ထမင်းဝိုင်းမှာ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ဆီပြန်ချက်ထားတဲ့ ပုစွန်ဟင်းအနံ့လေးက ဆွဲဆောင်နေပြီလေ။ အရောင်အဆင်းရော အနံ့အရသာရော ပြည့်စုံနေတဲ့ ပုစွန်တုပ်ကြီးတစ်ကောင်ကို ပန်းကန်ထဲ ခပ်ထည့်လိုက်တဲ့အချိန်… “ဟဲ့… တော်ရုံစားနော်၊ ဇာတ်ကြောတွေတက်ပြီး သွေးတိုးပြီး ဂိနေဦးမယ်” ဆိုတဲ့ အသံက ထွက်လာပြန်ရော။

ဒီစကားကို ကြားဖူးနေကျမို့ ပုစွန်ဆိုတာနဲ့ သွေးတိုးရောဂါရဲ့ အဓိကတရားခံလို့ပဲ ကျွန်တော်တို့ စွဲမှတ်ထားတတ်ကြပါတယ်။ ဒါပေမယ့် ဆေးပညာအရ သေချာစစ်ဆေးကြည့်တဲ့အခါ ပုစွန်ခမျာ အလကားနေရင်း နာမည်အဖျက်ခံနေရတာကို တွေ့ရပါတယ်။ ပုစွန်ကိုယ်တိုင်က သွေးပေါင်ချိန်ကို တက်စေတာ လုံးဝ မဟုတ်ပါဘူး။ သူ့မှာပါတဲ့ အိုမီဂါ-၃ လို အကျိုးပြု အဆီဓာတ်တွေကတောင် သွေးကြောနံရံတွေကို သန့်စင်စေပြီး နှလုံးကျန်းမာရေးကို အထောက်အကူ ပြုပါသေးတယ်။

ဒါဆို ပုစွန်စားပြီးတိုင်း ခေါင်းတွေနောက်၊ ဇာတ်ကြောတွေ တင်းလာတာက ဘာလို့လဲ။

တကယ့်တရားခံစစ်စစ်တွေက ပုစွန်မဟုတ်ဘဲ ဟင်းပန်းကန်ထဲမှာ အတူပါလာတတ်တဲ့ အရာတွေနဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေကြောင့်ပါ။
…
…

ဇာတ်ကြောတက်ခြင်းနဲ့ သွေးပေါင်တက်ခြင်းရဲ့ နောက်ကွယ်

🍤 ပုစွန်ဟင်းချက်ရင်် ငံပြာရည်၊ ခရုဆီတွေ အများကြီး သုံးတတ်ကြသလို ပုစွန်ခြောက်၊ ငပိ စတာတွေကလည်း ဆိုဒီယမ် (ဆားဓာတ်) အလွန်များပါတယ်။ အဲဒီအငန်ဓာတ်တွေ ခန္ဓာကိုယ်ထဲ ရုတ်တရက် အလုံးအရင်း ရောက်သွားချိန်မှာ သွေးပေါင်ချိန်က ချက်ချင်း ဆောင့်တက်သွားပြီး ဇာတ်ကြောတက်တာ၊ ခေါင်းနောက်တာတွေကို ဖြစ်စေပါတယ်။

🍤 ပင်လယ်စာဆိုင်တွေမှာ အရသာပိုပေါ်အောင် ဟင်းချိုမှုန့် အများပြား သုံးလေ့ရှိပါတယ်။ MSG နဲ့ သိပ်မတည့်တဲ့သူတွေမှာ စားပြီးတာနဲ့ နောက်စေ့ကနေ ဇာတ်ကြောတွေ တင်းလာတာ၊ ခေါင်းကိုက်တာ၊ ရင်တုန်တာနဲ့ ကြွက်သားတွေ တောင့်တင်းလာတာ မျိုးကို ချက်ချင်း ခံစားရစေပါတယ်။

