‎ဒီရက်ပိုင်းအတွင်း ခေါင်းကိုက်ပြီး နေလို့ထိုင်လို့မကောင်းလို့ ဆေးခန်းလာပြကြတဲ့ လူနာတွေထဲမှာ ‎ဟုတ်တိပတ်တိ အခြား လဏ္ခဏာတွေလည်း မရှိပါဘဲနဲ့ လူကမလန်း၊ နေလို့မကောင်း ဖြစ်နေကြတာမျိုးကို တွေ့ခဲ့ရပါတယ်။

တခြားဘာရောဂါမှလည်း မရှိကြပါဘူး။ ပါရာစီတမောသောက်လည်း မသက်သာကြဘူးရယ်။ နေတဲ့နေရာကို မေးကြည့်တော့ လက်ရှိက ဘန်ကောက်မှာပါတဲ့။ ဒါနဲ့ “ လေထုညစ်ညမ်း” လို့များလားဆိုပြီး သံသယရှိလာတဲ့အတွက် ဘန်ကောက်ရဲ့ လတ်တလော လေထုအရည်အသွေး (Air quality index) ကို ရိုက်ရှာကြည့်တော့ “ လေထုမသန့်ဘူး၊ မကောင်းဘူး၊ သတိထားရမယ့် အခြေအနေပါ” တဲ့။
‎…
‎…

‎ကြုံလို့ တစ်ဆက်ထဲပြောရရင်တော့ မိမိနေထိုင်ရာအရပ်မှာရော လေထုသန့်ရဲ့လား သိချင်ရင် Air quality index ဆိုပီး Google မှာ ရိုက်ရှာနိုင်ပါတယ်။

‎0-50 ဆို အလွန်ကောင်းတယ်။
‎51-100 ဆို သင့်တင့်တယ်။
‎101-150 ဆို ကျန်းမာရေးထိခိုက်နိုင်တယ်။ ( အထူးသဖြင့် ရောဂါအခံရှိသူ၊ အားနည်းသူ)
‎151-200 ဆို ကျန်းမာရေးထိခိုက်နိုင်တယ်။
‎201-300 ဆို အလွန်အမင်း ကျန်းမာရေးထိခိုက်စေနိုင်တယ် လို့ သတ်မှတ်လို့ရပြီး
‎301 အထက်ဆိုရင်တော့ ဘေးအန္တရာယ်လို့တောင် ပြောလို့ရနေပါပြီ။
‎.

‎လက်ရှိမှာတော့ ကမ္ဘာမှာ လေထုအညစ်ညမ်းဆုံးမြို့ကတော့ ပါကစ္စတန်နိုင်ငံရဲ့ Lahore မြို့ပါ။ နောက်ပြီး india က မြို့တွေပေါ့။

‎ရန်ကုန်ဟာဆိုရင် လေထုညစ်ညမ်းတဲ့နေရာမှာ နံပါတ် ၃၆ လောက်မှာပါ။ အညွှန်းကိန်း ၈၈ ဆိုတော့ လေထုအခြေအနေက အသင့်အတင့်တော့ ရှိပါသေးရဲ့။ ရာသီအလိုက်၊ အချိန်အလိုက်တော့ လေထုညစ်ညမ်းမှုနှုန်းတွေက ပြောင်းလဲတတ်ပါသေးတယ်။ ဘန်ကောက်ဆိုရင် လက်ရှိအချိန်မှာ အညွှန်းကိန်း ၁၀၀ နဲ့အထက်မှာပါ။ ဒါကြောင့် ကျန်းမာရေးအတွက် ထိခိုက်နိုင်ပါတယ်။
‎…
‎…

‎လေထုက ပတ်ဝန်းကျင်ကျန်းမာရေးကဏ္ဍမှာဆိုရင်တော့ ရေတိုအနေနဲ့ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေမယ်၊ ရောင်ရမ်းစေပါမယ်။ ရေရှည်မှာတော့ အဆုတ်အားနည်းတာ၊ နာတာရှည်လေပြွန်ကျဉ်းတာ၊ အဆုတ်ခြောက်တာအပြင် အဆုတ်ကင်ဆာလိုမျိုး‌တွေ ဖြစ်လာနိုင်ပါတယ်။

‎” အဆုတ်တစ်ခုပဲ ထိတာလား” ဆိုတော့ မဟုတ်ပါဘူး။

‎ရှူသွင်းလိုက်တဲ့ အရာဖြစ်လို့ အသက်ရှူလမ်းကြောင်းအကုန်လုံးတင်မက သွေးထဲရောက်မှာဖြစ်လို့ နှလုံးနဲ့သွေးကြောအကုန်လုံးကိုပါ ထိခိုက်စေမှာပါ။ ပြီးတော့ ဦးနှောက်က သွေးနဲ့အောက်ဆီဂျင်ကို လိုအပ်တာမို့ ခေါင်းကိုက်တာ၊ ခေါင်းမကြည်တာ၊ အရင်လို ကောင်းစွာမလန်းဆန်းနေတာအပြင် တစ်ကိုယ်လုံးက ကလီစာတွေပါ မသန့်ရှင်းတဲ့လေကြောင့် ထိခိုက်နိုင်ပါတယ်။
‎.

