‎” မိသားစုမို့… အားနာစရာမလိုဘူး” ဆိုတဲ့ အတွေးက အခြေအနေတိုင်းအတွက် တကယ်မှန်ကန်ပါရဲ့လား။

‎တစ်ခါတလေတော့ မိသားစုနဲ့အတူရှိတဲ့အခါ “ ဟန်ဆောင်နေစရာ မလိုဘူး။ ဖုံးကွယ်နေစရာ မလိုဘူး။ အရှိအတိုင်းနေလို့ ရတယ်။ ပြောစရာရှ်ိပြောမယ်။ ငြင်းစရာရှိ ငြင်းမယ်။ ပွင့်လင်းလို့ရတယ်” ဆိုတာက မှန်ပါတယ် ။

‎ဒါပေမယ့် “ မိသားစုကိုတော့ အားနာစရာမလိုလို့ နောက်မှာ ချန်ထားခဲ့မယ်။ သူစိမ်းတစ်ရံတွေကိုပဲ ဦးစား‌ပေးမယ်” ဆိုတဲ့အတွေးကတော့ အတော်လေး အဆိပ်အတောက်ဖြစ်စေတဲ့ အယူအဆတစ်ခုပါပဲနော်။

‎လူအများစုက အပြင်ကလူတွေရဲ့ အမြင်မှာတော့ “ လူကောင်း” ဖြစ်ချင်ကြလို့ အားနာပြတယ်၊ ယဉ်ကျေးပြတယ်။ ဒါပေမယ့် ကိုယ့်ကို ချစ်ခင်အားကိုးတဲ့ ကိုယ်နဲ့အနီးဆုံးက အိမ်သူ၊ အိမ်သားတွေကိုကျတော့ “ ရင်းနှီးတယ်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ဒဏ်ရာတွေ ပေးမိနေတတ်ကြပါတယ်။
‎…


‎စိတ်ပညာမှာလည်း Impression Management လို့ ခေါ်တဲ့ အယူအဆတစ်ခု ရှိပါတယ်။ အဓိပ္ပါယ်ကတော့ “ လူတွေက ကိုယ့်ကို မသိတဲ့သူတွေရှေ့မှာ ပုံရိပ်ကောင်းချင်ကြလို့ အားနာပြတယ်၊ သည်းခံပြတယ်။ ဒါပေမယ့် အိမ်ရောက်တဲ့အခါမှာတော့ ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို အနီးဆုံးလူပေါ် ပုံချတတ်ကြပါတယ်” လို့ ဆိုလိုတာပါ။

‎တကယ်တော့ ကျွန်မတို့က အပြင်မှာ သုံးလိုက်ရတဲ့ “ အားနာမှု” တွေကြောင့် အိမ်ပြန်ရောက်တဲ့အခါ အိမ်သားတွေအပေါ်မှာ စိတ်ရှည်ဖို့ အားမကျန်တော့တာမျိုးပါ။ တစ်ခါတလေမှာ ဒေါသအဖြစ်တောင် ပြောင်းပစ်တတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ ဆင်ခြေသက်သက်ပါပဲ။

‎” ငါ ဘာလုပ်လုပ် သူတို့ကတော့ ငါ့မိသားစုပဲ၊ ခွင့်လွှတ်မှာပဲ” ဆိုတဲ့အတွေးက အရမ်းအန္တရာယ်များပါတယ်။ “ မိသားစုပဲဟာ… နားလည်ပေးမှာပါ” ဆိုတာကလည်း တကယ်တော့ အတ္တကြီးရာရောက်ပါတယ်။
‎…
‎…

‎ဒါ့အပြင် အိမ်ထောင်မမြဲခြင်း၊ နားလည်မှုလွဲခြင်းစတဲ့ Relationship တွေ ပွတ်တိုက်ရခြင်းရဲ့ တရားခံဟာလည်း ဒီလို “ အသေးအဖွဲလေးတွေမှာ အားမနာခြင်း” ကနေ အစပြုတတ်ပါတယ်။

‎ဥပမာ – ဧည့်သည်လာလို့ ကိုယ့်ဇနီး/ခင်ပွန်းကို အလုပ်အကျွေးပြုခိုင်းပြီး ဧည့်သည်ရှေ့မှာ မျက်နှာလုပ်တာမျိုး၊ ဒါမှမဟုတ် သူစိမ်းက တောင်းဆိုတာကို အားနာလို့ ဖြည့်ဆည်းပေးပြီး အိမ်ကလူနဲ့ ချိန်းထားတာကို အလွယ်တကူ ဖျက်လိုက်တာမျိုး စသဖြင့်ပေါ့နော်။

‎ဒီလို အပြင်လူကို အားနာလို့ဆိုပြီး ကိုယ့်အိမ်သားအပေါ် ပျက်ကွက်တာ၊ စိတ်ငြိုငြင်အောင်လုပ်တာမျိုးက ရေရှည်မှာ Resentment လို့ခေါ်တဲ့ နာကျည်းချက် ကို ဖြစ်စေနိုင်ပါတယ်။

