ဟန်တာဗိုင်းရပ်စ်

မနေ့က မနက်ခင်း ကော်ဖီလေးသောက်ရင်း နိုင်ငံတကာသတင်းတွေ ဖတ်နေတုန်း ကျွန်တော့်မှာ ထိတ်လန့်စရာကောင်းတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။

ဇာတ်လမ်းက ဒီလိုဗျ။ တောင်အမေရိကတိုက်ရဲ့ အစွန်ဆုံး အာဂျင်တီးနားနိုင်ငံကနေ ထွက်ခွာလာတဲ့ MV Hondius ဆိုတဲ့ ဇိမ်ခံ အပျော်စီး ပင်လယ်ကူး သင်္ဘောကြီးတစ်စီး ရှိတယ်။ အဲဒီသင်္ဘောကြီးပေါ်မှာ နိုင်ငံပေါင်းစုံက ငွေကြေးတတ်နိုင်တဲ့ ခရီးသည်တွေဟာ ဒေါ်လာတွေ ထောင်သောင်းချီ အကုန်ခံပြီး အေးချမ်းတဲ့ အန္တာတိက ရေခဲပြင်တွေဆီကို အပန်းဖြေဖို့ သွားကြတာပေါ့။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှချင်တော့ သူတို့ သင်္ဘောပေါ် မတက်ခင် ကုန်းတွင်းပိုင်း တောတောင်တွေထဲ လည်ပတ်ရင်းကနေ မျက်မြင်မရတဲ့ သေမင်းတမန် ရောဂါဆိုးကြီးကို သင်္ဘောပေါ် သယ်ဆောင်လာခဲ့မိကြတယ်။ အဲဒါကတော့ အခုလောလောဆယ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကိုယ်တိုင် အရေးပေါ် စောင့်ကြည့်နေရတဲ့ “ ဟန်တာဗိုင်းရပ်စ် (Hantavirus)” ပါပဲ။

ပိုက်ဆံတွေ သိန်းချီပေးပြီး အပန်းဖြေရင်း ရောဂါကူးစက်ခံရရင်ဆိုပြီး တွေးကြည့်ရုံနဲ့တင် ကျောချမ်းစရာ ကောင်းလှပါတယ်။ သင်္ဘောပေါ်မှာ ရောဂါလက္ခဏာတွေ စုပြုံပြလာပြီး အခုဆိုရင် လူနာ (၇) ဦး တွေ့ထားတဲ့အထဲက (၃) ဦးတောင် အသက်ဆုံးရှုံးခဲ့ရပြီလို့ ဆိုပါတယ်။ ဒီသတင်းကို ကြားတော့ ကျွန်တော့်မှာ အံ့သြရသလို တစ်ဖက်ကလည်း စိုးရိမ်စိတ်တွေ တဖြည်းဖြည်း ဝင်လာတယ်။ ဘာလို့လဲဆိုတော့ ဒီ “ ဟန်တာ” ဆိုတဲ့ အကောင်က အဝေးကြီးက အကောင်မဟုတ်ဘူးဗျ။ ကျွန်တော်တို့ အိမ်တွေ၊ ဂိုဒေါင်တွေ၊ စတိုခန်းတွေထဲမှာ အခန့်သား နေထိုင်နေကြတဲ့ “ ကြွက်” တွေဆီကနေ လာတာမို့လို့ပါပဲ။
.

