‎‎အမေ့လျော့ခံ သူရဲကောင်းလေး ဇင့် (Zinc)

‎ဇင့်ဓာတ် (Zinc) ဆိုတဲ့ သွပ်ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ကိစ္စအဝဝမှာ ဇာတ်ပို့အဖြစ် လုပ်ဆောင်ပေးတဲ့ သူရဲကောင်းတစ်ယောက်ပါ။ နေမကောင်းဖြစ်ရင် ဗီတာမင် စီ (vitamin C) ကိုသောက်ဖို့ သတိရကြပေမယ့် ဇင့်ဓာတ်ဟာ နာလန်ထစလူနာတွေအတွက် မရှိမဖြစ်ပါ။

တချို့တွေမှာဆို ငယ်ငယ်တုန်းက လက်သည်းပန်းကုံးလေးတွေ ဖြစ်ဖူးကြမယ် ထင်ပါတယ်။ ဒါဟာ တကယ်တော့ ဇင့်ဓာတ်ချို့တဲ့မှုကို ပြနေတာပါနော်။
‎..
‎…

‎ဇင့်ရဲ့ နာမည်ကြီးတဲ့ လုပ်ငန်းဆောင်တာအချို့ကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

‎ကိုယ်ခံအားစနစ်ထဲက အချက်ပြစနစ်တွေမှာ ဇင့်ဟာ မရှိမဖြစ်ပါ။ သူက အနာကျက်တာကို မြန်စေတာပါ။ ဒါကြောင့် Diaper (ဆီး၊ ဝမ်းသွားဖို့ဝတ်ဆင်ရတဲ့ သေးခံ ဒိုင်ပါ) ကြောင့် ဖြစ်ရတဲ့ အရေပြားပြဿနာတွေကို လိမ်းဖို့အတွက် ဒိုင်ပါခရင်မ် (Diaper cream) ဝယ်ရင် ဇင့်ပါတာကို ရွေးဝယ်ပါ။ ဝမ်းအသွားများရင် စအိုတစ်ဝိုက် နီရဲတာ၊ အသားလန်ချင်သလို ပါးတာမျိုးတွေဖြစ်တာဆိုရင်လည်း ဇင့်အောက်ဆိုဒ်ခရင်မ်ကို လိမ်းရပါတယ်။ နောက်ဆုံး ဒူးပြဲတာကအစ လိမ်းလို့ရသလို ပတ်တီးတွေမှာလည်း ဆေးအနေနဲ့ ထည့်သုံးကြပါတယ်။

‎လျှာနဲ့ နှာခေါင်းမှာ အရသာခံအဖုလေးတွေ၊ အာရုံခံအဖုလေးတွေဟာ ဇင့်ဓာတ်ရှိမှ အလုပ်ကို စလုပ်နိုင်ပါတယ်။ ဒါကြောင့် နာလန်ထစဆိုရင် ဇင့်ဓာတ်အားနည်းနေတတ်တဲ့အတွက် ဘာစားစား သံတုံးကြီးစားနေရသလို ရာဘာပြားကြီးဝါးနေရသလို ဖြစ်တတ်တာပါ။ အဲဒီအတွက် ဇင့်ပါတဲ့အားဆေးကို သောက်ပေးရင် အမြန်သက်သာနိုင်ပါတယ်။

‎ဒါ့အပြင် သက်ရှိတွေရဲ့ ဖွဲ့စည်းမှုမှာ အသေးငယ်ဆုံးနဲ့ အခြေခံအကျဆုံး အဆောက်အဦးဖြစ်တဲ့ ဆဲလ် (Cell) တွေရဲ့ ဆဲလ်ပွားခြင်း DNA လုပ်ငန်းတွေမှာ ဇင့်ဟာ မရှိမဖြစ်ပါပဲ။ ဒါကြောင့် ဇင့်ဓာတ်ချို့တဲ့ရင် (ဆဲလ်ပွားပြီး နေ့တိုင်း အသစ်ဖြစ်နေရတဲ့) ဆံပင်တွေ၊ လက်သည်းတွေ၊ လျှာနဲ့ နှုတ်ခမ်းတစ်ဝိုက်တွေ၊ အရေပြားဆဲလ်တွေမှာ နီရဲတာ၊ အကွက်တွေဖြစ်တာ၊ ဆံပင်ကျွတ်တာစတဲ့ မကျန်းမာပုံအနေနဲ့ ဇင့်ဓာတ်ချို့တဲ့တာကို အရင်ဆုံးပြသပါတယ်။
‎…
‎…

‎” လူတိုင်းအနေနဲ့ ဇင့်ကို ဖြည့်စွက်စာအဖြစ် နေ့တိုင်းထည့်သောက်သင့်သလား” ဆိုရင်တော့ အဖြေကနိုး (No) ပါ။

‎ဇင့်ဓာတ်အလွန်များသွားရင်တော့ (ဇင့်ကို တစ်ကြိမ်ထဲနဲ့ 200 mg ထက်ပိုသောက်မိရင်) အလွန်အမင်း ဗိုက်အောင့်တာ၊ အန်တာ၊ ဝမ်းသွားတာလိုမျိုး လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ခေါင်းမူးတာ၊ ခေါင်းကိုက်တာတွေလည်း ဖြစ်နိုင်ပါတယ်။

‎ပုံမှန်အားဖြင့် အသက် ၃ နှစ်အောက်ကလေးတွေမှာ ဇင့်ကို 3 mg (၃ မီလီဂရမ်) ခန့်၊ နည်းနည်းကြီးလာရင် 5 mg (၅ မီလီဂရမ်) နဲ့ လူကြီးတွေမှာ 10 mg (၁၀ မီလီဂရမ်) ခန့် လိုအပ်ပါတယ်။

