လွန်ခဲ့သော ဆယ်နှစ်ကျော် ကာလကပေါ့။ ပထမဆုံး ဆေးရုံညဂျူတီ ဆင်းရတဲ့ ညတစ်ညမှာ ပထမဆုံး လက်လွှတ်လိုက်ရတဲ့ လူသားတစ်ယောက်အကြောင်းဆိုတာ ဘယ်တော့မှ မေ့မရတဲ့အရာ ဖြစ်လာတာပေါ့။

လူနာက ကောင်လေး ဝဝတုတ်တုတ်။ လူကြီး (၂) ယောက်ဝိုင်းမပြီး ဆေးရုံခုတင်ပေါ် မနည်းတင်ရတယ်။ ဝါ့ဒ်ထဲ ရောက်လာချိန်က နေ့ဆိုင်းဂျူတီသမားတွေ ပြန်ခါနီး (၄) နာရီ ထိုးခါနီးလောက်မှာပေါ့။ အသက်က (၁၇/၁၈) လေး။ ရောက်လာကတည်းက သွေးပေါင်တိုင်းမရဘူးတဲ့။

အဲဒီတုန်းက အလုပ်သင် စဆင်းခါစဆိုတော့ အကြောကြီးကြီးတွေပဲ ထိုးတတ်သေးတာလေ။ ဒီလို ရှော့ဖြစ်နေတဲ့သူဆိုတော့ စီနီယာအကြီးတွေကိုပဲ ရှေ့ပို့ပြီး သူတို့တွေ သွေးကြောအမြန်ရှာကြတာပေါ့။ လက်တွေလည်း နှစ်ဖက်လုံးထိုးမရ၊ ခြေထောက်တွေရှာလည်း မျှင်မျှင်လေးပဲရတော့ ရှော့ကိုကုဖို့ ဆေးသွင်းမရ။ ရပြန်တော့လည်း ဆေးက တစ်စက်စီပဲကျတော့ သွေးပေါင်ပြန်တက်အောင် လုပ်မရဖြစ်နေတာပေါ့။ ခွဲစိတ်ဆရာဝန်ခေါ်ပြီးတောင် အကြောရှာ ခွဲထုတ်ပြီး လုပ်ဖို့ ကြိုးစားကြပါသေးတယ်။

ရှော့ဖြစ်နေပေမယ့် စကားတော့ တစ်လုံးစ နှစ်လုံးစ ပြောနိုင်ပါသေးတယ်။ “သား ရေသောက်ချင်တယ်၊ အအေးလေးသောက်ချင်တယ်” တဲ့။ ဒါနဲ့ သူ့အိမ်သားတွေက ဝယ်လို့လွယ်တဲ့ မက်စ်ပလပ် (Max Plus) လိမ္မော်ရောင်လေး အမြန်ဝယ်လာပြီး တိုက်ဖို့ဖွင့်ပေးတာပေါ့။ သောက်မယ်လုပ်တဲ့အချိန်မှာ သမားတော်အစ်မက အကြောရှာနေရင်း “ဟာ ဒါက ဂတ်စ်တွေနဲ့။ မရဘူး” တဲ့။

ဒါဟာ လူနာအနေနဲ့ နောက်ဆုံးပြောတဲ့ စကားလို့များ ကျွန်မတို့အားလုံး တွေးမိ၊ ခံစားမိခဲ့ရင် သူ့ကို တစ်ကျိုက်လောက်များ တိုက်မိမလားလို့ ခုချိန်ထိ သံသယဖြစ်နေဆဲပါပဲ။ ထိုနောက်ပိုင်းကတည်းက ဘယ်တော့မှ မက်စ်ပလပ် လိမ္မော် မသောက်ဖြစ်တော့ပါ။ ပထမဆုံး လက်လွှတ်ရတဲ့ လူနာတောင် နောက်ဆုံးအနေနဲ့ မသောက်လိုက်ရတာလေ။ ဘယ်လို မျိုချရက်ပါ့မလဲ။