🦠 ဟန်တာဗိုင်းရပ်စ် ဆိုတာ ဘာကောင်လဲ။

စဉ်းစားကြည့်ဗျာ။ ကျွန်တော်တို့တွေ ကိုဗစ်ကာလတုန်းက လင်းနို့တွေ၊ သင်းခွေချပ်တွေကို ကြောက်လိုက်ရတာ။ အခု ဟန်တာကျတော့ ကိုယ့်အိမ်မှာ ကိုယ်နဲ့ အတူတူ အခန်းငှားခမပေးဘဲ နေနေတဲ့ ကြွက်တွေဆီက လာတာတဲ့။ ဟန်တာဗိုင်းရပ်စ်ဆိုတာ အသစ်စက်စက် ပေါ်လာတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ ကြွက်တွေရဲ့ ဆီး၊ မစင် (ကြွက်ချေး) နဲ့ တံတွေးတွေကနေတစ်ဆင့် လူကို ကူးစက်တတ်တဲ့ ပြင်းထန် အဆုတ်ရောဂါ (Hantavirus Pulmonary Syndrome) ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။

ဒါပေမယ့် အခု သင်္ဘောပေါ်မှာ ပြဿနာရှာသွားတဲ့ အကောင်က သာမန် ဟန်တာမျိုးနွယ် မဟုတ်ဘူးဗျ။ “ Andes hantavirus” လို့ခေါ်တဲ့ အန္ဒီးစ် မျိုးစိတ်ကွဲ ဖြစ်နေတယ်။ သူ့ရဲ့ ထူးခြားချက်က ဘာလဲဆိုတော့ သာမန်ဟန်တာတွေက ကြွက်ကနေ လူကိုပဲ ကူးတယ်။ လူအချင်းချင်း မကူးဘူး။ ဒါပေမယ့် ဒီ Andes ကောင်ကတော့ လူကနေ လူကိုပါ “ အနီးကပ်၊ ကြာရှည် ထိတွေ့မှု” ရှိရင် ကူးစက်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ကမ္ဘာအရပ်ရပ်ကို ပြန်သွားကြတဲ့ သင်္ဘောပေါ်က ခရီးသည်တွေကို ကျန်းမာရေး အာဏာပိုင်တွေက လိုက်လံစုံစမ်းပြီး Contact Tracing တွေ အသည်းအသန် လုပ်နေရတာပေါ့။
.

🐀 ကူးစက်ပုံ နည်းလမ်း

ဒီနေရာမှာ ကျွန်တော်တို့တွေ အမှတ်တမဲ့ ဖြစ်နေတတ်တဲ့ ကူးစက်ပုံလေးကို ပြောပြချင်ပါတယ်။ တချို့က ထင်လိမ့်မယ်။ “ ဟာ… ငါတို့က ကြွက်မှ မစားတာ၊ ကြွက်ကိုက်ခံရတာမှ မဟုတ်တာ၊ ဘယ်ကူးပါ့မလဲ” လို့။ အဲဒီမှာ ဇာတ်လမ်းက စတာပဲ။

ကြွက်ကိုက်ခံရလို့၊ ကြွက်ကို တိုက်ရိုက်ကိုင်မိလို့ ကူးတယ်ဆိုတာက အလွန်နည်းပါတယ်။ တကယ့် လက်တွေ့မှာ ကူးစက်ပုံက ဒီလိုဗျ။ မြန်မာဆန်ဆန် ပြောရရင်တော့ ကျွန်တော်တို့ အိမ်တွေမှာ “ နှမြောလို့” ဆိုပြီး မပစ်ရက်ဘဲ စုပုံသိမ်းထားတဲ့ ပစ္စည်းဟောင်းတွေ၊ ဖာတွေ၊ ပုံးတွေ ပြည့်နေတဲ့ စတိုခန်းလေးတွေ ရှိတယ် မဟုတ်လား။ အဲဒီမှာ မစ်ကီမောက်စ်ရဲ့ ဆွေမျိုးတွေက အိမ်ရာဆောက်ပြီး ဇိမ်ကျနေတာလေ။ တစ်နေ့ကျတော့ ကိုယ်က စိတ်ကူးပေါက်ပြီး “ ကဲ… ဒီနေ့တော့ စတိုခန်း ရှင်းမှပဲ” ဆိုပြီး တံမြက်စည်း တစ်ချောင်းကိုင်၊ ဖုန်စုပ်စက်လေးဆွဲပြီး ဝင်သွားရော ဆိုပါတော့။

