“ခေါင်းက ဘာလို့ မူးရတယ်”

တစ်လောက ကျွန်တော့်အိမ်ကို သူငယ်ချင်း ကျော်စွာ တစ်ယောက် ရောက်လာတယ်။ အိမ်ထဲ ဝင်ဝင်ချင်းပဲ ဧည့်ခန်းက ဆက်တီခုံပေါ်မှာ “ဘုန်း” ခနဲ ပစ်ထိုင်ချလိုက်ပြီး မျက်စိကို စုံမှိတ်ထားတယ်။

“ဟေ့ကောင်… ဘာဖြစ်လာတာလဲ။ အကြွေးရှင် လိုက်လာလို့ ပြေးလာတာလား” လို့ ကျွန်တော်က နောက်လိုက်တော့ ကျော်စွာက မျက်လုံးကို မဖွင့်ဘဲ လက်ကာပြတယ်။

“နေစမ်းပါဦးကွာ။ ငါ ခုနက အိမ်မှာနေရင်း ခေါင်းတွေ တအားမူးသွားလို့။ ကမ္ဘာကြီးကလည်း ပြဿနာပေါင်းစုံနဲ့ဆိုတော့ အရင်ကထက် ပိုပြီးတော့များ လည်နေသလား အောက်မေ့ရတယ်။ မနက်ကတည်းက မိန်းမက ပွစိပွစိနဲ့ ဆူနေတာ နားထောင်ရလွန်းလို့ သွေးတိုးပြီး မူးတာလား မသိပါဘူးကွာ။ ငါ့ကို သွေးပေါင်လေးများ တိုင်းပေးပါဦး”

ကျွန်တော်လည်း ရယ်ချင်စိတ်ကိုထိန်းပြီး သူ့ကို သွေးပေါင်တိုင်းပေးလိုက်တယ်။

“သွေးပေါင်ကတော့ ပုံမှန်ပါပဲကွာ။ အပေါ်သွေး (၁၂၀)၊ အောက်သွေး (၈၀) ဆိုတော့ ဖလန်း ဖလန်းပါပဲ။ မင်း မိန်းမဆူလို့ မူးတာတော့ မဟုတ်လောက်ဘူး”

“ဒါဆို ငါ ဘာလို့ မူးတာလဲကွ။ ခေါင်းမူးတယ်ဆိုတာ သွေးတိုးလို့ မဟုတ်ဘူးလား”

“ဒီလိုရှိတယ် ကျော်စွာရဲ့… လူတွေက ခေါင်းမူးပြီဆိုတာနဲ့ သွေးတိုးတယ်လို့ပဲ အရင်ဆုံး ပြေးမြင်တတ်ကြတယ်။ တကယ်တော့ ခန္ဓာကိုယ်မှာ ခေါင်းမူးစေတဲ့ အကြောင်းရင်းတွေက အများကြီးကွ။ ဆေးပညာအရ ပြောရရင် လူ့ခန္ဓာကိုယ်ကြီး ဟန်ချက်ညီညီ ရပ်တည်နိုင်ဖို့ဆိုတာ အင်မတန် ဆန်းကြယ်တဲ့ စနစ်တွေနဲ့ ဖွဲ့စည်းထားတာ။ ကဲ… မင်းလည်း မျက်စိလေးမှိတ်ပြီး နားထောင်၊ ငါ သေချာ ရှင်းပြမယ်” လို့ ပြောရင်း ကျွန်တော် စကားစလိုက်တယ်။

(မူးနေပါတယ်ဆိုမှ ဆရာတအားလုပ်ချင်တာပဲ ဆရာဝန်တွေများ)

၁။ နားထဲက ဟန်ချက်ထိန်းပေးတဲ့ နေရာ

“ပထမဆုံးနဲ့ အဖြစ်အများဆုံးက နားထဲက ပြဿနာပဲ။ လူတွေက နားဆိုတာ အသံကြားဖို့ သက်သက်ပဲလို့ ထင်ကြတယ်။ တကယ်တော့ နားရဲ့ အတွင်းပိုင်းမှာ ခန္ဓာကိုယ်ရဲ့ဟန်ချက်ကို ထိန်းပေးတဲ့ စနစ်ကြီး ရှိတယ်ကွ။”