ပြန်တွေးကြည့်ရင် လူနာက ကိုယ့်မောင်လေးလောက်ပဲ ရှိသေးမယ်။ ငယ်ငယ်နုနု ပွင့်စပန်းလေး နှမြောစရာပါ။ ဆရာဝန်ဆိုတော့ သေခြင်း/ရှင်ခြင်းဆိုတာ နိစ္စဓူဝ အစိတ်အပိုင်းတစ်ခုပဲ မဟုတ်ပါလား။ ဒါပေမယ့်လည်း ဒီလို အညွန့်အဖူးလေးတွေ၊ ကလေးလေးတွေ မဆုံးရှုံးရစေချင်ဘူး။

ဒီကလေးဆိုရင် ဖျားတာ (၃/၄) ရက်ရှိပြီ။ အနားက ဆေးခန်းတော့ သွားပြတယ်။ ဆေးလည်း ထိုးပေးပါတယ်တဲ့။ သက်သာပေမယ့် ညကျ ပြန်ဖျား၊ အဖျားကြီးပြီး ပြန်ဖြစ်ရောတဲ့။ နှာစေး၊ ချောင်းဆိုးမရှိ၊ အဖျားကြီး တစ်ကိုယ်လုံးကိုက်ခဲ၊ သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာပေါ့လေ။ ကလေးငယ်တွေမှာ အဖြစ်များတယ်။ ကလေးတွေကိုတော့ တင်ပါးဆေးထိုးတာမျိုး ဒိုင်ကလို (Diclofenac) သိပ်မထိုးကြပေမယ့် လူကောင်ကြီးနေတဲ့ ကလေးပဲဖြစ်ဖြစ်၊ လူကြီးတွေမှာပဲဖြစ်ဖြစ် အကိုက်အခဲပျောက်ဆေး ဒိုင်ကလို ထိုးပေးကြတာ များပါတယ်။ ဒီလိုအကိုက်အခဲပျောက်ဆေး ထိုးခဲ့/သောက်ခဲ့မယ်ဆိုရင် သွေးလွန်တုပ်ကွေးဖြစ်တဲ့အတွက် သွေးလွန်ပြီး ရှော့ဖြစ်ဖို့ရာခိုင်နှုန်း ပိုများပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီး မပေါ့ဆဖို့၊ ခြင်အန္တရာယ်ကာကွယ်ဖို့ နှိုးဆော်ပါရစေ။

ဒီလို မိုးရာသီကာလမှာ ကလေးတွေဖျားရင် သွေးလွန်တုပ်ကွေးက နံပါတ် (၁) စဉ်းစားရမှာပါ။ ဒါကြောင့် ဆေးခန်းမပြဖြစ်သေးရင်တောင် မည်သူမဆို ဖျားနာပါက ပါရာစီတမောပဲ သောက်ပါ။ အကိုက်အခဲပျောက်ဆေး သောက်တာ၊ ထိုးတာ မလုပ်ပါနဲ့ဦး။ သေချာတိုင်ပင်ပြီး ဆရာဝန်က လိုအပ်တယ်ဆိုမှ သုံးပါ။

နောက်အရေးကြီးတာက ရေဓာတ်နဲ့ ဆားဓာတ်ပါ။ တစ်ခါတုန်းကဆိုရင် ဘုန်းကြီးကျောင်းက ကိုရင်လေးတွေအကုန် ဆေးရုံကို သွေးလွန်တုပ်ကွေးနဲ့ ပြုံရောက်လာကြပါရော။ အဲဒီမှာ ဓာတ်ဆားကောင်းကောင်းသောက်တဲ့ ကိုရင်လေးတွေက ဆေးပုလင်းချိတ်ရတာ၊ သွေးပေါင်ကျတာ၊ ရှော့ဖြစ်တာတွေ မတွေ့ရဘဲ ဆေးရုံက အရင်ဆင်းသွားကြပါတယ်။ အရည်သိပ်မဝင်တဲ့ ကိုရင်လေးတွေကတော့ ပုလင်းချိတ်ရင်း ဆေးရုံမှာ ကျန်ခဲ့ရတာပေါ့။

