“အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ”

ဓာတ်လှေကားထဲ ခြေချမိတိုင်း ရင်ဘတ်က တင်းကျပ်လာတာ၊ အသက်ရှူကျပ်လာတာမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ် အခန်းကျဉ်းကျဉ်းလေးထဲ ရောက်သွားရင် ချက်ချင်း အော်ဟစ်ထွက်ပြေးချင်စိတ်‌ ပေါ်ဖူးပါသလား။

ဒီနေ့မှာတော့ စိတ်ကျန်းမာရေး ဗဟုသုတအနေနဲ့ အလုံပိတ်နေရာတွေကို ကြောက်ရွံ့ရတဲ့ Claustrophobia အကြောင်းကို မျှဝေပေးပါရစေ။
…
…

  • Claustrophobia ဆိုတာ ဘာလဲ။

ရိုးရိုးရှင်းရှင်းဆိုရရင် Claustrophobia ဆိုတာ အကန့်အသတ်ရှိတဲ့ နေရာထဲမှာ ပိတ်မိသွားမှာ ဒါမှမဟုတ် ထွက်ပေါက်မရှိတော့ဘူးဆိုတဲ့ အတွေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့ ကြောက်ရွံ့မှုတစ်မျိုးပါ။ ဒါဟာ သာမန်စိုးရိမ်စိတ်ထက် ကျော်လွန်ပြီး ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်လာနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်တတ်ပါတယ်။

ဒီကြောက်စိတ်ဟာ နေရာမျိုးစုံမှာ ပေါ်လာနိုင်ပါတယ်။ ဥပမာ ဓာတ်လှေကား၊ ပြတင်းပေါက်မပါတဲ့ အခန်း၊ လူပြည့်ကျပ်နေတဲ့ရထား၊ ဆေးရုံက MRI စက် ဒါမှမဟုတ် လေယာဉ်ပေါ်မှာ အပြင်ဘက်ကို ငေးနေရင်း ရုတ်တရက် ထိတ်လန့်သွားတာမျိုးပေါ့။
.

  • ကြောက်စိတ်ဝင်လာတဲ့အခါ ဘာတွေခံစားရလဲ။

ကြောက်စိတ်ဝင်လာတာနဲ့ ခန္ဓာကိုယ်က ချက်ချင်းတုံ့ပြန်ပါတယ်။ အသက်ရှူမြန်လာပြီး ရင်ဘတ်က တင်းကျပ်လာမယ်၊ ချွေးတွေထွက်လာမယ်။ လက်တွေတုန်လာမယ်။ ခေါင်းမူးလာတတ်ပါတယ်။ ဒါတွေအားလုံးဟာ ဦးနှောက်က အန္တရာယ်လို့ အချက်ပေးလိုက်တဲ့ သဘာဝတုံ့ပြန်မှုတွေပါ။

ဒါ့အပြင် “ငါတော့ ဒီမှာတင် ပိတ်မိပြီး ထွက်လို့မရတော့ဘူး” ဆိုတဲ့ ပြင်းထန်တဲ့ စိုးရိမ်စိတ်လည်း ဝင်လာနိုင်ပါတယ်။
.

  • ဒါက ဘာကြောင့် ဖြစ်ရတာလဲ။

ဒီကြောက်စိတ်က ဘယ်ကလာတာလဲဆိုတော့ တစ်ခါတလေမှာ ငယ်ငယ်က ပိတ်မိခဲ့ဖူးတဲ့ အတွေ့အကြုံ (Trauma) ကြောင့်လည်း ဖြစ်နိုင်သလို၊ တစ်ခါတလေ ဦးနှောက်ထဲက Amygdala လို့ခေါ်တဲ့ အန္တရာယ်သတိပေးစနစ်က အလွန်အကျွံ တုံ့ပြန်မိလို့လည်း ဖြစ်ပါတယ်။ ဒါဟာ ချို့ယွင်းချက်တစ်ခုမဟုတ်ဘဲ ဦးနှောက်ရဲ့ ကာကွယ်ရေးယန္တရား လွန်ကဲသွားတာမျိုးပါ။
.

  • ဒီလိုကြောက်စိတ် ရုတ်တရက်ဝင်လာရင် ဘာလုပ်မလဲ။

အတိုချုံးပြောရရင် အသက်ပြင်းပြင်းရှူလို့လည်း ရသလို တစ်ခါတစ်ရံ အသက်ရှူဖို့ ခက်နေရင် အောက်ပါနည်းလမ်းတွေကို စမ်းကြည့်ပါ။

✅ ၅-၄-၃-၂-၁ နည်းလမ်းဖြင့် စိတ်ကို တည်ငြိမ်စေပါ
စိုးရိမ်စိတ် လွန်ကဲလာရင် ဦးနှောက်က လက်ရှိပတ်ဝန်းကျင်ကို မေ့သွားတတ်ပါတယ်။ အဲဒီအခါ ဒီနည်းလမ်းလေးကို စမ်းကြည့်ပါ။