“မင်း စမတ်ဖုန်းတွေမှာ ဖုန်းကို လှည့်လိုက်ရင် မျက်နှာပြင်ပါ လိုက်လည်သွားတဲ့ Auto-rotate ဆင်ဆာကို သိတယ်မလား။ အေး… နားထဲမှာလည်း အဲဒီလို ဆင်ဆာမျိုး ရှိတယ်။ အရည်တွေ၊ အာရုံကြောအမွှေးလေးတွေနဲ့ ဖွဲ့စည်းထားတာ။ ခေါင်းကို ငုံ့လိုက်၊ မော့လိုက်၊ ကွေ့လိုက်တိုင်း အဲဒီအရည်တွေက လှုပ်ရှားသွားပြီး ဦးနှောက်ကို ‘ငါတို့တော့ ဘယ်ဘက်ကို စောင်းနေပြီ’ လို့ သတင်းလှမ်းပို့ရတယ်။ တစ်ခါတလေ အသက်အရွယ်ကြောင့်ဖြစ်ဖြစ်၊ နားထဲက အရည်တွေ ဖိအားများသွားလို့ဖြစ်ဖြစ် အဲဒီစနစ်ကြီး အလုပ် ကောင်းကောင်း မလုပ်တော့တာမျိုး ဖြစ်သွားတတ်တယ်။ အဲဒီအခါကျရင် ကိုယ်က ငြိမ်ငြိမ်လေး ထိုင်နေပေမယ့် ဦးနှောက်က ‘ငါတို့တော့ လည်နေပြီဟေ့’ ဆိုပြီး ထင်သွားရော။ အဲဒါကို (Vertigo) လို့ ခေါ်တယ်။ ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ချားရဟတ်စီးနေသလို လည်ထွက်သွားတာမျိုးပေါ့”

“အေးကွ… ငါ အိမ်မှာ ဖြစ်သွားတာ အဲဒီလို ပုံစံမျိုးပဲ။ ထိုင်ရာက ထလိုက်ရင်ကို မိုက်ခနဲ မူးသွားတာ” လို့ ကျော်စွာက ထောက်ခံတယ်။
.

၂။ နှလုံးသားရဲ့ ညှစ်အား

“နေဦး… မင်းအခုပြောတဲ့ ထိုင်ရာကနေ ထလိုက်ရင် မိုက်ခနဲ မူးသွားတာက နောက်တစ်မျိုးကွ”

ကျွန်တော်က လက်ဖက်ရည်ကြမ်းတစ်ခွက် ငှဲ့သောက်ရင်း ဆက်ပြောလိုက်တယ်။

“ဒါက သွေးလှည့်ပတ်မှုနဲ့ ဆိုင်တယ်။ ဥပမာပေးရရင် ဦးနှောက်ဆိုတာ အဆောက်အအုံတစ်ခုရဲ့ အပေါ်ဆုံးထပ်မှာရှိတဲ့ ပင်မရုံးခန်းကြီးပေါ့ကွာ။ နှလုံးဆိုတာက အောက်ထပ်က ရေတင်စက်လေးပေါ့။ နှလုံးကနေ သွေးတွေကို ဦးနှောက်ဆီရောက်အောင် အမြဲတမ်း ပန့်တင်ပေးနေရတယ်။”

“မင်းက အကြာကြီး ထိုင်နေတာ ဒါမှမဟုတ် ပက်လက်လှဲနေတဲ့အချိန်မှာ သွေးတွေက ခြေထောက်ပိုင်းမှာ စုနေတတ်တယ်။ အဲဒီကနေ မင်းက ‘ဝုန်း’ ဆိုပြီး ရုတ်တရက်လည်း မတ်တတ်ရပ်လိုက်ရော အောက်ထပ်က ရေတင်စက်က အပေါ်ထပ်ကို ရေချက်ချင်း မရောက်နိုင်သလိုမျိုး ဦးနှောက်ဆီကို သွေးက ချက်ချင်း မရောက်သွားဘူး။ အောက်ဆီဂျင် ခဏပြတ်သွားတာပေါ့။ အဲဒီမှာ မျက်စိရှေ့မှာ ပြာသွားပြီး မိုက်ခနဲ မူးသွားရော။ အဲဒါကို (Orthostatic Hypotension) လို့ ခေါ်တယ်။ အဲဒါကြောင့် လူကြီးတွေဆိုရင် အိပ်ရာကထရင် ချက်ချင်း မတ်တတ်မရပ်ဘဲ ခုတင်ပေါ်မှာ ခဏထိုင်ပြီးမှ ထရတယ်လို့ မှာကြတာပေါ့”

ကျော်စွာက မျက်လုံးလေး ပွင့်လာပြီး “အင်း… ဟုတ်မယ်။ ငါ ခုနက အိမ်ကဆိုဖာပေါ်ကနေ စိတ်တိုတိုနဲ့ ဝုန်းဒိုင်းကျဲပြီး ထလာလိုက်မိတာကိုး”
.