ဒါကြောင့် မိမိကလေး ဖျားတာနဲ့ ဝမ်းမလျှောလည်း ဓာတ်ဆားရည်တိုက်သင့်ပါတယ်။ ငန်ငန်ကြီး အရသာမရှိတာကို တိုက်မရဖြစ်မယ့်အစား အခြား ဆားဓာတ်ပါမယ့် အရည်တွေ၊ အသီးဖျော်ရည်၊ Juice လေးတွေ၊ ကြေးအိုး၊ စွတ်ပြုတ်တို့လို ဟာတွေ၊ ဟင်းချိုရည်တွေ စသဖြင့် အရည်ပါတာ ဘာပဲဖြစ်ဖြစ် ဝင်အောင် ကြိုးစားတိုက်ပေးပါ။ ဓာတ်ဆားကိုလည်း အရသာပါတဲ့ ဓာတ်ဆားတိုက်လို့ရပါတယ်။

သွေးလွန်တုပ်ကွေးဟာ ပထမတစ်ကြိမ်မှာဖြစ်ရင် ရိုးရိုး အဖျားအနာလိုပါပဲ မသိသာပါဘူး။ နောက်တစ်ကြိမ်ဝင်ရင်တော့ ပိုဆိုးပါပြီ။ သွေးပေါင်ကျ ဆေးရုံတက်ရတဲ့အထိကို ဆိုးနိုင်ပါတယ်။ ခြင်မကိုက်ရင် သွေးလွန်တုပ်ကွေး မဖြစ်တော့ဘူးပေါ့။ အကောင်းဆုံးပေါ့။

ဒါကြောင့် ခြင်ကိုက်မခံရအောင် ….

အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ထားပေးပါ။ အရောင်ရင့်တဲ့ အဝတ်အစားဆို ခြင်တွေက အနားကိုလာပါတယ်။ သူတို့က အမြင်အာရုံ သိပ်မကောင်း၊ အရိပ်သာသာပဲမြင်ရတော့ မှောင်နေရင် ပိုလာတာပါ။ ဆံပင်အမည်း ခေါင်းပေါ်မှာ ခြင်တစ်သိန်းလောက် ဝဲနေတာ မြင်ဖူးကြမယ်ထင်ပါတယ်။ ဒါကြောင့် အရောင်လင်းတာ၊ နုတာဝတ်ပါ။

သွေးလွန်တုပ်ကွေးပိုးကို သယ်ဆောင်တဲ့ ခြင်ကြား (အေးဒီးစ်) ဟာ နေ့ခင်းကြောင်တောင်မှာ အလုပ်လုပ်ဆုံးပါ။ ဒါကြောင့် ကလေးတွေ နေ့ခင်း တစ်ရေးတစ်မော အိပ်တဲ့အချိန် ခြင်ထောင် မထောင်ပေးမိဘူး၊ အိပ်နေတော့ မှောင်မှောင်လေး ထားပေးထားတယ်ဆို သူတို့အကြိုက် ဝင်ကိုက်ပါရော။ ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ် ခြင်ထောင်နဲ့ အိပ်ပါ။ လူကြီးတွေ တရားထိုင်လည်း ခြင်ထောင်နဲ့ထိုင်ပါ။ ပန်ကာဖွင့်ထားရင်လည်း ခြင်တွေပျံသန်းဖို့ အနှောင့်အယှက်ဖြစ်တော့ သိပ်ကိုက်မခံရပါဘူး။

ခြင်တွေက အသားပူတဲ့သူတွေဆို ကြိုက်တယ်။ ကိုယ်က နွေးနေရင် ကြိုက်တယ်။ ချွေးထွက်ထားရင် ကြိုက်ကြတယ်။ ဒါကြောင့် မိုးရာသီပေမယ့် ရေပုံမှန်ချိုးတာ၊ ရေပတ်တိုက်တာ၊ အဝတ်ပုံမှန်လဲတာတို့နဲ့ ခြင်တွေကို ဖိတ်ခေါ်ခြင်းကို တားဆီးနိုင်ပါတယ်။

