အသိစိတ်လေး ကပ်လာတဲ့အချိန်က ပြတင်းပေါက်ကနေတစ်ဆင့် မနက်ခင်းနေရောင်ခြည် အိပ်ရာပေါ် ကျလာတဲ့အချိန်။
တစ်ခုခုကို ပြန်စတင်ဖို့ အချက်ပေးလိုက်သလိုပါပဲ။ ကိုယ့်ခံစားချက်တွေကို သေချာနာမည်တပ်ကြည့်တော့ ရင်းနှီးနေတဲ့ အခေါ်အဝေါ်တစ်ခု…
“ငါ… စိတ်ကျရောဂါ ခံစားနေရတာလား။”
စိတ်ကျရောဂါဆိုတာ ကိုယ်တိုင်မသိလိုက်ဘဲ ဒီလိုပဲ ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာတတ်တာလား။ “လား” ပေါင်းများစွာနဲ့ ကြားဖူးနားဝ စိတ်ကျန်းမာရေးအကြောင်းတွေ လိုက်ဖတ်ကြည့်မိတယ်။ အဲဒီမှာ တွေ့လိုက်တဲ့ စကားလုံးတစ်လုံးက “ရင်ဖွင့်ပါ”တဲ့။
သတ္တိမွေးပြီး အနီးကပ်ဆုံးသူကို ပြောပြဖြစ်ခဲ့တယ်။ ငိုကြွေးမိတယ်။ အဲဒီမှာတင် ရင်ထဲပေါ့သွားတဲ့ ခံစားချက်ကို ပထမဆုံး ထိတွေ့လိုက်ရတာပဲ။
ကျွန်မ တကယ်လိုအပ်နေခဲ့တာက တစ်စုံတစ်ယောက်ရဲ့ နှစ်သိမ့်မှု ဖြစ်ချင်လည်း ဖြစ်မှာပေါ့။
အဆင်မပြေမှုတွေကြားကပဲ နေ့စဉ်အလုပ်တွေကို မရှောင်လွှဲဖို့ ကြိုးစားတယ်။ လစ်ဟင်းနေခဲ့တဲ့ ဝါသနာလေးတွေကို ပြန်တူးဆွတယ်။ လွင့်စင်နေတဲ့ အာရုံတွေကို ပစ္စုပ္ပန်ဆီ ဆွဲယူကြည့်တယ်။ သဘာဝတရားနဲ့ ထိတွေ့ဖို့တော့ လိုအပ်နေတုန်းပဲ။
“တစ်ချိန်ကျရင်” ဆိုတဲ့ မရေရာတဲ့ မျှော်လင့်ချက်လေးနဲ့ အရာရာကို ပြန်တည်ဆောက်နိုင်ပါ့မလား။
ကိုယ့်ရဲ့ ရာသီဥတုလေး တစိမ့်စိမ့်နဲ့ ပြန်ပြီး ပူနွေးလာတယ်။ ပုံမှန်တော့ မဖြစ်သေးဘူး။
ဒါပေမယ့်… မှိန်ပျပျ ဥမင်ထဲကနေ ကျွန်မ တစ်လှမ်းချင်း လျှောက်လာနေပြီ။ ရတဲ့နည်းလမ်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကုစားဖို့ ကြိုးစားနေပြီ။ သာမန်မဟုတ်တဲ့ စိတ်အခြေအနေနဲ့ ပုံမှန်လူသားတစ်ယောက်အဖြစ် ရှင်သန်နိုင်ဖို့ပေါ့။
အခုထိတော့ ကျွန်မ ကြိုးစားနေဆဲပါပဲ….။
ရွယ်
မတ် ၂၀၂၆
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

