မိုးအကုန်ဆောင်းကူး ရာသီအကူးအပြောင်းမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနဲ့ နှာစေး၊ ချောင်းဆိုး သက်သာအောင် ဘယ်လိုနေထိုင်မလဲ။

မိုးကုန်လို့ ဆောင်းကူးပြီဆိုတာနဲ့ အအေးဓာတ်လေး စတင်လာပြီး ခြောက်သွေ့လာတဲ့အတွက် ရာသီဥတု ရုတ်တရက် ပြောင်းလဲချိန်မှာ ရာသီတုပ်ကွေးဗိုင်းရပ်စ်၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများနဲ့ ဓာတ်မတည့်ခြင်းများ အဖြစ်များလာတတ်ပါတယ်။
.

🔺တုပ်ကွေးလား၊ ဓာတ်မတည့်တာလား၊ သွေးလွန်တုပ်ကွေးလား။

ရာသီအကူးအပြောင်းမှာ လက္ခဏာတွေ တူညီတတ်တာကြောင့် စနစ်တကျ ခွဲခြားသိရှိထားဖို့ လိုပါတယ်။

ရာသီတုပ်ကွေး (Seasonal Flu) မှာ ကိုယ်ပူဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနှင့် အဆစ်အမြစ်များ ကိုက်ခဲခြင်း၊ လည်ပင်းနာခြင်း၊ ချောင်းဆိုးခြင်းနှင့် အလွန်အမင်း နာမကျန်းဖြစ်ခြင်းများ ဖြစ်တတ်ပါတယ်။

ဓာတ်မတည့်ခြင်း (Allergies) မှာတော့ ဖုန်၊ အေးစက်သော လေနှင့် ယမ်းခိုး/မီးခိုးများကြောင့် နှာချေခြင်း၊ နှာရည်ယိုခြင်း၊ မျက်စိ ယားယံစပ်ဖျင်းခြင်းများ ဖြစ်တတ်ပါတယ်။ (ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း မရှိပါ)

သွေးလွန်တုပ်ကွေး (Dengue) ဟာလည်း မိုးအကုန်ပိုင်းမှာ ဆက်လက်ရှိနေနိုင်ပြီး ရုတ်တရက် အပူချိန် အလွန်မြင့်မားစွာ ဖျားခြင်း၊ မျက်လုံးနောက်ကျောမှ အောင့်ခြင်း၊ အဖုအပိမ့်ထွက်ခြင်းများ ဖြစ်တတ်ပါတယ်။ (နှာစေး/ချောင်းဆိုး လက္ခဏာများ နည်းပါးပါတယ်)
.

◾️ဘယ်သူတွေ ပိုမို သတိထားရမလဲ။

၁။ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ
ကိုယ်ခံအားစနစ် အားနည်းသည့်အတွက် အအေးမိရာမှတစ်ဆင့် အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်းများ လွယ်ကူစွာ ကူးစက်နိုင်ပါတယ်။

၂။ ပန်းနာရင်ကျပ်နဲ့ နာတာရှည်ရောဂါရှိသူများ
အေးစက်သော လေနှင့် ဖုန်မှုန့်များကြောင့် ရင်ကျပ်ရောဂါ ကြွလွယ်ပါတယ်။
.

🔹ကာကွယ်ရန်နှင့် သက်သာစေရန် ဆောင်ရန်များ

၁။ နွေးထွေးစွာ နေထိုင်ပါ။ နံနက်စောစောနှင့် ညဉ့်နက်ပိုင်း အေးစက်သော အချိန်များတွင် အနွေးထည်၊ ခြေအိတ်များ ဝတ်ဆင်ပါ။

၂။ ရေနွေးနွေး ပုံမှန်သောက်ပေးပြီး ရေနွေးငွေ့ ရှူရှိုက်ပေးပါ။

၃။ လူထူထပ်သော နေရာများသို့ သွားပါက နှာခေါင်းစည်း (Mask) တပ်ဆင်ပါ။

၄။ လည်ပင်းနာခြင်းအတွက် ဆားနွေးရေဖြင့် ပလုတ်ကျင်းပေးပါ။

၅။ ဗီတာမင်စီ ပါဝင်သော သဘာဝသစ်သီးများနှင့် အာဟာရပြည့်ဝသော အစားအစာများကို မှီဝဲပါ။
.

❌ အအေးမိ၊ လည်ပင်းနာနဲ့ ရာသီတုပ်ကွေး အများစုက ဗိုင်းရပ်စ် (Virus) ကြောင့်ဖြစ်ပွားတာကြောင့် ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဆေးဆိုင်များတွင် ပဋိဇီဝဆေးများ (ပိုးသတ်ဆေးများ) ကို လွယ်လွယ်ကူကူ ဝယ်ယူမသောက်သုံးပါနဲ့။

✅ အအေးမိ/တုပ်ကွေး လက္ခဏာများ စတင်ပြသလာပါက (ပိုမိုဆိုးရွားလာသည့် အဆုတ်ရောင်/လေပြွန်ရောင် ရောဂါများ မဖြစ်ပွားစေရန်အတွက်) ဆေးရုံ/ဆေးခန်းများတွင်သာပြသပြီး ဆရာဝန်များရဲ့ ညွှန်ကြားချက်များအတိုင်းလိုက်နာကြဖို့ တိုက်တွန်းလိုက်ပါတယ်။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

…

…

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here