လူတွေက ခန္ဓာကိုယ်ကျန်းမာရေးဆိုရင် အစားအသောက်ကို အမြဲသတိထားတတ်ကြပါတယ်။ ဆီးချိုရှိရင် အချိုလျှော့မယ်၊ သွေးတိုးရင် အငန်လျှော့မယ်ဆိုတာတွေက လူတိုင်းနဲ့ သိပ်ကိုရင်းနှီးနေတဲ့ အလေ့အကျင့်တွေပဲပေါ့။ ဒါပေမယ့် ကျွန်တော်တို့နေ့စဉ် ပါးစပ်ကနေတစ်ဆင့် ဝမ်းဗိုက်ထဲ ထည့်လိုက်တဲ့ အစားအစာတွေဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်၊ စိတ်ဖိစီးမှု ခံနိုင်ရည်နဲ့ စိတ်ကျန်းမာရေး အခြေအနေတွေအပေါ်မှာ ဘယ်လောက်အထိ ရင်းနှီးပတ်သက်နေလဲဆိုတာကိုတော့ သတိပြုမိသူ ရှားနေပါလိမ့်မယ်။
ဦးနှောက်ဆိုတာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းပါ။ သူ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့အတွက် အရည်အသွေးမြင့်ပြီး ကောင်းမွန်တဲ့ ကုန်ကြမ်းပစ္စည်းတွေ အမြဲမပြတ် လိုအပ်ပါတယ်။ ကျွန်တော်တို့ စားလိုက်တဲ့ အစားအစာတွေထဲက အာဟာရဓာတ်တွေဟာ သွေးကြောတွေမှတစ်ဆင့် ဦးနှောက်ဆီကို ရောက်သွားပြီး စိတ်ခံစားချက်ကို ထိန်းချုပ်ပေးတဲ့ ဓာတုပစ္စည်းလေးတွေကို ဖန်တီးပေးနေတာပါ။ ဒါကြောင့် အစားအသောက်ဆိုတာကလည်း ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို တည်ဆောက်ပေးဖို့ အခြေခံကျပါတယ်။
.
ဆေးပညာနဲ့ စိတ်ပညာနယ်ပယ်မှာ “Gut-Brain Axis” လို့ခေါ်တဲ့ အူလမ်းကြောင်းနဲ့ ဦးနှောက်ကြားက ဆက်သွယ်မှုကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာလာကြပါတယ်။ အူလမ်းကြောင်းကို “ဒုတိယဦးနှောက်” လို့တောင် တင်စားခေါ်ဝေါ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကို တည်ငြိမ်အေးချမ်းစေပြီး ပျော်ရွှင်မှု ခံစားရစေတဲ့ “စီရိုတိုနင်” ဟော်မုန်းရဲ့ (၉၀) ရာခိုင်နှုန်းလောက်ကို ဦးနှောက်ကနေ တိုက်ရိုက်ထုတ်လုပ်တာမဟုတ်ဘဲ အူလမ်းကြောင်းကနေပဲ ထုတ်လုပ်ပေးနေလို့ပါ။
အူလမ်းကြောင်းထဲမှာဆိုရင် သန်းပေါင်းများစွာသော အကျိုးပြု ဘက်တီးရီးယားလေးတွေ မှီတင်းနေထိုင်ကြပါတယ်။ အဲဒီ ဘက်တီးရီးယားလေးတွေ ကျန်းမာနေမှသာ စိတ်ကိုကြည်လင်စေတဲ့ ဟော်မုန်းတွေကို ပုံမှန်ထုတ်လုပ်ပေးနိုင်မှာ။
တကယ်လို့ ကျွန်တော်တို့က အာဟာရမဖြစ်တဲ့ အစားအစာတွေ၊ ဓာတုပစ္စည်းတွေနဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေကို ထိခိုက်စေမယ်ဆိုရင်တော့ ဦးနှောက်ဆီကို စိတ်ရှုပ်ထွေးမှုဆိုတဲ့ သတင်းဆိုးတွေပဲ ပို့ဆောင်တော့မှာပေါ့။ ဒါကြောင့် စိတ်ကျန်းမာရေး ကောင်းမွန်ဖို့ဆိုရင် မိမိရဲ့ စားသောက်မှုပုံစံကို စနစ်တကျ ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။
…
…
