အသည်းရောင်အသားဝါ A ရောဂါကူးစက်မှုတွေက အဖြစ်များလာတာမို့ ဂရုစိုက်ဆင်ခြင်နိုင်ဖို့ မျှဝေလိုက်ရပါတယ်။
ဒီရောဂါဟာ Hepatitis A ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ အသည်းရောင်ရောဂါ ဖြစ်ပါတယ်။
✓ ဗိုင်းရပ်စ်ရဲ့ သဘာဝ
အသည်းရောင်အသားဝါ အေ ဗိုင်းရပ်စ်ဟာ ပတ်ဝန်းကျင်မှာ ခံနိုင်ရည် အလွန်မြင့်မားတဲ့ ပိုးဖြစ်ပါတယ်။ အပြင်ဘက်မှာ အဆီအမြှေးပါးမရှိတဲ့ ဗိုင်းရပ်စ်ဖြစ်လို့ အရက်ပြန်ပါတဲ့ လက်သန့်ဆေးရည်တွေနဲ့ ဆေးကြောရုံနဲ့တင် ပိုးကိုသေအောင် မသတ်နိုင်ပါဘူး။ အပူဒဏ်၊ အက်ဆစ်ဒဏ်ကို ခံနိုင်ရည်ရှိပြီး ရေဆူမှတ် (100°C) အထိ စနစ်တကျကျိုချက်မှသာ ပိုးသေစေနိုင်ပါတယ်။
.
✓ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ။
ပိုးဝင်ပြီး (၂) ပတ်ကနေ (၄) ပတ်အတွင်းမှာ အောက်ပါလက္ခဏာတွေ ပြလေ့ရှိပါတယ်။
- အလွန်အမင်း နုံးခွေပြီး ဖျားခြင်း
- အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း
- ဝမ်းဗိုက်ညာဘက်အပေါ်နား (အသည်းရှိတဲ့နေရာ) အောင့်ခြင်း
- အသားဝါခြင်း၊ မျက်လုံးဝါခြင်း
- ဆီးအရောင် ရင့်လာခြင်း (လက်ဖက်ရည်ကြမ်းရင့်ရောင်)
.
✓ဘယ်လိုကနေ ကူးစက်တာလဲ။
အဓိက ကူးစက်လမ်းကြောင်းကတော့ “မစင်မှတစ်ဆင့် အစာလမ်းကြောင်းသို့ ကူးစက်ခြင်း” ဖြစ်ပါတယ်။
ဆိုတော့ ဘာတွေ့တွေ့ စားလိုက်မယ်ဆိုတဲ့ အစားသရဲလေးတွေ ဂရုစိုက်သင့်ပါတယ်။
၁။ ပိုးရှိသူရဲ့မစင်နဲ့ ထိတွေ့ခဲ့တဲ့ မသန့်ရှင်းတဲ့ ရေနဲ့ အစားအသောက်တွေကို စားမိရာကနေ ကူးစက်ပါတယ်။
၂။ အိမ်သာတက်ပြီး လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင်မဆေးဘဲ အစားအစာ ကိုင်တွယ်သူတွေဆီကနေတစ်ဆင့် အဓိက ပြန့်ပွားတတ်ပါတယ်။
၃။ အခုလို မိုးတွင်းမှာ သရက်သီးမှည့်နဲ့ဆို ပေါလိုက်တဲ့ယင်ကောင်တွေ… သူတို့ကိုလည်း သတိထားရပါမယ်။ ယင်ကောင်က အကုန်လျှောက်နားပြီး ပိုးကို တစ်နေရာကနေ တစ်နေရာသယ်ပေးပါတယ်။ အထူးသဖြင့် မိမိစားတဲ့ အစားအစာပေါ် ယင်ကောင်လာနားပြီး ဗိုက်အောင့်၊ အသားဝါတွေ ဖြစ်လာတတ်တာပေါ့။
၄။ ရောဂါပိုးရှိသူနဲ့ အတူနေ၊ လိင်ဆက်ဆံခြင်း (အထူးသဖြင့် oral sex, anal sex) တို့ဖြင့်လည်း ကူးစက်နိုင်ပါတယ်။
.
