ညဘက် ကောင်းကောင်းအိပ်ပျော်ဖို့ မနက်ခင်းကတည်းက ပြင်ဆင်ရတယ်ဆိုတာ သိပါသလား။

ညဘက်တွေဆို ဖုန်းပွတ်ရင်းနဲ့ အိပ်မပျော်တာ၊ အိပ်ရာထဲ ရောက်နေပေမယ့် မျက်လုံးက ကြောင်နေတာမျိုး ခဏခဏ ကြုံဖူးကြမှာပါ။ ညဘက် ဖုန်းကြည့်ရင် ဖုန်းစခရင်ကထွက်တဲ့ အပြာရောင်အလင်း (Blue Light) ကြောင့် အိပ်မပျော်ဘူးဆိုတာ လူတိုင်းနီးပါး သိကြပြီးသားဖြစ်မှာပါ။

ဒါပေမယ့် တကယ်တော့ ညဘက် ကောင်းကောင်းအိပ်ပျော်ဖို့အတွက် လျှို့ဝှက်ချက်က ညဘက်မှာတင် ရှိတာမဟုတ်ဘဲ မနက်ခင်းကတည်းက စတင်ပြင်ဆင်ရတာဖြစ်ပါတယ်။

ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ ဇီဝနာရီ (Circadian Rhythm) လို့ခေါ်တဲ့ (၂၄) နာရီပတ်လည် အချိန်ကိုက်စနစ်ကြီး ရှိပါတယ်။

မနက်ခင်း အိပ်ရာနိုးနိုးချင်း မိနစ် (၂၀) အတွင်းမှာ အပြင်ထွက်ပြီး သဘာဝ နေရောင်ခြည်ကို မျက်စိမှတစ်ဆင့် ခံယူလိုက်တဲ့အခါ မျက်လုံးထဲက ဆဲလ်တွေကနေ ဦးနှောက်ဆီကို “မနက်ရောက်ပြီ” ဆိုတဲ့ အချက်ပြချက် (Signal) ပို့လိုက်ပါတယ်။ အဲဒီအခါ ဦးနှောက်က လူကို နိုးကြားတက်ကြွစေတဲ့ ဟော်မုန်းတွေကို အချိန်ကိုက် ထုတ်ပေးပါတယ်။

အဲဒီမနက်ခင်း နေရောင်ခြည်ကို မျက်စိက မြင်လိုက်တဲ့အချိန်ကစပြီး (၁၄) နာရီမှ (၁၆) နာရီအကြာ (ညဘက်) မှာ လူကို နှစ်ခြိုက်စွာ အိပ်ပျော်စေမယ့် မယ်လတိုနင်ဟော်မုန်း ထွက်လာဖို့အတွက် ဦးနှောက်ထဲမှာ Timer စတင်ပေးလိုက်တာ ဖြစ်ပါတယ်။ ဆိုလိုတာက မနက်ခင်းမှာ နေရောင်ခြည် ကောင်းကောင်းမရရင် ညဘက် မယ်လတိုနင် ထွက်မယ့် အချိန်မှတ်စနစ်က ကမောက်ကမ ဖြစ်သွားတတ်ပါတယ်။

ဒါဆို ညဘက် ဖုန်းစခရင်၊ ကွန်ပျူတာစခရင်တွေက ထွက်တဲ့ အပြာရောင်အလင်း (Blue Light) က ဘာလုပ်လဲဆိုတော့ ဦးနှောက်ကို “မနက်ခင်း နေရောင်ခြည် ရနေတုန်းပဲ” လို့ သွားပြီး လှည့်စားလိုက်တာ ဖြစ်ပါတယ်။ ညအိပ်ခါနီး ဖုန်းအကြာကြီး ကြည့်လိုက်တဲ့အခါ ဦးနှောက်က မနက်ခင်းပဲ ရှိသေးတယ်လို့ ထင်သွားပြီး အိပ်ပျော်စေမယ့် မယ်လတိုနင် ဟော်မုန်း ထုတ်လုပ်မှုကို ချက်ချင်း ရပ်တန့် (သို့မဟုတ်) နောက်ဆုတ်ပစ်လိုက်ပါတယ်။ ဒါကြောင့်ပဲ အိပ်ချိန်ရောက်ပေမယ့် မျက်လုံးက ကြောင်ပြီး အိပ်မပျော်တော့တာ ဖြစ်ပါတယ်။

ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး မနက်ခင်းမှာ လန်းလန်းဆန်းဆန်း နိုးထချင်တယ်ဆိုရင် ဒီအလေ့အထလေး နှစ်ခုကို စမ်းလုပ်ကြည့်ပါ။

၁။ အိပ်ရာနိုးရင် ဖုန်းကို အရင်ကောက်မကိုင်ပါနဲ့ဦး။ ပြတင်းပေါက်ကို ဖွင့်ပါ ဒါမှမဟုတ် အပြင်ကို (၅) မိနစ်၊ (၁၀) မိနစ်လောက် ထွက်ပြီး သဘာဝနေရောင်ခြည်ကို ခံယူပါ။

၂။ အိပ်ခါနီး (၁) နာရီအလိုမှာ ဖုန်း၊ ကွန်ပျူတာတွေကို အဝေးမှာ ထားလိုက်ပါ။ အလင်းမှိန်မှိန်လေးပဲ သုံးပြီး ဦးနှောက်ကို “ညရောက်ပြီ” ဆိုတာ သိအောင် အချက်ပြပေးပါ။

ဒီလို သဘာဝအလင်း (Sunlight) နဲ့ လူလုပ်အလင်း (Blue Light) ကို စနစ်တကျ ခွဲခြားအသုံးချတတ်ရင် သင့်ရဲ့ အိပ်စက်ခြင်း အရည်အသွေးက သိသိသာသာ တိုးတက်လာမှာပဲ ဖြစ်ပါတယ်….။

Ref : 📚
https:// www. google. com / search?q=

https:// www. hubermanlab. com / newsletter / using-light-sunlight-and-blue-light-to-optimize-health

https:// pmc/ncbi.nlm.nih.gov / articles / PMC2717723/

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here