🍤 ပုစွန်နဲ့ အနည်းငယ် ဓာတ်မတည့်တဲ့သူတွေ စားမိတဲ့အခါ ခန္ဓာကိုယ်က ဟစ်စတမင်းဓာတ်တွေ ထုတ်လွှတ်ပါတယ်။ ဒီဓာတ်ကြောင့် သွေးကြောတွေ ရုတ်တရက် ကျယ်လာပြီး ခေါင်းကိုက်တာ၊ ဇာတ်ကြောတင်းပြီး လေးလံတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
…
…

ပုစွန်စားပြီးရင် ဘာလို့ အိပ်ချင်လာတာလဲ။

🍤 ပုစွန်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ထရစ်ပတိုဖန်လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တစ်မျိုး ပါဝင်ပါတယ်။ ဒီဓာတ်ဟာ ဦးနှောက်ထဲရောက်တဲ့အခါ အိပ်စက်ခြင်းကို ထိန်းချုပ်ပေးတဲ့ မယ်လာတိုနင်နဲ့ ဆီရိုတိုနင် ဟော်မုန်းတွေအဖြစ် ပြောင်းလဲသွားတဲ့အတွက် စားပြီးရင် မှိန်းပြီး အိပ်ချင်လာတတ်ပါတယ်။

🍤 ပုစွန်ကို ဆီပြန်ဟင်း ဒါမှမဟုတ် ထမင်းများများနဲ့ ရောစားလိုက်တဲ့အခါ အစာအိမ်က အဲဒီအဆီနဲ့ ပရိုတင်းတွေကို ချေဖျက်ဖို့ သွေးလှည့်ပတ်မှု အများစုကို အစာခြေစနစ်ဆီ ပို့လွှတ်လိုက်ရပါတယ်။ အဲဒီအခါ ဦးနှောက်ဆီ သွေးရောက်ရှိမှု ခေတ္တလျော့ကျသွားပြီး လူက နုံးခွေကာ အိပ်ချင်စိတ် ဖြစ်လာပါတော့တယ်။
…
…

အခြား သတိပြုသင့်တဲ့ ကျန်းမာရေး ပြဿနာများ

ပုစွန်ဟာ အာဟာရပြည့်ဝတဲ့ ပင်လယ်စာဖြစ်ပေမယ့် လူတစ်ချို့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ စားသုံးတဲ့ ပုံစံအပေါ် မူတည်ပြီး ဘေးထွက်ဆိုးကျိုးတချို့လည်း ရှိနေပါသေးတယ်။

🥵 ဓာတ်မတည့်ခြင်း
ပင်လယ်စာ ဓာတ်မတည့်တဲ့သူတွေမှာ ပုစွန်စားမိရင် အင်ပျဉ်ထတာ၊ အရေပြား ယားယံတာ၊ နှုတ်ခမ်းနဲ့ မျက်နှာ ရောင်ရမ်းတာတွေ ချက်ချင်း ဖြစ်ပေါ်တတ်ပါတယ်။ ဓာတ်မတည့်မှု ပြင်းထန်ရင် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ပြီး အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

🦶 ဂေါက်ရောဂါ ထခြင်း
ပုစွန်မှာ ပျူရင်းဓာတ် အများအပြား ပါဝင်ပါတယ်။ ခန္ဓာကိုယ်က ပျူရင်းကို ဖြိုခွဲတဲ့အခါ ယူရစ်အက်ဆစ်တွေ ထွက်လာတဲ့အတွက် သွေးတွင်း ယူရစ်အက်ဆစ်များသူတွေ၊ ဂေါက်ရောဂါရှိသူတွေ အနေနဲ့ အဆစ်အမြစ် ရောင်ရမ်းပြီး ပြင်းပြင်းထန်ထန် နာကျင်တာတွေ ချက်ချင်း ဖြစ်လာနိုင်ပါတယ်။