အဲဒါဆိုရင် စိတ်ကျန်းမာရေးကောင်းမွန်ဖို့၊ စိတ်ကလေး ကြည်လင်လန်းဆန်းနေစေဖို့ ဘာတွေကိုရွေးချယ်စားသောက်ကြမလဲလို့ ဆိုလာရင် စိတ်ဖိစီးမှုတွေကို လျော့ပါးစေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေကို ကျွန်တော်တို့ သိထားမှ ရပါမယ်။
- Probiotics နဲ့ Prebiotics
အူလမ်းကြောင်းရဲ့ ကျန်းမာရေးက စိတ်ကျန်းမာရေးရဲ့ အခြေခံပါပဲ။ ဒိန်ချဉ်၊ ကင်မ်ချီလိုမျိုး အချဉ်ဖောက်ထားတဲ့ အစားအစာတွေက စိတ်ဖိစီးမှုကို လျှော့ချပေးတယ်။ ပြီးတော့ ငှက်ပျောသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကညွတ်လိုမျိုး Prebiotics ကြွယ်ဝတဲ့ အစာတွေကိုလည်း တွဲဖက်စားသုံးပေးသင့်ပါတယ်။ - Omega-3 Fatty Acids
ဦးနှောက်ရဲ့ (၆၀) ရာခိုင်နှုန်းက အဆီတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒါကြောင့် Omega-3 Fatty Acids တွေ ကြွယ်ဝစွာပါဝင်တဲ့ ဆယ်လ်မွန်ငါး၊ တူနာငါး၊ သစ်ကြားသီး၊ ချီယာစေ့တွေကို စားသုံးပေးခြင်းအားဖြင့် စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာစေနိုင်ပါတယ်။ - အစေ့အဆန်များ
ဖရုံစေ့၊ နေကြာစေ့၊ ဗာဒံစေ့၊ သီဟိုဠ်စေ့တွေမှာ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်ကြွယ်ဝတဲ့အတွက်ကြောင့် စိတ်ကို ငြိမ်းချမ်းစေပါတယ်။ - စိမ်းလန်းသော ဟင်းသီးဟင်းရွက်များ
ဟင်းနုနယ်၊ ကန်စွန်းရွက်၊ ပန်းဂေါ်ဖီစိမ်းတွေက ဗီတာမင် B နဲ့ ဖောလစ်အက်ဆစ်ကြောင့် စိတ်ဓာတ်ကျမှုကို ကာကွယ်ပေးတဲ့ သဘာဝဓာတ်စာတွေပါ။ - အမည်းရောင် ချောကလက်
သကြားနည်းတဲ့ အမည်းရောင် ချောကလက်လေးက စိတ်ဖိစီးမှုဟော်မုန်းကို လျော့ကျစေပြီး ဦးနှောက်ကို သွေးစီးဆင်းမှု ကောင်းစေပါတယ်။ အောက်စီတိုစင်ကိုလည်း ထွက်လာစေတဲ့အတွက် စိတ်ကြည်နူးပြီး နေလို့ထိုင်လို့ ကောင်းလာနိုင်စေပါတယ်။ - ရေဓာတ်နဲ့ စိတ်ခံစားမှု
ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ဟာ ရေဓာတ်နဲ့လည်း တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းဟာ စိတ်တိုလွယ်ခြင်း၊ အာရုံစူးစိုက်မှု ကျဆင်းခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် တစ်နေ့တာ လိုအပ်တဲ့ ရေပမာဏကို ပြည့်ဝအောင် သောက်သုံးခြင်းဟာ စိတ်ကြည်လင်ဖို့ အရေးကြီးဆုံး အခြေခံအချက်တစ်ခုပါ။ - အရောင်စုံအောင် စားသုံးပါ
ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ အရောင်အသွေးအလိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ဦးနှောက်ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ပန်းကန်ထဲမှာ အရောင် (၅) မျိုးလောက် ပါအောင် စားသုံးပေးတာက ဦးနှောက်အတွက် အကောင်းဆုံးပါပဲ။
…
…