အဲဒီအခန်းထဲမှာ ကြွက်တွေက သူတို့ရဲ့ ဆီးတွေ၊ ချေးတွေ စွန့်ပစ်ထားတာ ကြာပြီဆိုတော့ ခြောက်သွေ့နေပြီ။ ကိုယ်က အဲဒီ ကြွက်ချေးခြောက်တွေကို တံမြက်စည်းနဲ့ ဖုန်ထလာအောင် ခပ်ကြမ်းကြမ်း လှည်းချလိုက်တဲ့အခါ ဒါမှမဟုတ် ဖုန်စုပ်စက်နဲ့ စုပ်လိုက်တဲ့အခါ… ကြွက်ချေးထဲမှာ ခိုအောင်းနေတဲ့ ဗိုင်းရပ်စ်လေးတွေဟာ အမှုန်အမွှားလေးတွေအဖြစ် လေထဲကို ပျံတက်လာပါတယ်။ အဲဒီ လေထဲဝဲနေတဲ့ ဗိုင်းရပ်စ်တွေကို ကိုယ်က “ ရှူး” ခနဲ ဝင်လေအဖြစ် ရှူသွင်းလိုက်မိပြီ ဆိုတာနဲ့ ဟန်တာဗိုင်းရပ်စ်ဟာ သင့်အဆုတ်ထဲကို အပိုင်စီးဖို့ ရောက်ရှိသွားပါပြီ။ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းရေး လုပ်နေတယ်လို့ ထင်ရင်းကနေ ရောဂါပိုးကို နှာခေါင်းထဲ အတင်းဆွဲသွင်းသလို ဖြစ်သွားတာ။
.

🤒 ရောဂါလက္ခဏာများ

ဗိုင်းရပ်စ် ခန္ဓာကိုယ်ထဲ ချက်ချင်ဝင်သွားပြီဆိုရင်း လက္ခဏာ မပြသေးပါဘူး။ ၁ ပတ်ကနေ ၈ ပတ်အထိ အေးအေးဆေးဆေး ပုန်းနေတတ်ပါတယ်။ ပြီးမှ စပြတဲ့ အစောပိုင်း လက္ခဏာတွေကလည်း ရိုးရိုးတုပ်ကွေးနဲ့ သိပ်မကွာဘူးဗျ။ ဖျားမယ်၊ ချမ်းတုန်မယ်၊ ကိုယ်လက်တွေ ကိုက်ခဲမယ် (အထူးသဖြင့် ပေါင်၊ ခါးနဲ့ ပခုံးကြွက်သားတွေ အတော်လေး နာကျင်ကိုက်ခဲတတ်တယ်)၊ ခေါင်းမူးမယ်၊ ပျို့အန်မယ်၊ ဝမ်းလျှောမယ်။ လူနာကတော့ “ သြော်…ရာသီဥတု အကူးအပြောင်း တုပ်ကွေးမိတာ နေမှာပါ” ဆိုပြီး ပါရာစီတမောလေးသောက်၊ အနားယူနေလိုက်မှာပဲ။ လည်ချောင်းနာတာ၊ နှာစေးနှာပိတ်တာမျိုးက သိပ်မဖြစ်တတ်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ပြဿနာက ၂ ရက်၊ ၃ ရက်လောက်နေလို့ ရောဂါက ပြင်းထန်အဆင့်ကို ကူးသွားပြီဆိုရင်တော့ ဘာနဲ့မှ မတူအောင် ဆိုးရွားသွားပါပြီ။ ရုတ်တရက် အသက်ရှူရ အရမ်းခက်ခဲလာမယ်။ မောလာမယ်။ အဆုတ်ထဲကို ရေတွေ ဝင်လာတာဗျ။ ဆေးပညာအရ Acute Respiratory Distress Syndrome (ARDS) လို့ ခေါ်ပါတယ်။ ကိုယ့်အဆုတ်ထဲက အရည်နဲ့ ကိုယ့်ကိုယ်ကိုယ် ရေပြန်နှစ်သလို ခံစားရပြီး သွေးပေါင်တွေထိုးကျ၊ Shock ရတဲ့ အခြေအနေမျိုးအထိ အချိန်တိုအတွင်း ဆိုးရွားသွားတတ်ပါတယ်။ ဒီအဆင့်ရောက်ရင် အလွန်အန္တရာယ်များသွားပါပြီ။ အသက်သေဆုံးနိုင်ခြေလည်း တအားမြင့်သွားပါတယ်။
.

