🖤 ခံစားချက်တွေ ထုံသွားတဲ့အခါ 🖤

ဒီကာလတွေမှာ ကျွန်မတို့ဝန်းကျင်က သတင်းတွေ၊ ဖြစ်ရပ်တွေက နေ့ရက်တိုင်းလိုလို ဝမ်းနည်းစရာ၊ ထိတ်လန့်စရာ၊ မတည်ငြိမ်စရာတွေနဲ့ ပြည့်နေတယ်။

တစ်နေ့ပြီးတစ်နေ့၊ တစ်ပတ်ပြီးတစ်ပတ် ဒီလိုအရာတွေနဲ့ပဲ ရင်ဆိုင်နေရတဲ့အခါ ကျွန်မတို့စိတ်က တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။

တစ်နေ့မှာ ကိုယ့်ကိုယ်ကို သတိထားမိမယ်။

  • သတင်းဆိုးတစ်ခုကို ကြားလိုက်ရပေမယ့် မျက်ရည်မကျတော့ဘူး။
  • အနီးနားက ချစ်ရသူတစ်ယောက် ဝမ်းနည်းနေပေမယ့် သူ့ခံစားချက်ကို အတွင်းထဲကနေ လှိုက်လှိုက်လှဲလှဲ ခံစားပေးဖို့ ခက်နေတယ်။
  • အရင်တုန်းက ပျော်ရွှင်စေခဲ့တဲ့ အရာတွေကိုလည်း စိတ်မဝင်စားတော့ဘူး။

ဒီလိုအချိန်မျိုးမှာ ကျွန်မတို့ တော်တော်များများ ကိုယ့်ကိုယ်ကိုယ် မေးမိတတ်တယ်။

“ငါ ဒီလောက်တောင် အသည်းမာသွားပြီလား”
“ငါ လူမဆန်တော့ဘူးလား” လို့ပေါ့။

ဒါပေမယ့် ကျွန်မ ဒီမှာ ပြောချင်တာက ဒါဟာ အသည်းမာတာ မဟုတ်သလို လူမဆန်တာလည်း လုံးဝမဟုတ်ပါဘူး။

ဒါဟာ ကျွန်မတို့ရဲ့ စိတ်နှလုံးသားက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ရွေးချယ်လိုက်တဲ့ နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။

နည်းနည်းလေး ထပ်ရှင်းပြရရင်

  • လူတွေ သေကြေပျက်စီးကြတဲ့ သတင်းကို ကြားလိုက်ရပေမယ့် အတွင်းထဲမှာ “အင်း…” လောက်ပဲ ဖြစ်သွားတယ်။ ဝမ်းနည်းချင်ပေမယ့် မျက်ရည်မကျတော့ဘူး။
  • ချစ်ရတဲ့သူတစ်ယောက် ငိုနေတဲ့အခါ သူ့ကို နှစ်သိမ့်ပေးချင်တဲ့စိတ်ဖြစ်တယ်။ ဒါပေမယ့် ရင်ထဲက ဘာမှ မခံစား‌နေရဘူး။ ကိုယ်တိုင်က “ငါ ဘာလို့ ဒီလိုဖြစ်နေရတာလဲ” လို့ စိတ်ညစ်မိတတ်တယ်။

အရင်တုန်းက ဝါသနာပါတဲ့ ဝါသနာ၊ ရုပ်ရှင်၊ စာအုပ်တွေကိုတောင် စိတ်မဝင်စားတော့ဘူး။ ဒါတွေကို လုပ်ရင်လုပ်နေပေမယ့် အရင်တုန်းကလို ပျော်ရွှင်မှုဆိုတာ မခံစားရတော့ဘူး။

တစ်ခါတစ်လေ ဘာကိုမှ ဂရုစိုက်မနေမိတော့လည်း အေးတာပဲလို့ တွေးမိတတ်ပေမယ့် အဲဒီအေးဆေးမှုက စစ်မှန်တဲ့ စိတ်အေးချမ်းမှုမဟုတ်ဘဲ ဗလာကျင်းနေတဲ့ခံစားမှုမျိုး ဖြစ်နေတတ်ပါတယ်။

ဒီလို ဘာကြောင့်ဖြစ်ရတာလဲ။

အိမ်က လျှပ်စစ်မိန်းခလုတ်တွေမှာ “ Safety Breaker” ဆိုတာ ရှိတယ်မလား။ အပြင်ကနေ လျှပ်စစ်အားတွေ အရမ်းများပြီး စီးဝင်လာရင် အိမ်ထဲက ပစ္စည်းတွေ မလောင်သွားအောင် Breaker က ဖျတ်ခနဲ ကျသွားတတ်တာလေ။ ကျွန်မတို့ရဲ့ စိတ်ဦးနှောက်ကလေးလည်း အလားတူပါပဲ။

ဝမ်းနည်းမှု၊ ကြောက်ရွံ့မှုနဲ့ စိတ်ဖိစီးမှုတွေဟာ ကိုယ့်စိတ်က တောင့်ခံနိုင်တဲ့ ပမာဏထက် များပြားကျော်လွန်သွားတဲ့အခါ စိတ်တစ်ခုလုံး ပြိုလဲမသွားအောင် စိတ်က ခံစားချက် ခလုတ်ကို ခဏပိတ်ချလိုက်တာပါ။

“ မခံစားရတော့ရင်… ထပ်ပြီး မနာကျင်ရတော့ဘူး”
“ မနာကျင်ရတော့မှ… ငါ ဆက်ပြီး ရှင်သန်နိုင်မယ်” ဆိုတဲ့ ကာကွယ်မှုလေးတစ်ခုပေါ့။