၃။ မျက်စိနဲ့နား ချိန်သားမကိုက်

“နောက်တစ်မျိုး ရှိသေးတယ်ကွ။ အဲဒါက မျက်စိကြောင့် မူးတာ။ အထူးသဖြင့် ကားစီး၊ လေယာဉ်စီးရင် မူးတဲ့သူတွေ (Motion Sickness) ပေါ့။”

“ငါတို့ ခန္ဓာကိုယ် ဟန်ချက်ညီဖို့က နား၊ မျက်စိနဲ့ ကြွက်သားတွေကနေ ဦးနှောက်ကို သတင်းလှမ်းပို့ရတယ်လို့ ခုနက ငါပြောခဲ့တယ်နော်။ ကားပေါ်မှာ ထိုင်နေတဲ့အချိန် တွေးကြည့်စမ်း။ နားထဲက ဟန်ချက်ထိန်းစနစ်က ကားရွေ့နေတာကို သိတဲ့အတွက် ‘ဟေ့ကောင်တွေ… ငါတို့ ရွေ့နေတယ်ဟေ့’ လို့ ဦးနှောက်ကို ပြောတယ်။ ဒါပေမယ့် မင်းမျက်စိက ကားရှေ့ခန်းက ထိုင်ခုံကိုဖြစ်ဖြစ်၊ ဖုန်းကိုဖြစ်ဖြစ် စိုက်ကြည့်နေတော့ ‘ငါတို့ ငြိမ်ငြိမ်လေး ထိုင်နေတာပါ၊ ဘာမှ မရွေ့ဘူး’ လို့ ဦးနှောက်ကို သတင်းပို့ပြန်ရော။”

“အဲဒီမှာတင် ဦးနှောက်က သတင်းနှစ်ခု မတူလို့ ကတောက်ကဆဖြစ်ပြီး ရှုပ်ထွေးသွားတယ်။ ‘ဟာ… တစ်ခုခုတော့ မှားနေပြီ။ ခန္ဓာကိုယ်ထဲကို မတည့်တာတွေ ဝင်သွားလို့နေမှာဆိုပြီး အစာအိမ်ကို လှုံ့ဆော်ပြီး အန်ထုတ်ဖို့ ကြိုးစားရော။ အဲဒါနဲ့ ကားစီးရင်း ခေါင်းတွေမူး၊ ပျို့အန်ချင်လာတာပဲ။ မျက်မှန်ပါဝါ အသစ်ပြောင်းရင် မူးတာကလည်း အဲဒီသဘောတရားပဲကွ။ မျက်စိကမြင်ရတဲ့ ပုံရိပ်အသစ်ကို ဦးနှောက်က အသားမကျသေးလို့ ခေါင်းမူး၊ ခေါင်းကိုက် ဖြစ်တာ”

(ကားမူးတာ သက်သာချင်ရင် ငြိမ်နေတဲ့နေရာ ကြည့်နေလို့မရဘူး။ ပြင်ပက လှုပ်ရှားနေတဲ့ ရှုခင်းတွေကို ကြည့်နေမှ မျက်စိနဲ့ ကြွက်သားတွေက ချိန်သားပြန်ကိုက်ပြီး မူးတာ အမြန်သက်သာမှာ)
.

၄။ စွမ်းအင်မလုံလောက်တော့တဲ့ ဦးနှောက်

“မင်းပြောတာတွေ နားထောင်ရင်းနဲ့ ငါ ဗိုက်တောင်ဆာလာပြီ။ မနက်ကတည်းက မိန်းမနဲ့ စကားများပြီး ဘာမှ မစားရသေးဘူး” လို့ ကျော်စွာက ဗိုက်ကို ပွတ်ရင်း ပြောတယ်။

“ဟာ… ဒါဆိုရင်တော့ မင်း ခေါင်းမူးတာ အဖြေပေါ်ပြီ။ အဲဒါ သကြားဓာတ် ကျသွားတာ (Hypoglycemia) ကွ” လို့ ကျွန်တော်က ရယ်ရင်း ပြောလိုက်တယ်။