💊 ကုသဆေးနဲ့ ကာကွယ်ဆေး 💉

ဒီလောက် ကြောက်စရာကောင်းတဲ့ ရောဂါအတွက် ကုသဆေးရော ရှိပြီလား ဆရာလို့ မေးရင်… အဖြေက “ မရှိသေးပါဘူး” ။ ဟုတ်ကဲ့။ သီးသန့် ကုသနိုင်တဲ့ Antiviral ဆေးရော၊ ကာကွယ်ဆေးပါ လက်ရှိအချိန်ထိ တီထွင်နိုင်ခြင်း မရှိသေးပါဘူး။ ဆေးရုံရောက်ရင်တောင် လူနာ ခံစားရတဲ့ လက္ခဏာအပေါ် မူတည်ပြီး ဝေဒနာ သက်သာအောင် (ဥပမာ – အသက်ရှူစက် တပ်ပေးတာ၊ အောက်ဆီဂျင် ပေးတာမျိုး) လောက်ပဲ ပြုစုကုသပေးနိုင်တာပါ။ ဒါကြောင့် ဒီရောဂါဟာ “ မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်း” ကလွဲလို့ တခြားနည်းလမ်းမရှိတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။
.

✅ ဘယ်လို ဂရုတစိုက် ကာကွယ်ကြမလဲ။

ကျွန်တော် အထူးမှာကြားချင်တာက လက်ရှိမှာ ကိုဗစ်လို ကမ္ဘာအနှံ့ လေထဲကနေ အလွယ်တကူ ပျံ့ပွားနေတဲ့ ကပ်ရောဂါကြီးအသွင် မဟုတ်သေးတာမို့ အလွန်အမင်း ထိတ်လန့်စရာတော့ မလိုပါဘူး။ ဒါပေမယ့် ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ် ဆိုတဲ့အတိုင်း ကိုယ့်ပတ်ဝန်းကျင်မှာ အောက်ပါအချက်လေးတွေကို ဂရုတစိုက် နေထိုင်ကြဖို့ စေတနာရှေ့ထား တိုက်တွန်းချင်ပါတယ်။

၁။ အိမ်တွင်း ကြွက်ကင်းစင်ရေး 🐀
အိမ်မှာ ကြွက်တွေ လာမခိုအောင်းနိုင်အောင် အစားအစာတွေကို လုံလုံခြုံခြုံ ဖုံးအုပ်သိမ်းဆည်းပါ။ ကြွက်ဝင်နိုင်တဲ့ အပေါက်တွေကို ပိတ်ပါ။ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ပါ။

၂။ စိုစွတ်သော သန့်ရှင်းရေး အတတ်ပညာ 🧹
ဒါက အသက်ကယ်မယ့် အရေးအကြီးဆုံး အချက်ပါ။ စတိုခန်းတွေ၊ ဂိုဒေါင်တွေ၊ နှစ်ချို့ပစ္စည်းတွေ သိမ်းထားတဲ့ နေရာတွေကို သန့်ရှင်းရေး လုပ်တော့မယ်ဆိုရင် လုံးဝ (လုံးဝ) တံမြက်စည်းနဲ့ အခြောက် မလှည်းပါနဲ့။ ဖုန်စုပ်စက် မသုံးပါနဲ့။

