အိပ်မက်တွေကို ရောင်းစားနေတာလား။

မိတ်ဆွေ…
အခု ဒီစာကို ဖတ်နေတဲ့အချိန်မှာ သင့်မျက်လုံးတွေ လေးလံနေသလား။

“ကော်ဖီသောက်လိုက်ရင် ရသွားမှာပါ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ညာနေမိသလား။

ခေတ်လူငယ်တွေကြားမှာ “ညဘက် မအိပ်တာက အလုပ်ကြိုးစားခြင်းရဲ့ ပြယုဂ်” လို ဖြစ်လာပါတယ်။

“ငါမအိပ်ဘဲ စာလုပ်တယ်။ ငါမအိပ်ဘဲ အလုပ်လုပ်တယ်” ဆိုတာကို ဂုဏ်ယူစရာလို ပြောတတ်ကြတယ်။ ဒါမှမဟုတ် တချို့ကျတော့ နေ့ခင်းဘက်မှာ ကိုယ့်အချိန်ကို ကိုယ်မပိုင်လို့ ညဘက် အိပ်ရမယ့်အချိန်ရောက်မှ ဖုန်းပွတ်၊ ဂိမ်းဆော့တာမျိုး လုပ်တတ်ကြတယ်။

ဒါပေမယ့် သတိထားပါ။ အိပ်စက်ခြင်းဆိုတာ “အချိန်ဖြုန်းတာ” မဟုတ်ပါဘူး။ အိပ်ရေးပျက်တယ် ဆိုတာလည်း “ပင်ပန်းရုံသက်သက်” မဟုတ်ပါဘူး။

ဒါဟာ သင့်ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို “အကြွေးဝယ်ကဒ်”နဲ့ သုံးစွဲနေတာ ဖြစ်ပါတယ်။ ပြန်ဆပ်ရမယ့် အတိုးနှုန်းက အရမ်းကြီးမားပါတယ်။

ဒီနေ့မှာတော့ အိပ်ရေးပျက်ခြင်းက သင့်ကို ဘယ်လို တိတ်တဆိတ် သတ်ဖြတ်နေသလဲဆိုတာကို ပြောပြချင်ပါတယ်။

ကျွန်တော်တို့ ဦးနှောက်က မနက်မိုးလင်းတာနဲ့ အလုပ်စလုပ်ပါတယ်။ စဉ်းစားတယ်၊ ဆုံးဖြတ်တယ်၊ လှုပ်ရှားတယ်။

ဒီလို အလုပ်လုပ်တဲ့အခါ ဦးနှောက်ဆဲလ်တွေကနေ ဘီတာ အမိုက်လွိုက် “Beta-amyloid” လို့ခေါ်တဲ့ အမှိုက်သရိုက်၊ အဆိပ်အတောက်တွေ ထွက်လာပါတယ်။

နေ့ဘက်မှာ ဒီအမှိုက်တွေကို ရှင်းဖို့ အချိန်မရှိပါဘူး။ သင် အိပ်မောကျသွားတဲ့အချိန်ကျမှ ဦးနှောက်ရဲ့ သန့်ရှင်းရေးစနစ်က ပွင့်လာပြီး ဦးနှောက်အရည်ကြည်နဲ့ ဒီအဆိပ်တွေကို ဆေးကြောသန့်စင်ပေးတာပါ။

အကယ်၍ သင်က ညဘက်မအိပ်ဘူးဆိုရင်… အမှိုက်သိမ်းကား မလာပါဘူး။ ရလဒ်အနေနဲ့ နောက်တစ်နေ့ မနက်မှာ သင့်ဦးနှောက်က အမှိုက်တွေနဲ့ ပြည့်ကျပ်နေပါတယ်။

ဒါကြောင့် ခေါင်းမကြည်တာ၊ မှတ်ဉာဏ်မကောင်းတာ၊ ဆုံးဖြတ်ချက်တွေ မှားတာ ဖြစ်လာတာပါ။

ရေရှည်မှာ ဒီအမှိုက်တွေ များလာရင် သူငယ်ပြန်ရောဂါဖြစ်ဖို့ အလွန်များပါတယ်။ ဒီဘက်ခေတ်မှာ ညဘက်မအိပ်တတ်တဲ့ လူငယ်တွေဟာ နောင်အနှစ်ငါးဆယ်၊ ခြောက်ဆယ်လောက်ရောက်ရင် သူငယ်ပြန်ရောဂါ ဖြစ်နေနိုင်ပါတယ်။

သုတေသနတွေအရ . . .