“ဦးနှောက်ဆိုတာကလေ ခန္ဓာကိုယ်မှာ အလုပ်လုပ်ရဆုံးအင်္ဂါပဲ။ ဒါပေမယ့် သူ့မှာ အားနည်းချက် တစ်ခုရှိတယ်။ ကြွက်သားတွေလို အဆီကို စွမ်းအင်အဖြစ် ပြောင်းမသုံးတတ်ဘူး။ သွေးထဲကလာတဲ့ သကြားဓာတ်ကိုပဲ သုံးနိုင်တာကွ။ မင်းက ထမင်းမစားဘဲ အကြာကြီးနေလိုက်တဲ့အခါ သွေးထဲမှာ သကြားဓာတ်တွေ ကျသွားတယ်။ ဦးနှောက်ကို ပေးစရာ စွမ်းအင်မရှိတော့ဘူး။”

“အဲဒီအခါကျရင် ဦးနှောက်က ‘ဟေ့… ငါ့ဆီကို သကြားဓာတ် ရောက်မလာတော့ဘူး၊ အရေးပေါ် အခြေအနေဟေ့’ ဆိုပြီး ခန္ဓာကိုယ်ကို လှမ်းသတိပေးလိုက်တယ်။ အဲဒီတော့မှ ရင်တွေတုန်လာမယ်။ ချွေးစေးတွေ ပြန်လာမယ်။ ခြေလက်တွေ တုန်လာပြီး ခေါင်းတွေ မူးဝေလာတော့တာပဲ။ ဆီးချိုသမားတွေ ဆေးများသွားရင် ဖြစ်တဲ့ပုံစံမျိုးပေါ့။ ဒါကြောင့် အချိုရည်လေး တစ်ခွက်လောက် သောက်လိုက်တာနဲ့ ခေါင်းမူးတာက ချက်ချင်း သက်သာသွားတတ်တာ”
.

၅။ ဘယ်လို ခေါင်းမူးတာကို ကြောက်ရမလဲ။

ကျော်စွာက ဆက်တီခုံပေါ်ကနေ ထထိုင်လိုက်ပြီး “ဒါနဲ့… သွေးကြောပေါက်ရင်လည်း မူးတယ်ဆို။ အဲဒါမျိုးဆိုရင် ဘယ်လို သိနိုင်မလဲ။ ငါတော့ အဲဒါမျိုးဖြစ်မှာ ကြောက်တယ်” လို့ စိုးရိမ်တကြီး မေးတယ်။

“အေး… အဲဒါ အရေးကြီးဆုံးပဲ။ ရိုးရိုးခေါင်းမူးတာက ထိုင်လိုက်၊ လှဲလိုက်ရင် ခဏနေ သက်သာသွားတတ်တယ်။ ဒါပေမယ့် ခေါင်းမူးတာနဲ့အတူ အခုပြောပြမယ့် လက္ခဏာတစ်ခုခု တွဲလာပြီဆိုရင်တော့ အရေးပေါ် အခြေအနေပဲ။ နီးစပ်ရာ ဆေးရုံကို အမြန်ဆုံး သွားဖို့ လိုပြီ။”

ကျွန်တော်က လက်ချောင်းလေးတွေကို တစ်ခုချင်း ချိုးပြရင်း ရှင်းပြလိုက်တယ်။

ပထမအချက် – တစ်သက်နဲ့တစ်ကိုယ် မကြုံဖူးလောက်အောင် ခေါင်းကို ဆိုးဆိုးရွားရွား ထိုးကိုက်ပြီး မူးလာတာ။

ဒုတိယအချက် – မျက်နှာတစ်ခြမ်း ရွဲ့သွားတာ၊ ပါးစပ်က စကားပြောရတာ လေးသွားတာ ဒါမှမဟုတ် ဗလုံးဗထွေး ဖြစ်သွားတာ။

တတိယအချက် – ခြေလက်တစ်ခြမ်း အားနည်းသွားတာ၊ ထုံကျင်ပြီး လှုပ်လို့မရတော့တာ။

စတုတ္ထအချက် – မျက်စိက ရုတ်တရက် နှစ်ထပ်တွေ မြင်လာတာ ဒါမှမဟုတ် လုံးဝ မမြင်ရတော့တာ။

ပဉ္စမအချက် – လမ်းလျှောက်နေရင်း ယိုင်ထွက်သွားပြီး ဟန်ချက် လုံးဝ မထိန်းနိုင်တော့တာ။