✓ B ပိုး C ပိုးတို့နဲ့ ကွာခြားချက်
အသည်းရောင်အသားဝါ အေ ပိုးဟာ ရုတ်တရက် အသည်းရောင်တဲ့ အခြေအနေသာ ဖြစ်ပွားစေပြီး ခန္ဓာကိုယ်က ပိုးကို အမြစ်ပြတ် တိုက်ထုတ်နိုင်ပါတယ်။ ဘီပိုး၊ စီပိုးတွေလို အသည်းထဲမှာ ဆယ်စုနှစ်နဲ့ချီ အောင်းနေပြီး နာတာရှည် အသည်းခြောက်တာ၊ အသည်းကင်ဆာဖြစ်တာမျိုး လုံးဝ (လုံးဝ) မရှိပါဘူး။ ရောဂါပျောက်ကွယ်သွားရင် ခန္ဓာကိုယ်မှာ တစ်သက်လုံးစာ ကာကွယ်မယ့် ကိုယ်ခံအားကျန်ရှိခဲ့မှာ ဖြစ်ပါတယ်။
.
✓သတိထားရမည့် ပြင်းထန်နောက်ဆက်တွဲပြဿနာ
“နာတာရှည်မဖြစ်ဘူးဆိုတော့ မစိုးရိမ်ရဘူးလား” ဆိုရင်တော့ မဟုတ်ပါဘူး။ အေပိုးဟာ အသက်ကြီးသူတွေ၊ အသည်းရောဂါအခံရှိသူတွေမှာဖြစ်ရင် အသက်အန္တရာယ်ရှိတဲ့အထိ ပြင်းထန်နိုင်ပါတယ်။
Fulminant Hepatic Failure (ရုတ်တရက် အသည်းအလုပ်မလုပ်တော့ခြင်း) ဟာ အလွန်ရှားပါးပေမယ့် အေပိုးကြောင့် အသည်းဆဲလ်တွေ အစုလိုက်အပြုံလိုက် ရုတ်တရက် ပျက်စီးသွားပြီး အသည်းပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။
.
✓ဘယ်လိုကာကွယ်ကြမလဲ။
ဒီရောဂါကို ကာကွယ်ဖို့ နည်းလမ်း (၂) သွယ် ရှိပါတယ်။
၁။ သန့်ရှင်းသော နေထိုင်မှုပုံစံ
“သေချာကျက်အောင် ချက်ပြုတ်စား၊ ရေသန့်သောက်၊ လက်ကို စင်ကြယ်အောင်ဆေး” ဟူသော ဆောင်ပုဒ်အတိုင်း လိုက်နာပါ။
အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ရေကို အသုံးပြု၍ စက္ကန့် ၂၀ ကြာအောင် ဆေးကြောပါ။ (အရက်ပြန်ဂျယ်လ်တစ်ခုတည်းကို သုံးခြင်းက ထိရောက်စွာ မကာကွယ်နိုင်ပါဘူး)
လမ်းဘေးအစားအစာများ၊ ယင်နားစာများနှင့် မကျက်တကျက် ပင်လယ်စာ (ခရု၊ ကမာ) များကို ရှောင်ကြဉ်ပါ။
ရေသန့်မရနိုင်သောနေရာတွေမှာ ရေကို ကျိုချက်ပြီးမှ သောက်သုံးပါ။
၂။ ကာကွယ်ဆေးထိုးနှံခြင်း
အေပိုးအတွက် စိတ်အချရဆုံး ကာကွယ်မှုကတော့ ကာကွယ်ဆေး ထိုးနှံထားခြင်း ဖြစ်ပါတယ်။
ကာကွယ်ဆေးပမာဏနဲ့ အကြိမ်ရေက အသက်အရွယ်၊ ကာကွယ်ဆေး အမျိုးအစားပေါ် မူတည်တာမို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ထိုးနှံကြဖို့ အကြံပေးပါလိုတယ်….။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