၅ − မြင်နေရတဲ့ အရာ ၅ ခုကို စိတ်က‌နေ ရွတ်ကြည့်ပါ။ (ဓာတ်လှေကားခလုတ်၊ ဘေးလူရဲ့ဖိနပ်၊ ကိုယ့်လက်သည်း…)

၄ − ထိတွေ့နေတဲ့ အရာ ၄ ခုကို ခံစားကြည့်ပါ။

၃ − ကြားနေရတဲ့ အသံ ၃ မျိုးကို နားစွင့်ပါ။

၂ − အနံ့ ၂ မျိုးကို ရှူရှိုက်ကြည့်ပါ။

၁ − ကိုယ့်ခံတွင်းက အရသာ ၁ မျိုးကို အာရုံပြုပါ။

ဒီလိုလုပ်တာက ဦးနှောက်ကို အန္တရာယ်မရှိဘူးဆိုတဲ့ သတင်းပေးမှုကို ဖြစ်စေပါတယ်။

  • ထွက်ပေါက်ကို မရှာပါနဲ့။ အာရုံကို တစ်နေရာတည်းမှာ ခဏထားပါ။

ကြောက်စိတ်ဝင်လာရင် မျက်စိက ထွက်ပေါက်ကိုပဲ အလိုလိုရှာမိပြီး ပိုပြီး စိုးရိမ်လာတတ်ပါတယ်။ အဲဒီအစား ကိုယ့်လက်ပတ်နာရီရဲ့ စက္ကန့်လက်တံ ရွေ့နေတာကိုပဲ စိုက်ကြည့်တာမျိုး ဒါမှမဟုတ် ဖုန်းမျက်နှာပြင်ပေါ်က စာလုံးတစ်လုံးကို အာရုံစိုက်ပြီး စိတ်က ရွတ်တာမျိုး လုပ်ပါ။ ဒါဟာ စိတ်ကို အန္တရာယ်ကနေ ဘေးကင်းတဲ့အရာဆီကို လွှဲပြောင်းပေးတဲ့ နည်းလမ်းပါ။

ကြောက်စိတ်ကြောင့် ရင်တုန်တာ၊ အသက်ရှူရခက်တာဟာ တကယ်အန္တရာယ်ရှိလို့ မဟုတ်ဘဲ စိတ်ရဲ့တုံ့ပြန်မှုသက်သက်ပဲဆိုတာကို သတိထားလိုက်ပါ။

ဒါတွေကို သတိနဲ့ ဖြည်းဖြည်းချင်း လုပ်တဲ့အခါ ကြောက်စိတ်ဟာ ၅-၁၀ မိနစ်အတွင်း အလိုလို လျော့ကျသွားမှာပါ။
.

Claustrophobia ရှိတဲ့သူ တော်တော်များများဟာ လူအများကြားထဲမှာ အခန်းပြင် ပြေးထွက်ချင်တာ၊ ဓာတ်လှေကားမစီးဘဲ လှေကားက သွားချင်တာမျိုးကို “ငါ့ကို ရူးနေတယ်လို့ ထင်ကြမလား” ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဖုံးကွယ်ထားတတ်ကြပါတယ်။ တကယ်တော့ ဒီကြောက်စိတ်ဟာ စိတ်ဓာတ်ပျော့ညံ့လို့ ဖြစ်တာမဟုတ်သလို ရှက်စရာလည်း လုံးဝမဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာ ဖျားနာမှုဖြစ်သလိုမျိုး စိတ်မှာလည်း ခဏတာ တုံ့ပြန်မှု လွန်ကဲသွားတာပဲ ဖြစ်ပါတယ်။

ကျွန်မ ဒီအကြောင်းကို မျှဝေရတာဟာ အကယ်၍ မိမိကိုယ်တိုင်မှာပဲဖြစ်ဖြစ်၊ ဘေးနားက ချစ်ရတဲ့သူတွေမှာပဲဖြစ်ဖြစ် ဒီလိုခံစားချက်မျိုးရှိနေရင် “ငါတစ်ယောက်တည်း ဖြစ်နေတာ မဟုတ်ပါလား” ဆိုတဲ့ အသိနဲ့ စိတ်သက်သာရာရစေချင်တာပါ။

ဒီကြောက်စိတ်ဟာ ကုသလို့လည်း ရပါတယ်။ စိတ်ကုထုံးနဲ့ တဖြည်းဖြည်း ရဲတင်းလာအောင် လေ့ကျင့်ပေးတဲ့နည်းလမ်း (Exposure Therapy) တွေကနေ သိသိသာသာ သက်သာလာနိုင်ပါတယ်။

အရေးအကြီးဆုံးက ကိုယ့်စိတ်ကျန်းမာရေးကို ရှက်စရာမဟုတ်ဘူးဆိုတာ သိထားဖို့ပါ။ မိမိကိုယ်တိုင်အတွက်ဖြစ်‌စေ၊ ပတ်ဝန်းကျင်မှာ ဒါမျိုးခံစားနေရသူတွေအတွက်ပဲ ဖြစ်‌စေ ဒီအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောဆိုပြီး အကူအညီရှာဖို့ မတွန့်ဆုတ်ပါနဲ့။ 🙏

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

…

…

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here