ဒီဘက်ခေတ် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ “Date Girl” လုပ်ရတာ အဆင်ပြေကြောင်း၊ ပိုက်ဆံအလွယ်ရကြောင်းနဲ့ လူမှုပတ်ဝန်းကျင်မှာ အထာကျကျ နေထိုင်နိုင်ကြောင်း ရေးသားဖော်ပြနေတဲ့ အဆိပ်အတောက် (Toxic) ဖြစ်စေမယ့် စာသားတွေကို ခပ်စိပ်စိပ် တွေ့လာရပါတယ်။
အထူးသဖြင့် လောကအကြောင်း နားမလည်သေးတဲ့ လူငယ်လေးတွေအတွက် ဒါဟာ တကယ့်ကို အန္တရာယ်ရှိတဲ့ ကျော့ကွင်းတစ်ခုလိုပါပဲ။
ဒီအပေါ်မှာ မိမိတို့သတိထားရမယ့် အချက်တွေနဲ့ ဘဝရဲ့ စစ်မှန်တဲ့တန်ဖိုးတွေအကြောင်းကို နည်းနည်းပြောပြပါရစေ။
.
(၁) “အလွယ်ရတဲ့ပိုက်ဆံ” ဆိုတာ တကယ်ပဲ အခမဲ့လား။
လောကမှာ ဘယ်အရာမှ အလကားမရပါဘူး။ “Date Girl” တစ်ယောက်အနေနဲ့ ရလာတဲ့ ငွေကြေးတွေရဲ့ နောက်ကွယ်မှာ မိမိရဲ့ ဂုဏ်သိက္ခာ၊ လုံခြုံမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ရင်းနှီးပေးဆပ်နေရတာပါ။ အလွယ်ရတဲ့ ပိုက်ဆံဟာ ရေရှည်မှာ ဘဝအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ် မဖြစ်စေနိုင်ပါဘူး။
.
(၂) လုံခြုံရေးအန္တရာယ် (Safety Risks)
မသိကျွမ်းတဲ့သူတစ်ဦးနဲ့ ငွေကြေးအရောင်းအဝယ်သဘောမျိုး ချိန်းဆိုတွေ့ဆုံခြင်းဟာ အင်မတန် အန္တရာယ်များပါတယ်။
Blackmail (ခြိမ်းခြောက်ငွေညှစ်ခြင်း)
အတူရှိနေစဉ်အတွင်း ကိုယ်မသိအောင် ဗီဒီယိုရိုက်တာ၊ ဓာတ်ပုံရိုက်တာမျိုးတွေ ပြုလုပ်ပြီး နောင်တစ်ချိန်မှာ အလုပ်အကိုင် ဒါမှမဟုတ် မိသားစုနဲ့ ခြိမ်းခြောက်ပြီး ငွေပြန်ညှစ်တာ၊ အရှက်ခွဲတာမျိုးတွေဟာ လက်တွေ့မှာ အများကြီး ရှိနေပါတယ်။
ဥပဒေနဲ့ လုံခြုံရေးအရလည်း မသိကျွမ်းတဲ့သူနဲ့ ချိန်းဆိုတွေ့ဆုံရာမှာ လူကုန်ကူးခံရခြင်း သို့မဟုတ် ဒုစရိုက်လုပ်ငန်းတွေမှာ ကြားခံအသုံးချခံရခြင်း အန္တရာယ်တွေဟာ ခြေလှမ်းတိုင်းမှာ ရှိနေပါတယ်။
- ကာယအိန္ဒြေ စော်ကားခံရခြင်း။
- ခြိမ်းခြောက် ငွေညှစ်ခံရခြင်း (Blackmail)
- ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း… စတာတွေဟာ “အဆင်ပြေပါတယ်” လို့ ရေးနေကြတဲ့ပို့စ်တွေမှာ ဘယ်တော့မှ ထည့်မပြောကြတဲ့ အမှောင်ဘက်ခြမ်းတွေပဲ ဖြစ်ပါတယ်။
.