‎ခန္ဓာကိုယ်မှာ လိုအပ်ချက်များတဲ့ ကာလတွေမှာ သို့မဟုတ် အပေါ်မှာပြောပြခဲ့တဲ့ ဇင့်ဓာတ်ချို့တဲ့ခြင်းဆိုင်ရာလက္ခဏာတွေပေါ်လာရင် ထည့်သောက်သင့်ပါတယ်။

‎‌ဆက်ပြီးပြောပြရရင် ဇင့်ဓာတ်ကို ခန္ဓာကိုယ်မှ ဆုံးရှုံးသွားတဲ့ ကာလတွေမှာလည်း ဖြည့်စွက်သောက်ရပါမယ်။

‎ကလေးတစ်ယောက်အနေနဲ့ ဝမ်းလျှောပြီးရင် ဇင့်ဓာတ်ကို ၁၄ ရက်ကြာ ဖြည့်သောက်ပေးရပါမယ်။ ၂ နှစ်အောက် မှာ 10 mg (၁၀ မီလီဂရမ်) နဲ့ ၂ နှစ်အထက်မှာ 20 mg (၂၀ မီလီဂရမ်) သောက်ရမှာပါ။

‎အန်လိုက်တယ်၊ ဝမ်းလျှောလိုက်တယ်ဆိုရင်  အစာအိမ်နဲ့ အူလမ်းကြောင်းကနေ ဇင့်ကို ဆုံးရှုံးသွားပါတယ်။ အူလမ်းကြောင်းမှာရှိတဲ့ ဆဲလ်လေးတွေက ဇင့်မရှိတော့ အားနည်းလာပါတယ်။ ဆဲလ်အသစ်ကို ပြန်အားမဖြည့်နိုင်တော့သလို အူလမ်းကြောင်းရဲ့အလုပ်ဖြစ်တဲ့ အစားအစာကို စုပ်ယူခြင်းအလုပ်ကိုလည်း သိပ်မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ဝမ်းတစ်ခါလောက်သွားပြီးသွားရင် နောက်ထပ်သွားတဲ့ ဝမ်းတွေကလည်း ဝမ်းပျော့ပျော့တွေသွားတာ၊ ဝမ်းပျက်ချင်သလို သွားနေသေးတာတွေ ဖြစ်နေတာပါ။ မုန့်လုံးစက္ကူကပ်သလိုပါပဲ။ ဒီလိုနဲ့ အူလမ်းကြောင်းက ဇင့်ကို မစုပ်နိုင်တော့တဲ့အတွက် ကြာရှည်ဝမ်းပျက်နေတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။

‎တကယ်တော့ ဝမ်းပျက်ရင် ဝမ်းပိတ်ဆေးဆိုတာကို လုံးဝ မသောက်သင့်ပါဘူး။ ဝမ်းလျှောရင် ပိုးသတ်ဆေးတွေသောက်ဖို့လည်း လိုချင်မှလိုတတ်ပါတယ်။ ဒါပေမယ့် ဘယ်စပ်ဆေးဆိုင်မှာမှ ဇင့်ကိုထည့်မပေးတာကတော့ အံ့ဩစရာပါဘဲနော်။

‎ဒါကြောင့် မိမိက

အန်ထားတာ၊ ဝမ်းပျက်ထားတာ
‌‎- လက်သည်းပန်းကုံးတွေပေါ်တာ
‎- အားနည်းသလို ခံစားရတာ
‎- ယမကာသောက်တာတွေက များသွားတာ
‎- နှာစေး၊ ချောင်းဆိုး၊ အအေးမိတုပ်‌ကွေးထသလို ခံစားထားရတာ
‎- နာလန်ထစ ဖြစ်တာ၊ ခံတွင်းပျက်နေတာမျိုးဆိုရင် ဇင့်ကို ဖြည့်စွက်စာအနေနဲ့ ၂ ပတ် သောက်သင့်ပါတယ်။
‎…


‎ထပ်ပြီး မှတ်ထားသင့်တာကတော့ သဘာဝအတိုင်းဆိုရင် ဇင့်ဟာ ကြက်ဥအနှစ်၊ အသား၊ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အစေ့အဆန်အမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေမှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။

‎ဒါကြောင့် အစုံစားဖြစ်အောင် ကြိုးစားပြီး စားပေးကြပါ။ ပဲစားရင်တော့ နာရီအနည်းငယ်ကြာအောင် ရေအရင်စိမ်ထားပြီး အဲရေကိုသွန်ပြီးမှ တည်တာမျိုးလုပ်ပါ။ ဇင့်ဓာတ်စုပ်ယူဖို့ တားဆီးတဲ့ phytate ဓာတ်တွေကို ဒီနည်းနဲ့ လျော့နည်းစေပါတယ်။ Vitamin C ကြွယ်ဝတာတွေနဲ့ တွဲဖက်စားသုံးရင် စုပ်ယူမှုအားကောင်းလို့ တွဲစားသင့်ပါတယ်။

ကဲ… အဲဒီတော့ အမေ့လျော့ခံ သူရဲကောင်းလေး ဇင့် (Zinc) ကို မမေ့လျော့ကြ‌တော့ဘဲ ချင့်ချိန်ဖြည့်တင်းနိုင်ကြပါစေနော်…..။

‎အာဟာရဆရာဝန်တစ်ဦး

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here