‎” ငါ့ထက်၊ ငါတို့ထက် သူစိမ်းက ပိုအရေးကြီးတာလား” ဆိုတဲ့ မေးခွန်းက အိမ်ထောင်ရေးကို တဖြည်းဖြည်း အက်ကြောင်းထင်လာစေပါတယ်။
‎…


‎တကယ်တော့ အားနာခြင်းဆိုတာဟာ အပြင်ကနေ အတွင်းကို စီးဝင်ရမှာမဟုတ်ဘဲ အတွင်းကနေ အပြင်ကို စီးဆင်းရမှာ ဖြစ်ပါတယ်။

‎ကျွန်မတို့ဟာ ကိုယ့်အပေါ် အမြဲနူးညံ့နေတဲ့သူ၊ ကိုယ့်ကို ဘယ်တော့မှ ပစ်မသွားဘူးလို့ ယုံကြည်ရတဲ့သူတွေကိုကျတော့ “ အားနာဖို့” မေ့နေတတ်ကြပါတယ်။ တကယ်ဆိုရင် “ မိသားစုမို့လို့ ငါ့စိတ်ကြိုက် ပြောလို့ရတယ်” ဆိုတာထက် “ မိသားစုမို့လို့ ငါ့ကြောင့် သူတို့ ပိုစိတ်မဆင်းရဲစေရဘူး” ဆိုတဲ့ ခံယူချက်မျိုးသာ ရှိသင့်တယ် မဟုတ်ပါလား။

‎💒 ဒီတော့ အပြင်လူကို အားနာတတ်တဲ့ စိတ်ရဲ့ တစ်ဝက်လောက်ကိုပဲ ကိုယ့်အိမ်သားအပေါ်မှာ ထားကြည့်ပေးဖို့ ကြိုးစားပါ။

‎💒 ကျေးဇူးတင်စကားနဲ့ တောင်းပန်စကားကို အိမ်မှာလည်း သုံးပေးပါ။

‎💒 သူစိမ်းကို “ ကျေးဇူးတင်ပါတယ်” လို့ ပြောတတ်သလိုမျိုး အိမ်ကလူကိုလည်း ပြောကြည့်ပါ။ ဒါဟာ သူတို့ရဲ့တာဝန်ပဲလို့ မသတ်မှတ်ပါနဲ့။

‎💒 ဦးစားပေးခြင်းကို ပြန်စိစစ်ပါ။
‎သူစိမ်းကို “ အားနာလို့ မငြင်းရက်ဘူး” ဆိုတာထက် ငါ ဒီလိုလုပ်လိုက်ရင် “ အိမ်ကလူ စိတ်မကောင်းဖြစ်မှာကို ပိုအားနာတယ်” ဆိုတဲ့စိတ်မျိုး မွေးကြည့်ပါ။

‎💒 “ No” လို့ ပြောတတ်ပါစေ။
‎အပြင်လူရှေ့မှာ ပုံရိပ်ကောင်းဖို့ထက် ကိုယ့်အိမ်ကလူတွေရဲ့ မျက်လုံးထဲမှာ စိတ်ချရတဲ့သူ၊ နွေးထွေးတဲ့သူ ဖြစ်ဖို့ ပိုအရေးကြီးပါတယ်။ ‎ဒါကြောင့် အပြင်လူကို ငြင်းတတ်ဖို့ကိုလည်း သင်ယူပါ။
‎…


‎တကယ်တမ်းအနေနဲ့ ဘဝမှာ နေရာတိုင်းအတွက်၊ ကိစ္စတိုင်းအတွက်တော့ ဘယ်အရာမှ အမြဲမမှန်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့အနားမှာ ရှိနေတဲ့သူတွေကို အလေးမထားဘဲ အပြင်လူကိုပဲ အားနာပြနေမိရင်တော့ အဲဒီနွေးထွေးမှုတွေက အတုအယောင်တွေပဲ ဖြစ်နေပါလိမ့်မယ်။

‎အိမ်သားတွေကို အပြင်လူထက် ပိုယဉ်ကျေးပြဖို့ပြောတာ မဟုတ်ပါဘူးနော်။ အပြင်လူကိုပေးတဲ့ အခြေခံလေးစားမှုလောက်လေးပဲ ပေးရင်တောင် အိမ်ထောင်ရေးတွေ၊ မိသားစုအရေးတွေဟာ အခုထက်ပိုပြီး အဆင်ပြေချောမွေ့နိုင်မယ်ဆိုတာကို ဆိုလိုချင်တာပါ။

‎ဘယ်သူစိမ်းကမှ ကိုယ့်ရဲ့အိုစာမင်းစာကို တာဝန်မယူပေးနိုင်သလို ကိုယ်နေမကောင်းတဲ့အခါမှာလည်း အနားနားအမြဲရှိနေမှာ မဟုတ်ပါဘူး။

‎တကယ်တော့ လေးစားအားနာမှုဆိုတာဟာ အိမ်ထဲကနေပဲ၊ ကိုယ့်အနီးဆုံးသူတွေဆီကပဲ စတင်စီးဆင်းသင့်တယ် မဟုတ်ပါလား…..။

‎သင်၏စိတ်ကလေး ကျန်းမာစေဖို့
‎ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here