အထူးသဖြင့် အမြဲတမ်း စိတ်ဖိစီးတွေနဲ့ ယှဉ်တွဲနေထိုင်ရတဲ့သူတွေ၊ စိတ်ဒဏ်ရာတွေ ကြုံခဲ့ရတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။

ခံစားချက်ထုံခြင်းနဲ့ အသည်းမာခြင်း

လူတော်တော်များများက ဒီနှစ်ခုကို ရောထွေးတတ်ကြပါတယ်။

တစ်ယောက်ယောက်က ကိုယ့်ကိုယ်ကို “ငါ အသည်းမာသွားပြီ” လို့ ထင်မိတဲ့အခါ တကယ်က ဖြစ်နေတာက “ငါ ထပ်မခံစားနိုင်တော့ဘူး” ဆိုတာမျိုးပါ။

အသည်းမာတယ်ဆိုတာက ခံစားလို့ရလျက်နဲ့ မခံစားပေးဖို့ ကိုယ်တိုင်က ရွေးချယ်ဆုံးဖြတ်လိုက်တာဖြစ်ပြီး၊ ခံစားချက်တွေ ထုံသွားတယ်ဆိုတာက ကိုယ်တိုင် မထိန်းချုပ်နိုင်ဘဲ စိတ်က အလိုအလျောက် ပိတ်ထားလိုက်တာမျိုး။ ခံစားချင်ပေမယ့် ခံစားလို့ မရတော့တာမျိုးပေါ့။

ဒါကြောင့် ဒီလိုဖြစ်နေတဲ့သူတစ်ယောက်အဖို့ “ငါ မခံစားချင်လို့” မဟုတ်ဘဲ “ငါ မခံစားနိုင်တော့လို့” ပြောရင် ပိုမှန်ပါလိမ့်မယ်။

ဒီလိုဖြစ်နေတာ အန္တရာယ်ရှိလား။

ဒီအခြေအနေက ခဏတာ ရေတိုအတွက်ဆိုရင်တော့ ကျွန်မတို့စိတ်အတွက် အကာအကွယ်တစ်ခုလိုပါပဲ။

စိတ်ဒဏ်ရာ ချက်ချင်းကြီးသွားပြီး မိမိကိုယ်ကိုယ် မထိခိုက်သွားအောင်၊ အခက်အခဲတွေကြားထဲ ဆက်လျှောက်နိုင်အောင် ကာကွယ်ပေးတဲ့ စိတ်ရဲ့ခုခံမှုတစ်ခုလို့တောင် ပြောလို့ရပါတယ်။

ဒါပေမယ့် ဒီအကာအကွယ်/ခုခံမှုကို အချိန်ကြာကြာ ဆက်ထားမိတဲ့အခါမှာတော့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာတတ်ပါတယ်။

ဒါတွေကတော့ . . .

  • အနီးစပ်ဆုံးလူတွေ၊ ချစ်ခင်ရသူ‌တွေနဲ့ကြားမှာ စိတ်ပိုင်းဆိုင်ရာ အကွာအဝေးတစ်ခု ခြားလာတတ်ပါတယ်။
  • ဘဝမှာ ပျော်ရွှင်မှု၊ အဓိပ္ပါယ်၊ ကျေနပ်မှုတွေ လျော့နည်းလာတတ်ပါတယ်။
  • ဝမ်းနည်းတာကို တားဆီးထားရင်းနဲ့ ပျော်စရာ ခံစားချက်တွေပါ ပိတ်မိသွားပြီး နောက်ဆုံး စိတ်ကျရောဂါဘက်ကိုတောင် ဦးတည်သွားတတ်ပါတယ်။

ဒါကြောင့် ဒီအခြေအနေကို ပုံမှန်ဖြစ်တတ်တဲ့ အခြေအနေတစ်ခုလို့ ပြောလို့ရပေမယ့် ဒီအတိုင်းဆက်ထားဖို့တော့ မသင့်တော်တဲ့ အခြေအနေတစ်ခုလို့ ပြောပါရစေ။

ဆိုတော့

ခံစားချက်တွေ ထုံသွားတယ်ဆိုတာ နှလုံးသားက လူသားဆန်မှု ပျောက်ဆုံးသွားလို့ ဆိုတာထက် ကျွန်မတို့ စိတ်ကလေးဟာ ခံနိုင်ရည်ထက် တအားကို အများကြီး ခံစားပြီးသား အခြေအနေ‌ရောက်နေပြီ ဆိုတာကို နားလည်ဖို့လိုပါတယ်။

စိတ်ကလေးရဲ့ “ ငါ တော်တော်လေး ပင်ပန်းနေပြီ။ ငါ့ကို ဂရုစိုက်ပါဦး” ဆိုတဲ့ အချက်ပေးသံလိုပါပဲ။

ဒီတော့ အခုလို ခံစားနေရတယ်ဆိုရင် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ဒါဟာ အားနည်းချက်တစ်ခုလည်း မဟုတ်ပါ။

ခံစားချက်တွေ မရှိတော့ဘူးလို့ ထင်နေတဲ့ လူတော်တော်များများဟာ တကယ်တော့ မခံစားနိုင်တော့လောက်အောင် ခံစားပြီးသားလူတွေ ဖြစ်ကြပါတယ်။

Emotional Numbness ဆိုတာ လူသားမဆန်တော့ခြင်းရဲ့ အမှတ်အသားမဟုတ်ဘဲ လူသားဖြစ်နေဆဲဖြစ်တဲ့ သက်သေတစ်ခုသာ ဖြစ်ပါတယ်။

ဒီအတွက်

  • ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ
  • အချိန်ပေးပါ
  • စိတ်ရှည်ပါ
  • နှလုံးသားလေးလည်း နားခွင့်ပြုလိုက်ပါ…။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here