ရေချိုးပြီး ကိုယ်မွှေးအောင် လိုးရှင်းလိမ်းရင်တော့ ခြင်ပိုကြိုက်နိုင်ပါတယ်။ ပန်းအနံ့တို့၊ အသီးအနံ့တို့ဆိုတာ ခြင်တွေက သူတို့ရဲ့ အစားအစာလို့ထင်ပြီး ရောက်လာပြီး ကိုက်တတ်ပါတယ်။ ဒါကြောင့် အနံ့မပါတာကို ရွေးသုံးတာမျိုး၊ ခြင်မလာတဲ့ ကိုယ်ဖြန်းဆေးပါ တွဲသုံးတာမျိုး လုပ်သင့်ပါတယ်။

ခြင်တွေက ပူရင် ရေဓာတ်ခန်းခြောက်ပြီး သေပါတယ်တဲ့။ ဒါကြောင့် နေပူထဲမှာ မတွေ့ရတာပါ။ စိုစွတ်ပြီးမှောင်တဲ့နေရာတွေပဲ နေကြတာ။ အုတ်နံရံပူတဲ့နားတွေဆိုလည်း ခြင်မနားကြဘူးလေ။ ကောင်းတာကတော့ မိမိအခန်း သို့ အိမ်ကို နေ့ဘက်မှာ နေရောင်ခြည်ဝင်အောင် လုပ်နိုင်မယ်ဆို မိုးတွင်း မှိုလည်းမဖြစ်တော့ဘူး။ လေထုလည်း နေရောင်ခြည်ရဲ့ကာကွယ်မှုကြောင့် မလိုအပ်တဲ့ပိုးတွေ မအောင်းတဲ့အပြင် ခြင်တွေလည်း အသက်ရှင်ဖို့ ခက်ခဲပါမယ်။

အိမ်မှာဆို နေ့ဘက်ပေမယ့် မှောင်နေရင် မီးထွန်းထားပါ။ အဝတ်ပုံတို့၊ စောင်ပုံတို့လိုမျိုး အမှောင်ထုအပုံလိုက်ဆို သိပ်ကြိုက်ကြပါတယ်။ ဗီရိုထဲက ကုတ်အင်္ကျီတွေဆို လှုပ်လိုက်တာနဲ့ ခြင်တစ်သိန်းလောက် ပျံထွက်လာတာ မြင်ဖူးကြမယ်ထင်ပါတယ်။ ဒါကြောင့် သူတို့ မအောင်းနိုင်အောင် ရှင်းရှင်းလင်းလင်း ထားပေးပါ။

နနွင်းတက် မီးရှို့တာတို့၊ မီးသွေးဖိုထဲ ထည့်ထားပေးတာတို့၊ လိမ္မော်ခွံတို့၊ တမာဆီ၊ တမာရွက်၊ စပါးလင် စတာတွေလည်း မီးရှို့တာမျိုး လုပ်နိုင်ပါတယ်။ အဲဒီကထွက်တဲ့အနံ့ကို ခြင်တွေက အာရုံထွေပြားပြီး သွေးလိုက်စုပ်ဖို့ ခက်သွားပါတယ်။ မီးအန္တရာယ်တော့ သတိပြုပါနော်။

တချို့သူတွေမှာ အသက်ရှူထုတ်တဲ့လေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက် များများပါပါတယ်။ အရက်သေစာ သောက်ထားသူမျိုးတွေ၊ ဇီဝဖြစ်စဉ် မြန်နေတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်သည်၊ လေ့ကျင့်ခန်းလုပ်ထားသူမျိုးတွေရဲ့ ထွက်လေမှာပါတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို အနံ့ခံပြီး လာကိုက်တတ်ပါတယ်။