🤮 အစာဆိပ်သင့်ခြင်း
မကျက်တကျက် ချက်ပြုတ်ထားတဲ့ ပုစွန်တွေ၊ သန့်ရှင်းမှုမရှိတဲ့ ပုစွန်အစိမ်းတွေမှာ အစာအဆိပ်သင့်မှုကို ဖြစ်စေတတ်တဲ့ ဘက်တီးရီးယားတွေ ပါဝင်နိုင်ပါတယ်။ ဒါတွေစားမိရင် အော့အန်တာ၊ ဝမ်းလျှောတာ၊ ဖျားနာတာနဲ့ ဗိုက်ရစ်နာတာတွေ ခံစားရတတ်ပါတယ်။

🦠 ဓာတုပစ္စည်းနဲ့ ပိုးသတ်ဆေး အန္တရာယ်
စနစ်တကျ မဟုတ်တဲ့ မွေးမြူရေး ပုစွန်တချို့မှာ ရောဂါမဖြစ်အောင် တိုက်ကျွေးထားတဲ့ ပဋိဇီဝဆေးတွေရဲ့ အကြွင်းအကျန် ပါဝင်နေတတ်ပါတယ်။ သန့်ရှင်းမှုမရှိတဲ့ ရေဆိုးတွေထဲက ဖမ်းမိတဲ့ ပုစွန်တွေမှာဆိုရင် ပြဒါးဓာတ်လို သတ္တုအဆိပ်အတောက်တွေ ပါဝင်နိုင်လို့ ရေရှည်စားသုံးရင် အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။
…
…

💕 သွေးကြောကျဉ်းရောဂါရှင်များအတွက် သတင်းကောင်း

ပုစွန်မှာ ကိုလက်စထရောပါဝင်မှု မြင့်မားတာ မှန်ပေမယ့် လက်ရှိ ဆေးပညာလေ့လာတွေ့ရှိချက်တွေအရ ပုစွန်က သွေးတွင်းကိုလက်စထရောကို သိသိသာသာ မတက်စေပါဘူး။ သွေးကြောပိတ်စေတဲ့ အဓိကတရားခံအစစ်က ဆီကြော်စာတွေနဲ့ အဆီအဆိမ့်တွေမှာပါတဲ့ ပြည့်ဝဆီတွေသာဖြစ်ပြီး ပုစွန်မှာ အဲဒီလို အန္တရာယ်ရှိတဲ့ အဆီအမျိုးအစား အလွန်နည်းပါးပါတယ်။

ဒါကြောင့် သွေးတွင်း ကိုလက်စထရော များနေသူတွေ၊ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူတွေအနေနဲ့ ပုစွန်စားရင် သွေးကြောပိတ်မယ်ဆိုပြီး အလွန်အမင်း စိုးရိမ်စရာ မလိုတော့ပါဘူး။ ဆီကြော်၊ ဆီပြန်ဟင်းတွေအနေနဲ့ မချက်ဘဲ ပြုတ်တာ၊ ကင်တာ၊ ပေါင်းတာမျိုး ဒါမှမဟုတ် ဟင်းသီးဟင်းရွက်တွေနဲ့ ရောနှောချက်ပြုတ်မယ် ဆိုရင်တော့ နှလုံးရောဂါရှင်တွေပါ ဘေးကင်းကင်းနဲ့ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပြီ ဖြစ်ပါတယ်။

လတ်လတ်ဆတ်ဆတ် ပုစွန်ကို အငန်နဲ့ အချိုမှုန့် လျှော့ပြီး သန့်သန့်ရှင်းရှင်း ချက်ပြုတ်စားသောက်မယ် ဆိုရင်တော့ သွေးတိုးမှာကိုရော တခြားကျန်းမာရေး ပြဿနာတွေကိုပါ ကြောက်စရာမလိုဘဲ အရသာရှိရှိ စားသုံးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ဗျာ….။

References: 📚
https://www.healthline.com/nutrition/is-shrimp-healthy

https://www.webmd.com/diet/health-benefits-shrimp

https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/sodium/art-20045479

https://www.medicalnewstoday.com/articles/322590

https://www.webmd.com/arthritis/gout-diet-curb-flares

https://www.health.harvard.edu/heart-health/the-truth-about-dietary-cholesterol

https://www.healthline.com/nutrition/dietary-cholesterol-does-not-matter

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

…

…

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here