ်ဆိုတာ ခဏမေ့နေခဲ့တာ။
ဒီမြစ်ရေထဲမှာ အဖြေမရှိဘူး။
အဖြေဆိုတာ ကျွန်မစိတ်ရဲ့ လက်တစ်ကမ်းမှာ။
အခုတော့…
ချစ်ခြင်းတွေ၊ နာကျင်ခြင်းတွေ၊ မေးခွန်းတွေနဲ့အတူ စစ်မှန်မှုကို ပြန်ရှာကြည့်မယ်။ ဒီလမ်းရဲ့ အဆုံးမှာ အိပ်မက်တွေက စောင့်နေလိမ့်မယ်။
တစ်နေ့…
ကျွန်မ ပြန်ထွက်လာတဲ့အခါ
ဒီအတွေးဆိုးတွေနဲ့ အမှောင်ထုကို ကျော်လွန်ပြီး
ပိုတောက်ပနေတဲ့ ကျွန်မအသစ်ကို တွေ့ရလိမ့်မယ်။
ဒီလို ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး သတိထားမိလိုက်ခြင်းဟာပဲ ကျွန်မရဲ့ တစ်ခုတည်းသော ကယ်တင်ရာ ဖြစ်လာတယ်….။
ရွယ်
မတ် ၂၀၂၆
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