ထူးဆန်းတာက အိုသွေးပိုင်ရှင်တွေဟာ အေသွေးထက် နှစ်ဆ ပိုအကိုက်ခံရတတ်ပါတယ်တဲ့။

ခြင်ကိုက်တယ်ဆိုတာ အဓိကတော့ ခြင်တွေရှိနေလို့ပါ။ ဒါကြောင့် မိုးရာသီမှာ ခြင်ဆေးကို စက်နဲ့လိုက်ဖြန်းတာတွေလုပ်၊ မိမိအိမ်မှာ ရေသိုလှောင်ထားရင် အဖုံးဖုံးထား။ ဒါမှ ခြင်တွေ ဥမချ၊ ပိုးလောက်လန်း မပေါက်၊ ခြင်ဆက်မဖြစ်မှာ။ နောက်ပြီး ရေတွေကို ပုံမှန်လဲလှယ်တာလုပ်။ အိုးခြမ်းပဲ့၊ တာယာ စတာတွေရှိနေရင်လည်း ရေဝပ်နိုင်လား၊ ပိုးလောက်လန်း ပေါက်နိုင်လား စစ်ဆေးသင့်ပါတယ်။ ပိုးလောက်လန်း ပေါက်နိုင်တဲ့ ရေထားရာ နေရာတွေရှိရင် အဘိတ် (Abate) ခတ်တာမျိုးက တကယ်ထိရောက်ပါတယ်။

ခြင်ဆေးဘူးနဲ့ဖြန်းတာ၊ ခြင်ဆေးခွေထွန်းတာတွေက ခြင်လည်းထိသလို လူလည်း အဆုတ်နဲ့လေပြွန် ထိခိုက်နိုင်တာမို့ သတိပြုသုံးပါ။ အထူးသဖြင့် ပန်းနာရင်ကျပ်ရှိတဲ့သူနားမှာ လုံးဝ မသုံးသင့်ပါဘူး။

သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ရဲ့ ထူးခြားချက်ကတော့ ထိုဗိုင်းရပ်စ် ကူးစက်ခံထားရပြီဆိုရင် နောက်ထပ် ခြင်အသစ်တွေ (ပိုးမရှိသေးတဲ့ အခြား အေးဒီးစ်ခြင်တွေသော်လည်းကောင်း) ကို လာကိုက်ဖို့ အချက်ပြစနစ်တွေ ထုတ်လွှတ်ပါတယ်တဲ့။ ဒါကြောင့် ကျောင်းမှာ တစ်ယောက်က သွေးလွန်တုပ်ကွေးဖြစ်ပြီဆိုရင် နောက်ကလေးတွေပါ လိုက်ဖြစ်ကြတာ။ အထက်က ပြောခဲ့သလို ဘုန်းကြီးကျောင်း တစ်ကျောင်းလုံး ဖြစ်ကြသလိုမျိုးပေါ့။ အနည်းငယ်ရှုပ်သွားမှာစိုးလို့ ရှင်းပြပါရစေ။

ပိုးရှိတဲ့ ခြင်က လူကိုကိုက် –> လူက သွေးလွန်တုပ်ကွေးဖြစ် –> ထိုလူကို ခြင်တွေပိုကြိုက် –> နောက်ထပ် ပိုးမသယ်ရသေးတဲ့ ခြင်တွေကပါ ပြုံကိုက် –> လာကိုက်တဲ့ခြင်တွေက သွေးလွန်တုပ်ကွေးကို တစ်ဆင့်သယ်ပေး –> ထိုခြင်တွေက နောက်ထပ် အနီးအနားက လူတွေကို ကိုက် –> ထိုလူတွေပါ သွေးလွန်တုပ်ကွေးဖြစ်… ဒီလိုဖြစ်ကြတာပါ။

ဒါကြောင့် သွေးလွန်တုပ်ကွေး တစ်ယောက်ဖြစ်ပြီဆိုရင် ထိုလူနာကို ခြင်ထပ်မကိုက်အောင်လည်း ထားသင့်ပါတယ်။ ဖြစ်နေပြီပဲ မထူးတော့ဘူးဆိုပြီး မထားရပါဘူး။ သွေးလွန်တုပ်ကွေး ဖြစ်ဖြစ်/မဖြစ်ဖြစ် မည်သူမဆို ခြင်ကိုက်မခံရအောင် စောင့်ရှောက်သင့်ပါတယ်။ တကယ်လို့ ဖျားနာလာပြီ ဖြစ်လာပြီဆိုရင်လည်း မပေါ့ဆဘဲ သေချာကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။

ဆုတောင်းလို့သာ ပြည့်မယ်ဆိုရင် ဆရာဝန်ဘဝမှာ ပထမဆုံး ဆုံးရှုံးရတဲ့ လူနာလိုမျိုးသည် နောက်ဆုံးသာ ဖြစ်ပါရစေသားလို့ ဆုတောင်းချင်ပါတယ်…..။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here