(၃) စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု (Psychological Impact) နှင့် ကျန်းမာရေးပြဿနာများ
ပိုက်ဆံရလိုက်ပေမယ့် စိတ်ပိုင်းဆိုင်ရာမှာ ရရှိသွားမယ့် ဒဏ်ရာတွေက တစ်သက်လုံး ကုစားလို့မရနိုင်လောက်အောင် ပြင်းထန်တတ်ပါတယ်။
- Depersonalization (လူအဖြစ် မခံစားရတော့ခြင်း)
ကိုယ့်ကိုယ်ကိုယ် လူသားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ “ငွေပေးရင် ခိုင်းလို့ရတဲ့ ပစ္စည်းတစ်ခု” လို ခံစားလာရပြီး မိမိကိုယ်ကို တန်ဖိုးထားမှု (Self-worth) လုံးဝ ပျောက်ဆုံးသွားတတ်ပါတယ်။ - ယုံကြည်မှု ပျက်ပြားခြင်း
လူတကာကို သံသယစိတ်နဲ့ ကြည့်လာမိပြီး စစ်မှန်တဲ့ မေတ္တာနဲ့ လူမှုဆက်ဆံရေးတွေကို တည်ဆောက်ဖို့ ခက်ခဲသွားပါတယ်။ ဒါဟာ ရေရှည်မှာ စိတ်ဓာတ်ကျခြင်း (Depression) နဲ့ စိုးရိမ်စိတ်လွန်ကဲခြင်း (Anxiety) တွေကို ဖြစ်စေပါတယ်။
ဒါ့အပြင် နောက်ကွယ်မှာ မမြင်နိုင်တဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ခြိမ်းခြောက်မှုတွေ အမြဲတမ်း ရှိနေတတ်ပါတယ်။
**ကာကွယ်ရခက်တဲ့ ရောဂါများ
တစ်ခဏတာ စိတ်သာယာမှုနဲ့ ငွေကြေးအတွက် မိမိရဲ့ တစ်သက်တာ ကျန်းမာရေးကို လောင်းကြေးထပ်မိရာက HIV/AIDS အပါအဝင် အခြား လိင်မှုဆိုင်ရာမှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါ (STDs) တွေလည်း ကူးစက်ခံရနိုင်ပါတယ်။
တစ်ဖက်လူဟာ ဘယ်လိုကျန်းမာရေး အခြေအနေ၊ ဘယ်ကို ရောဂါပိုးသယ်ဆောင်ထားသလဲဆိုတာ မသိနိုင်သလို ငွေပေးထားတဲ့အတွက် တစ်ဖက်လူရဲ့ လိုအင်အတိုင်း ဘာကာကွယ်မှုမှမပါဘဲ ပြုမူဆက်ဆံဖို့ ဖိအားပေးခံရတဲ့ အခြေအနေမျိုးတွေလည်း လက်တွေ့မှာ အများကြီး ရှိနေပါတယ်။
ရောဂါတစ်ခုခု ကူးစက်ခံရပြီဆိုရင် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် “ငါ ဘာကြောင့် ဒါကို လုပ်ခဲ့မိပါလိမ့်” ဆိုတဲ့ နောင်တနဲ့အတူ လူမှုပတ်ဝန်းကျင်မှာ မျက်နှာငယ်ရမယ့် စိတ်ဒဏ်ရာဟာ ကုစားဖို့ အင်မတန် ခက်ခဲပါတယ်။
.