“၁၇ နာရီဆက်တိုက် မအိပ်ဘဲနေခြင်းဟာ… သွေးထဲမှာ အရက် ၀.၀၅% ပါဝင်နေတာနဲ့ တူပါတယ်” တဲ့။

“၂၄ နာရီဆက်တိုက် မအိပ်ဘဲနေခြင်းဟာ… တရားဝင် အရက်မူးတယ်လို့ သတ်မှတ်တဲ့ ၀.၁၀% နဲ့ ညီမျှပါတယ်” တဲ့။

ဆိုလိုတာက သင် အိပ်ရေးပျက်ထားရင် သင့်ရဲ့ တုံ့ပြန်မှုနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းဟာ အရက်မူးနေတဲ့ လူတစ်ယောက်လိုပဲ နှေးကွေးပြီး အန္တရာယ်များနေတာပါ။ မူးနေတဲ့သူကို ကားမောင်းခွင့် မပေးဘူးဆိုရင် အိပ်ရေးပျက်နေတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ဘဝကို မောင်းနှင်ခွင့် မပေးသင့်ပါဘူး။

စိတ်ခံစားမှု ထိန်းချုပ်ရခက်ခဲလာခြင်း

ဦးနှောက်မှာ ဆင်ခြင်တုံတရားဦးနှောက်နဲ့ စိတ်ခံစားမှုဦးနှောက်ဆိုပြီး ရှိပါတယ်။ ပုံမှန်ဆိုရင် ဆင်ခြင်တုံတရားက စိတ်ခံစားချက်ကို ထိန်းချုပ်ပေးထားတယ်။ “စိတ်မဆိုးနဲ့ဦး၊ စိတ်အေးအေးထား၊ ဆန္ဒကို သိက္ခာနဲ့ထိန်း” ပေါ့။

ဒါပေမယ့် အိပ်ရေးပျက်တဲ့အခါ ဆင်ခြင်တုံတရားကို ထိန်းချုပ်ပေးတဲ့နေရာက အလုပ်မလုပ်တော့ပါဘူး။ ဒါ့အပြင် စိတ်ခံစားချက်ကို ထိန်းချုပ်တဲ့အပိုင်းက ပိုပြီး တက်ကြွလာပါတယ်။

ရလဒ်ကတော့… ကိစ္စသေးသေးလေးဆိုလည်း ပေါက်ကွဲမယ်။ ဝမ်းနည်းစရာ သိပ်မရှိဘဲနဲ့ ငိုချင်လည်း ငိုချလိုက်မိမယ်။ စိတ်အလိုကိုလိုက်ကာ ငယ်သူမို့ မသိတတ်ခဲ့ပါဆိုတဲ့ ကလေးဆိုးကြီးတစ်ယောက်လို ဖြစ်သွားတတ်ပါတယ်။

🖤 အိပ်ပျော်ဖို့ခက်ခဲနေရင် အိပ်ချိန်ကို ဘယ်လိုပြန်ယူမလဲ။

“ငါ အိပ်ချင်ပါတယ်၊ ဒါပေမဲ့ အိပ်မပျော်ဘူး” ဆိုတဲ့ သူတွေအတွက် နည်းလမ်း (၃) ခု ရှိပါတယ်။

✅ (၁) ကဖင်းဓာတ် ရပ်ပါ။

ကော်ဖီသောက်လိုက်ရင် လန်းသွားတယ်ဆိုတာ ဦးနှောက်ကို “ငါမပင်ပန်းသေးဘူး” လို့ လိမ်လိုက်တာပါ။ အားဖြည့်အချိုရည်တွေမှာလည်း ကဖင်းဓာတ် ပါပါတယ်။

