ဒီရက်ပိုင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကလေးငယ်တွေ ဝက်သက်ရောဂါ အဖြစ်များနေပြီး သေဆုံးသူ ၁၀၀ ကျော်ရှိသွားပြီလို့ သတင်းတွေအရ သိရှိရပါတယ်။

ဒါဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဝက်သက်ကာကွယ်ဆေး ထိုးနှံမှုအပိုင်းမှာ ပြည့်စုံလုံလောက်စွာ ထိုးနှံမှု မပြုနိုင်ခဲ့တာကြောင့်ဖြစ်ပြီး၊ အခုအခါမှာတော့ အရေးပေါ် အခြေအနေတစ်ရပ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေရပါတယ်။

မြန်မာနိုင်ငံမှာလည်း ကာကွယ်ဆေး အပြည့်အဝ ထိုးနှံခွင့်မရခဲ့တဲ့ ကလေးငယ်တွေ များစွာရှိနေနိုင်ပြီး အထူးသဖြင့် စစ်ဘေးသင့်ဒေသတွေ၊ ဒုက္ခသည်စခန်းတွေမှာနေထိုင်ကြတဲ့ ကလေးငယ်တွေဟာ (နယ်စပ်ဖြတ်ကျော်/ နိုင်ငံဖြတ်ကျော်) ရောဂါကူးစက်ခံရနိုင်မှုအန္တရာယ် ပိုမိုမြင့်မားနိုင်ပါတယ်။

ဒါကြောင့်မို့ ဝက်သက်ရောဂါနဲ့ပတ်သက်ပြီး အခြေခံသိရှိလိုက်နာထားသင့်တာတွေကို အကျဥ်းချုပ် မျှဝေဖော်ပြပေးလိုက်ပါတယ်။

🔺ရောဂါကူးစက်ပုံ

ဝက်သက်ရောဂါဟာ ဗိုင်းရပ်စ်ပိုး (Measle virus) ကြောင့် ဖြစ်ပွားရတာဖြစ်ပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဓိက ကူးစက်ပါတယ်။ အသက်အရွယ်မရွေး ကူးစက်ခံရနိုင်တယ်ဆိုပေမယ့် ကလေးငယ်တွေမှာ ပိုပြီးအဖြစ်များပါတယ်။

ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်တာကြောင့် ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးတာကနေ အဓိက ကူးစက်ပြီး ရောဂါဖြစ်ပွားသူနှင့် အနီးကပ်နေထိုင်ခြင်း၊ ပိုးရှိသူရဲ့ တံတွေး၊ အကျိအချွဲ စတာတွေနဲ့ ထိတွေ့ကိုင်တွယ်မိခြင်း စတာတွေမှလည်း ကူးစက်နိုင်ပါတယ်။
.

🔺ရောဂါလက္ခဏာများ

ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ဖျားခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ မျက်စိနီခြင်း၊ ခန္ဓာကိုယ်တွင် အနီစက်များထွက်ခြင်းတို့ ဖြစ်ပေါ်တတ်ပြီး အများစုဟာ ပြန်လည်သက်သာ ကောင်းမွန်သွားတတ်ပေမယ့် . . .

တချို့တွေမှာတော့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ လေပြွန်နှင့် အဆုတ်ရောင်ရမ်းခြင်း၊ နားအတွင်းပိုင်းရောင်ရမ်းခြင်း၊ ဦးနှောက်နှင့် ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်းတွေ ဆက်လက်ဖြစ်ပွားနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ အန္တရာယ်ရှိနိုင်ပါတယ်။

အထူးသဖြင့် . . .

  • အကြောင်းအမျိုးမျိုးကြောင့် ခုခံအား ကျဆင်းနေသူများ
  • ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသည့် ကလေးငယ်များ
  • အာဟာရချို့တဲ့သူများ
  • ဗီတာမင်အေ ချို့တဲ့သူများ
  • ကိုယ်ဝန်ဆောင်သည်များဟာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ဖို့ အခွင့်အလမ်းများပါတယ်။
    .

❗️နောက်ဆက်တွဲအန္တရာယ် ဖြစ်ပွားမှုအခြေအနေ

တစ်ကမ္ဘာလုံးဆိုင်ရာ အချက်အလက်တွေအရ ဝက်သက်ရောဂါဟာ ကလေးငယ်တွေကို သေဆုံးစေတဲ့ အဖြစ်အများဆုံးရောဂါတွေထဲက တစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ် တစ်နှစ်ထဲမှာတင် ကလေးငယ်ပေါင်း တစ်သိန်းကျော်ကို သေဆုံးစေခဲ့တယ်လို့ ကိန်းဂဏန်းအချက်အလက်များအရ သိရှိရပါတယ်။

ဒီလို အသက်သေဆုံးမှုတွေ ဖြစ်ပွားတဲ့အထဲမှာမှ အသက် ၅ နှစ်အောက် ကလေးငယ်တွေမှာ သေဆုံးနှုန်း ပိုမိုမြင့်မားပြီး၊ အသက် ၄ လမှ ၁၂ လအတွင်းရှိ ကလေးငယ်များနဲ့ ခုခံအားကျဆင်းနေသူ ကလေးငယ်များမှာတော့ အသက်သေဆုံးနှုန်း အမြင့်မားဆုံး ဖြစ်ပါတယ်။

ဒါကြောင့်

ဝက်သက်ကာကွယ်ဆေး မထိုးနှံရသေးတဲ့ ကလေးငယ်တွေရှိရင် နီးစပ်ရာ ကျန်းမာရေးဌာနနဲ့ အမြန်ဆုံး ချိတ်ဆက်ဆောင်ရွက်ပြီး ထိုးနှံပေးနိုင်ဖို့ အရေးကြီးပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုမှ အတတ်နိုင်ဆုံး တားဆီးကာကွယ်နိုင်ဖို့အတွက် လူနေထူထပ်ရာ နေရာများကို ရှောင်ကြဥ်ခြင်း၊ အာဟာရပြည့်ဝစွာ စားသောက်ခြင်း၊ နှာချေ ချောင်းဆိုးပါက အကာအကွယ်တစ်ခုခုဖြင့် အုပ်နှံထားခြင်း စတာတွေလည်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် ဒီရက်ပိုင်း မိမိကလေးငယ်ဟာ ဖျားနာနေခဲ့ရင်၊ နှာစေးချောင်းဆိုး ဖြစ်နေရင်၊ ခန္ဓာကိုယ်မှာ အနီစက်တွေ ထွက်ပေါ်လာခဲ့ရင် သာမန်ဖျားနာမှုလို့ ပေါ့ဆမနေဘဲ နီးစပ်ရာ ကျွမ်းကျင်သူ ကျန်းမာရေးဝန်ထမ်းများနဲ့ အမြန်ဆုံး ပြသတိုင်ပင်ပေးကြပါလို့ “ ဝက်သက်ရောဂါအန္တရာယ် သတိမူမိစေဖို့” တိုက်တွန်းလိုက်ပါရစေ….။

Ref : 📚
https:// www. theguardian. com / world/ 2026/a pr/07/bangladesh-measles-vaccination-drive-child-death-toll?utm_source= chatgpt. com

https:// emedicine. medscape. com / article/ 966220-overview#a4

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here