  • အရင်ဆုံး လေဝင်လေထွက် ကောင်းသွားအောင် တံခါးတွေ အကုန်ဖွင့်ထားလိုက်ပါ။ ပြီးရင် အိမ်သုံး အရောင်ချွတ်ဆေး (Bleach) ကို ရေနဲ့ ၁ အချိုး ၁၀ (ဆေး ၁ ဆ၊ ရေ ၁၀ ဆ) ရောစပ်ပြီး ကြွက်ချေး ရှိနိုင်တဲ့ နေရာတွေကို ဖျန်းလိုက်ပါ။
  • ဖျန်းပြီးရင် ချက်ချင်း မသုတ်ဘဲ အနည်းဆုံး ၁၅ မိနစ်လောက် ဗိုင်းရပ်စ်တွေ သေသွားအောင် စိမ်ထားပေးပါ။ ပြီးမှ တစ်ရှူး ဒါမှမဟုတ် စက္ကူနဲ့ ကောက်ယူပြီး ပလတ်စတစ်အိတ်ထဲ နှစ်ထပ်ထည့်ကာ စနစ်တကျ စွန့်ပစ်ပါ။

၃။ လက်အိတ်နှင့် နှာခေါင်းစည်း 😷
သန့်ရှင်းရေး လုပ်တဲ့အခါတိုင်း နှာခေါင်းစည်းနဲ့ ရော်ဘာလက်အိတ်ကို မဖြစ်မနေ တပ်ဆင်ပါ။ သန့်ရှင်းရေးပြီးတာနဲ့ လက်ကို ဆပ်ပြာ၊ ရေနွေးတို့နဲ့ စင်ကြယ်အောင် ပြောင်စင်အောင် ဆေးကြောပါ။

၄။ တောတွင်း ခရီးသွားခြင်း 🏕
တောတောင်တွေထဲ Camping ထွက်တာ၊ တောင်တက်တာမျိုး လုပ်ရင်လည်း ကြွက်အညစ်အကြေးတွေနဲ့ တိုက်ရိုက် မထိတွေ့မိအောင် ရှောင်ကြဉ်ပါ။

ကမ္ဘာကြီးမှာ ကျွန်တော်တို့ မသိသေးတဲ့ မျက်စိနဲ့မမြင်ရတဲ့ အန္တရာယ်တွေက နေရာအနှံ့မှာ ရှိနေတတ်ပါတယ်။ ပင်လယ်ကူး သင်္ဘောကြီးပေါ်က ဇိမ်ခံခရီးသည်တွေတောင် ကြွက်ကလေးတွေရဲ့ လက်ဆောင်ကို ရှောင်လွှဲလို့ မရခဲ့ဘူးဆိုရင် ကျွန်တော်တို့လို သာမန်ပြည်သူတွေအနေနဲ့ ကိုယ့်ပတ်ဝန်းကျင် သန့်ရှင်းရေးကို “ သြော်… ဖြစ်လေ့ဖြစ်ထ ရှိတာပဲ” ဆိုပြီး ပေါ့ပေါ့ဆဆ မနေသင့်တော့ပါဘူး။

လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်း ပျံ့ပွားနိုင်ခြေ အလွန်နည်းပါးတယ်လို့ WHO က သတ်မှတ်ထားပေမယ့် ကြွက်ချေးလေး တစ်တုံးကနေ အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်တဲ့ ဟန်တာဗိုင်းရပ်စ်ရဲ့ သဘာဝကို သိရှိနားလည်ပြီး ကြွက်နဲ့ ကြွက်အညစ်အကြေးတွေကို ဂရုတစိုက် ရှောင်ကြဉ်ကြပါလို့ သတိပေး နှိုးဆော်လိုက်ရပါတယ် ခင်ဗျာ။

အားလုံးပဲ ကူးစက်ရောဂါ ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးကြပါစေ…..။
(မင်းဆိုးမင်းညစ်ဒဏ်မှလည်း အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ)

စေတနာဖြင့်
အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here