တချို့အစားအစာတွေကတော့ စိတ်ကို အချိန်တိုလေး ပျော်ရွှင်အောင် လုပ်ပေးပေမဲ့ ရေရှည်မှာတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။
- ကဖင်းဓာတ်
ကော်ဖီကို အလွန်အကျွံ သောက်ခြင်းက ရင်တုန်၊ လက်တုန်ဖြစ်စေပြီး စိုးရိမ်စိတ်တွေကို ပိုဆိုးစေပါတယ်။ - အပူအစပ်
အပူအစပ်၊ ငရုတ်သီး စတာတွေက အူလမ်းကြောင်းကို ရောင်ရမ်းစေပြီး စိတ်ကို ပိုပြီးဂနာမငြိမ် ဖြစ်စေပါတယ်။
- အရက်
အရက်ဆိုတာ သောက်နေတုန်းတော့ စိတ်ဖိစီးတာတွေ သက်သာပြီး ပျော်ရွှင်မြူးထူးစေပေမယ့် အရှိန်ပြယ်သွားတဲ့အခါ စိတ်ကျဝေဒနာနဲ့ စိုးရိမ်ပူပန်မှုကို ပိုပြီး ပြင်းထန်စေပါတယ်။ - သကြားနဲ့ အချိုများ
သကြားက ခဏတာ စိတ်ကြည်လင်စေပေမယ့် သွေးတွင်းသကြားဓာတ် ရုတ်တရက် ကျသွားတဲ့အခါ လူက နုံးချည့်လာပြီး စိတ်ခံစားချက်တွေကို အတက်အကျ ကြမ်းစေပါတယ်။ - အသင့်စား အစားအစာများ
အစားအသောက်တွေ ကြာရှည်ခံအောင် ထည့်ထားတဲ့ ဓာတုပစ္စည်းတွေ၊ မကောင်းတဲ့ အဆီတွေ ပါဝင်တဲ့ အသင့်စား အထုပ်တွေဟာ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို ကျဆင်းစေပါတယ်။ စိတ်တက်လွယ် ကျလွယ်ကို ပိုပြီး ဖြစ်စေတတ်ပါတယ်။
…
…
စိတ်ကျန်းမာရေးကောင်းမွန်ဖို့အတွက်ဆိုရင် အစားအသောက် ရွေးချယ်စားသောက်တတ်ရုံတင် မကပါဘူး။ ကျွန်တော်တို့ ဘယ်လိုစားနေလဲ ဆိုတာကလည်း အရေးကြီးပါတယ်။ ဖုန်းကြည့်လိုက်၊ ရုပ်ရှင်ကြည့်လိုက်နဲ့ အာရုံလွင့်ပါးစွာ စားတာမျိုးထက် မိမိစားနေတဲ့ အစားအစာရဲ့ အရသာကို အပြည့်အဝ ခံစားပြီး ဖြည်းဖြည်းချင်း ဝါးစားခြင်းက ဦးနှောက်ကို “ဗိုက်ပြည့်ပြီ” ဆိုတဲ့ အချက်ပြမှုကို ပိုကောင်းကောင်း ပို့ပေးနိုင်ပါတယ်။ စိတ်ညစ်လို့ အစားအစာကို အဖော်ပြုပြီး အလွန်အကျွံ စားသုံးမိတဲ့ အလေ့အကျင့်ကိုလည်း သက်သာစေနိုင်ပါတယ်။
တကယ်တော့ အစားအစာဆိုတာ ခန္ဓာကိုယ်ကို ကျန်းမာစေရုံအတွက်ပဲ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဦးနှောက်နဲ့ စိတ်ခံစားမှုတွေအတွက် အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ မိမိရဲ့ စိတ်ခံစားချက်တွေကို မှန်ကန်တဲ့ အစားအစာတွေနဲ့ ထိန်းကြောင်းခြင်းက စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ပြုပေးနေပါတယ်။
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းကို ရရှိပိုင်ဆိုင်နိုင်ဖို့ဆိုတာ သင့်ရဲ့လက်ထဲမှာပဲ ရှိတာပါ။ ဒါမှမဟုတ် သင်စားဖို့ ရွေးချယ်ထားတဲ့ ပန်းကန်ထဲမှာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့အနေနဲ့ ကျန်းမာတဲ့ အစားအစာတွေကို သတိရှိရှိနဲ့ ရွေးချယ် စားသုံးနိုင်ကြပါစေ…..။
စေတနာဖြင့်
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

