ခေတ်ကာလအခြေအနေအရ ကျွန်မတို့ဟာ ကွန်ပျူတာ (Computer)၊ တတ်ဘလက် (Tablet) ၊ ဖုန်း (Phone) စတဲ့ နည်းပညာပစ္စည်းတွေကို တစ်နေ့တာရဲ့ အချိန်အတော်များများမှာ အသုံးပြုနေကြရပါတယ်။ ဒီလို အချိန်အကြာကြီးထိုင်ပြီး အလုပ်လုပ်တာ၊ ကွန်ပျူတာရှေ့မှာ ပုံစံတစ်မျိုးတည်းနဲ့ ရှိနေတာတွေဟာ ကြွက်သားတွေကို တောင့်တင်းလာစေပြီး ဇက်ကြောတက်တာ၊ ပခုံးနာတာနဲ့ ခါးနာတာတွေကို ဖြစ်စေနိုင်ပါတယ်။
သုတေသနလေ့လာချက်တွေအရ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးခြင်းဟာ ကြွက်သားနဲ့ အရိုးအဆစ်ဆိုင်ရာ ဝေဒနာတွေကို လျော့ပါးစေရုံတင်မကဘဲ အလုပ်ခွင်မှာဖြစ်လာတတ်တဲ့ စိတ်ဖိစီးမှုကိုပါ လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အလုပ်ကိစ္စတွေကြားမှာ (၅) မိနစ်လောက် အချိန်ပေးပြီး အခုပြောပြမယ့် ကိုယ်လက်လှုပ်ရှားမှုလေးတွေကို လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
၁။ ဇက်ကြောနှင့် လည်ပင်း
ကွန်ပျူတာ၊ တတ်ဘလက် ဒါမှမဟုတ် ဖုန်းကို အကြာကြီး ငုံ့ကြည့်မိတဲ့အခါ လည်ပင်းကြွက်သားတွေဟာ ပုံမှန်ထက် ပိုမိုညောင်းညာပင်ပန်းရပါတယ်။ ဒါကို သက်သာစေဖို့အတွက် ကျောကို မတ်မတ်ထားပြီး ထိုင်ပါ။ ခေါင်းကို ဖြည်းဖြည်းချင်း ဘယ်ဖက်ပခုံးဆီသို့ စောင်းပေးပါ။ (၁၅) စက္ကန့်လောက် ထားပြီးတဲ့နောက် ညာဖက်သို့ ပြောင်းလုပ်ပါ။ ပြီးတဲ့နောက် မေးစေ့ကို ရင်ဘတ်ဆီသို့ ဖြည်းဖြည်းချင်း ငုံ့ပေးပါ။
.
၂။ ပခုံးနှင့် ရင်ဘတ်
အလုပ်လုပ်တဲ့အခါ ပခုံးတွေဟာ အရှေ့ကို ကိုင်းနေတတ်တာကြောင့် ရင်ဘတ်ကြွက်သားတွေကို တောင့်တင်းလာစေနိုင်ပါတယ်။ အဲဒီအတွက် လက်နှစ်ဖက်ကို နောက်ပစ်ပြီး ဆုပ်ကိုင်ထားပါ။ လက်မောင်းတွေကို ဖြည်းဖြည်းချင်း အပေါ်ဘက်ကို မြှင့်ရင်း ရင်ဘတ်ကို အရှေ့သို့ တွန်းထုတ်ပေးပါ။ (၂၀) စက္ကန့်လောက် ထားပါ။ ဒါဟာ ပခုံးရဲ့ လှုပ်ရှားနိုင်စွမ်းကို ပိုမိုကောင်းမွန်စေပါတယ်။
.
၃။ ခါးနှင့် ကျောပြင်
အချိန်ကြာမြင့်စွာ ထိုင်နေရခြင်းဟာ ခါးရိုးအောက်ပိုင်းကို ဖိအားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ထိုင်ခုံမှာ ထိုင်လျက်အနေအထားနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဘယ်ဖက်သို့ ဖြည်းဖြည်းချင်း လှည့်ပေးပါ။ ဘယ်ဖက်လက်ကို ထိုင်ခုံနောက်မှီမှာ ကိုင်ထားပြီး (၁၅) စက္ကန့်လောက် ထားပြီးတဲ့နောက် ညာဖက်သို့ ပြောင်းလုပ်ပေးပါ။
.
၄။ လက်ကောက်ဝတ်နှင့် လက်ချောင်းများ
စာရိုက်တာ ဒါမှမဟုတ် ဖုန်းသုံးတာကို အကြာကြီးလုပ်မိရင် လက်ကောက်ဝတ်တွေဟာလည်း ညောင်းညာလာနိုင်ပါတယ်။ အဲဒီအခါ လက်တစ်ဖက်ကို အရှေ့သို့ ဆန့်ထုတ်ပြီး လက်ဖဝါးကို အောက်သို့ စိုက်ထားပါ။ အခြားလက်တစ်ဖက်နဲ့ လက်ချောင်းလေးတွေကို မိမိဘက်သို့ ဖြည်းဖြည်းချင်း ဆွဲပေးပါ။ (၁၀) စက္ကန့်လောက်ထားပြီးတဲ့နောက် လက်ဖဝါးကို အပေါ်သို့ ပြန်လှန်ပြီး ထပ်လုပ်ပေးပါ။
…
…
ဒီလို ရိုးရှင်းတဲ့ လှုပ်ရှားမှုလေးတွေကို လုပ်ဆောင်ဖို့အတွက် နေရာအကျယ်အဝန်းက အများကြီးမလိုသလို အလုပ်အချိန်ကိုလည်း ထိခိုက်စေမှာ မဟုတ်ပါဘူး။ အချိန် (၅) မိနစ်ပေးရုံနဲ့တင် သင့်ရဲ့တစ်နေ့တာလုံးကို ပိုမိုလန်းဆန်းစေပြီး ရေရှည်မှာဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ ပြင်းထန်တဲ့ နာကျင်မှုတွေ ခံစားနေရတယ်ဆိုရင်တော့ ကိုယ်တိုင်လေ့ကျင့်ခန်းလုပ်တာထက် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ အရင်ဆုံး ပြသတိုင်ပင် ဆွေးနွေးသင့်ပါတယ်နော်…။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