ကဖင်းဓာတ်က ခန္ဓာကိုယ်ထဲမှာ ၈ နာရီကနေ ၁၀ နာရီအထိ ကြာတတ်ပါတယ်။ နေ့လယ် (၂) နာရီကျော်ရင် ကော်ဖီ မသောက်ပါနဲ့တော့။ ညဘက် သွေးထဲမှာ ကဖင်းဓာတ်ကျန်နေရင် အိပ်ပျော်ဖို့ ခက်ပါလိမ့်မယ်။
.

✅ (၂) အလင်းရောင်ကို သေချာစီမံပါ။

ကျွန်တော်တို့ ခန္ဓာကိုယ်က အလင်းရောင်ကို ကြည့်ပြီး အလုပ်လုပ်ပါတယ်။ မနက်မိုးလင်းတာနဲ့ နေရောင်ခြည် ခံယူပါ။ ဆက်ပြီး အိပ်ချင်စိတ်ကို ဖြစ်စေတဲ့ Melatonin ကို ရပ်တန့်လိုက်တာပါ။

ညဘက်ရောက်ရင် ဖုန်းအလင်း (Blue Light) ကို လျှော့ပါ။ ဖုန်းကြည့်လေ ဦးနှောက်က “မိုးမချုပ်သေးဘူး၊ မအိပ်နဲ့ဦး” လို့ ထင်လေပါပဲ။
.

✅ (၃) အိပ်ရာဝင်ချိန် ပုံမှန်ထားပါ။

အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်ကို ပုံမှန်ဖြစ်အောင် သတ်မှတ်ပါ။

နက်ဖြန်ကျောင်းပိတ်လို့ ဒီညတော့ ညနက်တဲ့အထိ ဂိမ်းဆော့လိုက်တာမျိုး၊ ရုံးပိတ်ရက်မို့လို့ မနက် ၁၀ နာရီမှ ထတာမျိုး မလုပ်ပါနဲ့။ နေ့တိုင်း အချိန်မှန်အိပ်၊ အချိန်မှန်ထရင် အဲဒီအချိန်ရောက်တာနဲ့ ဦးနှောက်က အလိုလို Shutdown ချပေးပါလိမ့်မယ်။

မိတ်ဆွေ…

“သေမှပဲ အဝအိပ်တော့မယ်။ အခုတော့ လုပ်စရာရှိတာ လုပ်လိုက်ဦးမယ်” ဆိုတဲ့စကားက မှားပါတယ်။ အမှန်က “မအိပ်ရင် စောစောသေလိမ့်မယ်” ဖြစ်ပါတယ်။

အိပ်စက်ခြင်းဆိုတာ ပျင်းရိသူတွေရဲ့အလုပ် မဟုတ်ပါဘူး။ အိပ်ရေးဝဝ အိပ်ထားတဲ့သူတစ်ယောက်ရဲ့ ၁ နာရီ လုပ်ဆောင်ချက်ဟာ အိပ်ရေးပျက်နေတဲ့ သူတစ်ယောက်ရဲ့ ၄ နာရီလုပ်ဆောင်ချက်ထက် ပိုပြီးထိရောက်၊ သေသပ်၊ တီထွင်ဖန်တီးမှု ကောင်းမွန်ပါတယ်။

ဒါကြောင့်… ဒီညကစပြီး သင့်ဦးနှောက်ကို “အမှိုက်သိမ်းခွင့်” ပေးလိုက်ပါ။

ဖုန်းကို ချလိုက်ပါ။ မျက်လုံးကို မှိတ်လိုက်ပါ။

မနက်ဖြန်မှာ “လတ်ဆတ်ကြည်လင်တဲ့” လူသားတစ်ယောက်အနေနဲ့ ပြန်လည်နိုးထလာဖို့အတွက်

Goodnight ပါ မိတ်ဆွေ……။

စေတနာဖြင့်
အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here