ဆေးခန်းရှေ့ရောက်မှ ရင်တွေတအားခုန်လာပြီး နောက်ပြန်လှည့်ပြေးချင်စိတ် ပေါက်ဖူးလား။
“အဖြေတစ်ခုခု ထွက်လာရင် ငါဘယ်လို ရှေ့ဆက်ရမလဲ” ဆိုတဲ့ အတွေးက လူကို အတော်လေး မွန်းကျပ်စေတာ အမှန်ပဲ။ HIV လို၊ ကာလသားရောဂါလို ကိစ္စတွေမှာ သွေးသွားစစ်ဖို့ ကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလိုလို ဒီခံစားချက်ကို ဖြတ်သန်းဖူးကြတာချည်းပဲ။
ဒါပေမယ့် စဉ်းစားကြည့်။ အဲဒီကြောက်စိတ်က ကိုယ့်ဘဝကြီး တစ်ခုလုံးကို အပိုင်စီးခွင့် ပေးထားလိုက်တော့မလို့လား။
ငါ့မှာများ ရှိနေပြီလားဆိုတဲ့ သံသယက အင်မတန် ကြောက်စရာကောင်းတယ်။ ညအိပ်မပျော်ဘူး။ ဖျားနာတိုင်း စိတ်ပူရတယ်။ ဝမ်းလျှောတဲ့အခါတိုင်း စိတ်ညစ်ရတယ်။ ကိုယ်ခန္ဓာမှာ အနီစက် အဖုအပိမ့်တွေ ထွက်တိုင်း စိုးရိမ်နေရတယ်။ အင်တာနက်မှာ စာတစ်ခုခု ဖတ်မိရင်တောင် ထိတ်ခနဲ ဖြစ်သွားတတ်တယ်။
တကယ်တော့ အခုလို သွေးမစစ်ဘဲ ရှောင်ပြေးနေတာက သက်သာရာရစေတာ မဟုတ်ဘူး။ မသေချာဘူးဆိုတဲ့ အကျဉ်းထောင်ထဲမှာ ကိုယ့်ဘာသာ ပိတ်လှောင်ထားသလို ဖြစ်နေတာ။
သွေးစစ်လိုက်တာက အဲဒီထောင်ထဲကနေ ဖောက်ထွက်လိုက်တာနဲ့ အတူတူပဲ။
မစစ်ခင်မှာ Counselor တွေနဲ့ အရင်စကားပြောရတယ်။ Counselor တွေက သွေးစစ်ခြင်းရဲ့ ကောင်းကျိုးတွေကို ရှင်းပြပေးလိမ့်မယ်။ သွေးစစ်ခါနီး ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်ပေါင်းစုံကို ဂရုတစိုက် နားထောင်ပေးမယ်။
အဖြေက Negative ထွက်ခဲ့ရင်… ရင်ထဲက အလုံးကြီး ကျသွားသလို ပေါ့ပါးသွားမယ်။ လွတ်လပ်သွားမယ်။ ဒါက သင့်အတွက် ဒုတိယအခွင့်အရေးပဲ။ နောက်ဆို ဘယ်လိုဆင်ခြင်မလဲဆိုတာ သေချာစဉ်းစားလို့ ရသွားပြီ။
ကဲ… အဖြေက Positive ဆိုရင်ရော။
ဒါက လူတိုင်း အကြောက်ဆုံးပေါ့။ ဒါပေမယ့် ခေါင်းထဲမှာရှိတဲ့ အရင်ခေတ်က အတွေးဟောင်းတွေကို ဖယ်လိုက်တော့။ အခုခေတ်မှာ HIV ရှိတယ်ဆိုတာ သေဒဏ်ချမှတ်ခံရတာ မဟုတ်တော့ဘူး။ ဆီးချို၊ သွေးတိုးလိုမျိုး နေ့တိုင်း ဆေးသောက်ပြီး ထိန်းထားလို့ရတဲ့ ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်လာပြီ။
အခုခေတ် ART ဆေးတွေကလည်း အတော်ကောင်းနေပြီ။ ဆေးပုံမှန်သောက်ရင် သွေးထဲမှာ ပိုးကောင်ရေ ရှာမတွေ့တော့တဲ့အထိ (Undetectable) ဖြစ်သွားမယ်။ ကိုယ့်ဆီမှာ ပိုးရှာမတွေ့တော့ဘူးဆိုရင် ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်ကို လုံးဝ မကူးစက်နိုင်တော့ဘူး (Untransmittable)။ U=U ဆိုတာ ဒါကိုပြောတာ။ သာမန်လူတစ်ယောက်လိုပဲ အလုပ်လုပ်မယ်၊ အိမ်ထောင်ပြုမယ်၊ ရောဂါကင်းတဲ့ ကလေးယူလို့ရတယ်။ ဘဝကြီးက ဒီမှာတင် ပြီးမသွားဘူး။
အရေးကြီးတာက စောစောသိဖို့ပဲ။ ဘာလက္ခဏာမှ မပြခင် ကြိုသိပြီး ဆေးစသောက်နိုင်ရင် ကိုယ်ခံအားစနစ် မပျက်စီးခင် ကာကွယ်နိုင်တယ်။ ဒါ ကိုယ့်ကိုယ်ကိုယ် ပြန်စောင့်ရှောက်တာပဲ။ ကိုယ့်ကိုယ်ကိုယ် ချစ်တာပဲ။
ဆေးခန်းသွားဖို့ စိတ်မပါသေးဘူးဆိုရင် ဒါလေး မှတ်ထားပါ။
ဘယ်ဆေးခန်းမဆို ကိုယ့်အချက်အလက်ကို လျှို့ဝှက်ပေးရမယ့် စည်းကမ်းရှိတယ်။ ဘယ်သူမှ သိမှာမဟုတ်ဘူး။ တစ်ယောက်တည်း သွားဖို့ကြောက်ရင် ယုံရတဲ့ သူငယ်ချင်း တစ်ယောက်ယောက်ကို အဖော်ခေါ်သွားပါ။
ကြောက်စိတ်ဆိုတာ တကယ်တော့ ဦးနှောက်ထဲမှာ တွေးမိနေတဲ့ စိတ်ကူးလေးတစ်ခုပါပဲ။ တကယ်တမ်း သွားရင်ဆိုင်လိုက်ရင် ထင်သလောက် မဆိုးဘူး၊ ကြောက်စရာ ကောင်းမနေဘူးဆိုတာ သိလာလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တယ်၊ ကိုယ့်အနာဂတ်ကို တန်ဖိုးထားတယ်ဆိုရင် ဒီနေ့ပဲ သွားစစ်လိုက်ပါ။
အဖြေ ဘာပဲထွက်ထွက် သင့်ဘဝက ဆက်ပြီး အသက်ဝင်နေဆဲ၊ သင်က တန်ဖိုးရှိနေဆဲ၊ သင့်ရဲ့ အနာဂတ်က တောက်ပနေဆဲပဲ။ ရှေ့ဆက်ရမယ့်လမ်းမှာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ အခုပဲ ရဲရဲဝံ့ဝံ့ ခြေလှမ်းလိုက်ပါ။
သွေးစစ်ဖို့ ကြောက်နေရင်၊ စိုးရိမ်နေရင် တယ်လီကျန်းမာက Counselor တွေနဲ့ ရင်ဖွင့်ပြောပြလို့ ရပါတယ်။
(သင့်ရဲ့ တန်ဖိုးရှိတဲ့ ဘဝအတွက် ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီပေးပါရစေ)
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