‎လေထုညစ်ညမ်းတဲ့အကြောင်းကို ဆက်ရရင်တော့ ရှည်သွားမှာမို့ ဒီဆောင်းပါးမှာတော့ “ မိမိတစ်ကိုယ်စာအနေနဲ့ လတ်တလော ကျန်းမာရေး မထိခိုက်အောင်” ဆိုတဲ့ ရှုထောင့်ကနေ ဖော်ပြပေးသွားပါမယ်။

‎မိမိက အပြင်ထွက်ပြီး သွားလာနေရတယ်၊ မသွားလို့မဖြစ်ဘူးဆိုရင် “ လေထုအညစ်ညမ်းဆုံး အချိန်တွေမှာ မထွက်ရင်ကော ဖြစ်နိုင်လား” ဆိုတာကို ချိန်ဆ ကြည့်ပါ။ အထူးသဖြင့် ရုံးချိန် (Office hour) ၊ ယာဉ်ကြောပိတ်ဆို့ချိန် (traffic jam) ဖြစ်နိုင်မယ့်အချိန်တွေမှာ သွားမှဖြစ်မှာဆိုရင် ဖြစ်နိုင်ရင် ကားနဲ့သွားပါ။ ကားအဲကွန်းဖွင့်တဲ့အခါ လေကို ကားအတွင်းမှာဘဲ လှည့်အောင််ချိန်ပါ။ မှန်အလုံပိတ်ပါ။

‎ကားနဲ့မဟုတ်ဘူး၊ ဆိုင်ကယ်နဲ့ဖြစ်ဖြစ်၊ လမ်းလျှောက်ရတာဖြစ်ဖြစ်မျိုးဆိုရင်လည်း သေချာကာကွယ်ပေးနိုင်တဲ့ နှာခေါင်းစည်းအကာအကွယ် (N95 mask) လိုမျိုးကို ဝတ်ပြီး သွားပါ။ လေထုညစ်ညမ်းနေတုန်းမှာ အပြင်ထွက်ပြီး အားကစားလုပ်တာ၊ လေတဝကြီးရှူတာမျိုးကို မလုပ်သင့်ပါဘူး။ အခန်းတွင်းလှုပ်ရှားလေ့ကျင့်တာ (indoor activity) ပဲ လုပ်ပါနော်။
‎.

‎ကဲ… အပြင်သွားပြီးလို့ အိမ်ပြန်ရောက်ပြီဆိုရင် ညစ်ညမ်းတဲ့ လေထုနဲ့တွေ့ထားတဲ့နေရာတွေကို သန့်စင်ဖို့ ရေမိုးချိုးလိုက်ပါ။ အခန်းတွင်းကိုလည်း ပြတင်းပေါက်တွေကို ပိတ်ထားပြီး HEPA filter ပါတဲ့ လေသန့်စက်လိုမျိုးကို ဖွင့်ထားပြီးနေသင့်ပါတယ်။

‎ပြီးရင်တော့ ထိခိုက်သွားတဲ့ ကိုယ်ခံအားစနစ်ကိုဖြည့်တင်းဖို့ လတ်ဆတ်တဲ့ အသီးအနှံတွေ၊ ဗီတာမင် “ ဘီနဲ့ စီ” ‌ ကြွယ်ဝတာတွေကို စားပါ။ လိမ္မော်သီး၊ စပျစ်သီး၊ ပန်းသီး၊ စတော်ဘယ်ရီ စသဖြင့် ရာသီပေါ်ရနိုင်တာတွေပေါ့။

‎အသီးအရွက်တွေမှာလည်း မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း စသဖြင့် အရောင်စုံအောင် စားပေးပါ။ ကြက်ဥ၊ ပဲ စတာတွေကိုလည်း မျှတအောင်စားပေးရပါမယ်နော်။ နောက်ပြီး နေကြာစေ့တို့လို အစေ့အဆန်တွေကိုလည်း မမေ့ထားသင့်ပါဘူး။
‎.

‎‌နောက်တစ်ခုက ရေများများသောက်ပါ။အာခြောက်မှာဖြစ်လို့ ရေများများသောက်ပေးဖို့လိုပါတယ်နော်။

‎အိမ်ထဲမှာ မလိုအပ်တဲ့ မီးညှိတာမျိုးတွေကို မလုပ်ပါနဲ့။ ခြင်ဆေးခွေ၊ အမွှေးတိုင်၊ တခြားမီးရှို့တာမျိုး စသဖြင့်ပေါ့။

ဖြစ်နိုင်ရင် ခြံဝင်းထဲမှာ သရက်ပင်တို့၊ ပိန္နဲပင်တို့လို အပင်ကြီးမျိုးတွေ၊ နှစ်ရှည်ပင်တွေကို စိုက်ထားပါ။ အခန်းတွင်းစိုက်ပျိုးရှင်သန်နိုင်တဲ့အပင် (indoor plant) လေးတွေ ထားပေးပါ။

‎…
‎…

‎‌အဆုံးသတ်အနေနဲ့ သတိတရမှာချင်တာကတော့ မလိုအပ်ဘဲ ဆေးဝါးတွေကို မသောက်ပါနဲ့။ အထူးသဖြင့် နှာစေး၊ ချောင်းဆိုးတယ်ဆိုပြီး မလိုအပ်တဲ့ ပိုးသတ်ဆေးတွေကို မိမိဘာသာ သောက်မိတော့ ပိုပြီး နုံးတတ်ပါတယ်။ ဖြည့်စွက်စာနဲ့ အားဆေးတွေကို သောက်မယ်ဆိုရင်လည်း ဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်ပြီးမှသောက်သုံးကြပါလို့ တိုက်တွန်းလိုက်ရပါတယ်နော်။

အာဟာရဆရာဝန်တစ်ဦး

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here