(၄) ရိုးသားစွာ ရုန်းကန်ခြင်းရဲ့တန်ဖိုး
တစ်ဖက်မှာလည်း အဆိပ်အတောက် စာသားတွေကြား မိမိတို့ မေ့လျော့မသွားသင့်တာက ရိုးသားစွာ ကြိုးစားနေသူများအကြောင်းပဲ ဖြစ်ပါတယ်။
ဘဝပေးအခြေအနေကြောင့် လိုအပ်ချက်တွေ ရှိနေပေမယ့်၊ ခက်ခဲပင်ပန်းပေမယ့် မိမိရဲ့ အစွမ်းအစ၊ လုပ်အားနဲ့ ရိုးသားမှုကိုပဲ အားကိုးပြီး ဘဝကို တည်ဆောက်နေကြတဲ့ လူငယ်တွေလည်း အများကြီးရှိပါတယ်။
နေပူထဲမှာပဲဖြစ်ဖြစ်၊ အောက်ခြေသိမ်း အလုပ်ပဲဖြစ်ဖြစ် ကိုယ့်ချွေးနှဲစာနဲ့ ရှာဖွေထားတဲ့ ပိုက်ဆံဟာ ပမာဏနည်းပါစေဦးတော့ စိတ်လုံခြုံမှုကို အပြည့်အဝ ပေးနိုင်ပါတယ်။
ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘဲ၊ ဘယ်သူ့ရဲ့ လှောင်ပြောင်မှုကိုမှ ဂရုစိုက်စရာမလိုဘဲ ခေါင်းမော့ရင်ကော့ပြီး နေနိုင်တာဟာ ရိုးသားစွာ အလုပ်လုပ်သူတွေရဲ့ အခွင့်အရေးပါ။
အခွင့်အလမ်းမရှိလို့ လမ်းမှားကို ရွေးချယ်တာထက် အခွင့်အလမ်းမရှိပေမယ့် လမ်းမှန်ပေါ်မှာ အားတင်းပြီး လျှောက်လှမ်းနေသူတွေဟာ လူ့အဖွဲ့အစည်းမှာ တကယ်ကို ဂုဏ်ယူထိုက်၊ လေးစားထိုက်သူတွေပဲ ဖြစ်ပါတယ်။
ရွေးချယ်မှုကတော့ ကိုယ်တိုင်ပဲ လုပ်ရတာမို့ ဘယ်သူ့ကိုမှ အပြစ်မပြောလိုပါ။ စမှတ်ချင်းက မတူညီကြဘူးမို့လား။
သို့သော် အဆိပ်အတောက်ဆန်တဲ့ အသိတရားကိုတော့ လက်ဆင့်မကမ်းမိဖို့ လိုပါတယ်။
အဆင်ပြေပုံချင်း တူနေရင်တောင် ပိုက်ဆံနောက်ကို လိုက်ပြီး ရလာတဲ့အဆင်ပြေမှုနဲ့ ကိုယ့်သိက္ခာကို ထိန်းသိမ်းရင်း ကြိုးစားလို့ ရလာတဲ့အဆင်ပြေမှုဟာ အနှစ်သာရချင်း လုံးဝ မတူနိုင်ပါဘူး။
ချို့တဲ့ခြင်းဟာ ရှက်စရာမဟုတ်ပါ။ ဂုဏ်သိက္ခာကို ရောင်းချပြီး ချမ်းသာဖို့ ကြိုးစားခြင်းကသာ တကယ့်အရှက်တရား ဖြစ်ပါတယ်။
မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးဆိုတာ သူတစ်ပါးရဲ့ ငွေကြေးအပေါ်မှာ မူတည်တာမဟုတ်ဘဲ ကိုယ့်ရဲ့ အရည်အချင်းနဲ့ ကိုယ်ကျင့်တရားပေါ်မှာသာ မူတည်ပါတယ်။
ကိုယ်တိုင် ကြိုးစားအားထုတ်လို့ ရလာတဲ့ ငွေကြေးကသာလျှင် ကိုယ့်ကို စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာကို ပေးစွမ်းနိုင်မှာ ဖြစ်ပါကြောင်း ညီမငယ်တို့ အတွက် မေတ္တာဖြင့် ရေးသားလိုက်ရပါတယ်….။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