“အဲဒီ လက္ခဏာတွေကတော့ ဦးနှောက်ထဲမှာ သွေးကြောပေါက်တာ8 ဒါမှမဟုတ် သွေးကြောပိတ်ပြီး လေဖြတ်မယ့် လက္ခဏာတွေပဲကွ။ အဲဒါမျိုးဆိုရင်တော့ သွေးတိုးလို့မူးတာ သေချာသွားပြီ။ အချိန်မီ ဆေးရုံရောက်ဖို့က အသက်တမျှ အရေးကြီးနေပြီ။ နောက်ပြီး ရင်ဘတ်တွေ အောင့်လာပြီး မူးတာ၊ အသက်ရှူရကျပ်ပြီး မူးတာမျိုးဆိုရင်လည်း နှလုံးသွေးကြောပိတ်တဲ့လက္ခဏာ ဖြစ်နိုင်တဲ့အတွက် ပေါ့ဆလို့ မရဘူးကွ။”
.

၆။ ကျော်စွာပြုံးနိုင်ပြီ 😃

စကားလည်းဆုံးရော ကျော်စွာက သက်ပြင်းရှည်ကြီး ချလိုက်တယ်။

“မင်း ရှင်းပြမှပဲ ငါ ခုနက ခေါင်းမူးတာ ဘာလို့လဲဆိုတာ သဘောပေါက်တော့တယ်။ ငါက မနက်ကတည်းက ဘာမှ မစားရသေးဘဲ မိန်းမနဲ့ စကားများပြီး အိမ်ကဆိုဖာပေါ်မှာ အကြာကြီး ပက်လက်လှဲနေတာ။ ပြီးတော့မှ စိတ်တိုတိုနဲ့ ရုတ်တရက် ဝုန်းဒိုင်းဆို ထပြီး မင်းဆီ လာဖို့လုပ်တဲ့ အချိန်ကျတော့… မင်းပြောတဲ့ အကြောင်းရင်းတွေ အကုန်ပေါင်းပြီး မူးသွားတာကိုး”

“ဟား ဟား ဟား” ကျွန်တော် အသံထွက် ရယ်လိုက်မိတယ်။

“အေးပါကွာ… မင်း ခေါင်းမူးတာက ဦးနှောက်သွေးကြောပေါက်တာလည်း မဟုတ်ဘူး။ နားထဲက ဆင်ဆာပျက်တာလည်း မဟုတ်ဘူး။ ‘မိန်းမကြောက် ရောဂါ’ နဲ့ ‘ဗိုက်ဆာတဲ့ ရောဂါ’ ပေါင်းသွားတာ။ ကဲ… လာလာ… ငါ့အိမ်မှာ မုန့်ဟင်းခါး ချက်ထားတယ်။ အချိုရည်လေး တစ်ခွက်သောက်ပြီး မုန့်ဟင်းခါးတစ်ပွဲလောက် ဖိစားလိုက်ရင် မင်း ခေါင်းမူးတာ ယူပစ်လိုက်သလို သက်သာသွားလိမ့်မယ်” လို့ ပြောရင်း ကျော်စွာကို ထမင်းစားစားပွဲဆီ ခေါ်လာခဲ့ပါတော့တယ်။

(သွေးပေါင်လည်းချိန်ပေးရ၊ “ခေါင်းက ဘာလို့မူးရတယ်” ဆိုတာလည်း ရှင်းပြရ၊ ဟော အခုလည်း မုန့်ဟင်းခါးနဲ့ ဧည့်ခံရဦးမယ်)

တကယ်တော့ လူ့ခန္ဓာကိုယ်ကြီးဆိုတာ အင်မတန် အံ့ဩဖို့ကောင်းတာပဲ။ ပြဿနာတစ်ခုခု ရှိလာပြီဆိုရင် ခေါင်းမူးတာ၊ နာကျင်တာတွေနဲ့ ကျွန်တော်တို့ကို သတိလှမ်းပေးတတ်ပါတယ်။ အရေးကြီးတာက အဲဒီလို အချက်ပြနေတာတွေကို သေချာနားလည်ပြီး လိုအပ်ရင် လိုအပ်သလို မှန်မှန်ကန်ကန် တုံ့ပြန်နိုင်ဖို့ပါပဲ။

အားလုံးပဲ ခေါင်းမူး၊ ခေါင်းကိုက် ကင်းဝေးပြီး ကျန်းမာရွှင်လန်းကြပါစေ…..။

စေတနာဖြင့်
အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here