အိပ်ခါစမှာ ခန္ဓာကိုယ် “တွန့်” ခနဲ ဖြစ်သွားရတဲ့ အကြောင်းရင်း

တစ်နေကုန် အလုပ်တွေလုပ်၊ social media တွေကိုလည်း ရှယ်ပလန်နဲ့ အသုံးပြုပြီးတဲ့နောက် အိပ်စက်ခြင်းဆိုတဲ့ အရသာကို အပြည့်အဝ ခံစားဖို့ဆိုပြီး ခုတင်ပေါ်မှာ ခြေပစ်လက်ပစ် လှဲချလိုက်ပြီ ဆိုပါစို့။ မျက်စိလေး မှိတ်၊ အတွေးလေးတွေ ဖြတ်ပြီး အိမ်မက်ကမ္ဘာထဲကို ခြေတစ်ဖက် လှမ်းရုံရှိသေး… ဟော… ရုတ်တရက် ချောက်ထဲပြုတ်ကျသလိုမျိုး ဒါမှမဟုတ် လှေကားပေါ်က ချော်လဲသလိုမျိုး ခံစားလိုက်ရပြီး တစ်ကိုယ်လုံး “တွန့်” ခနဲ ဖြစ်ကာ လန့်နိုးသွားဖူးကြမှာပါ။

အဲဒီလိုဖြစ်တာကို ဆေးပညာအရ Hypnic Jerk လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ “အိပ်ရင်းနဲ့ အကြောလန့်တယ်” လို့ ခေါ်တာပေါ့ဗျာ။

ဘယ်လိုဖြစ်တာလဲဆိုတော့… ကျွန်တော်တို့တွေ အိပ်ပျော်တော့မယ်ဆိုရင် ခန္ဓာကိုယ်ကြီးက သူ့ရဲ့စနစ်တွေကို တစ်ခုပြီးတစ်ခု အနားပေးဖို့ လုပ်ရတယ်။ နှလုံးခုန်နှုန်းက နှေးသွားတယ်။ အသက်ရှူတာက ဖြည်းဖြည်းမှန်မှန် ဖြစ်သွားတယ်။ ကြွက်သားတွေကလည်း အကြောလျော့ပြီး ပျော့ခွေကျသွားတယ်။ အဲဒီအချိန်မှာ တချို့သော ဦးနှောက်ဆဲလ်တွေက အထင်လွဲကုန်ရော။ “ဟာ… နှလုံးခုန်နှုန်းကလည်း နှေးသွားပြီ၊ ကြွက်သားတွေကလည်း အားလျှော့ကုန်ပြီ။ ငါ့လူကြီး အသက်မှရှိသေးရဲ့လား” ဆိုပြီး ဦးနှောက်က လန့်သွားတာဗျ။

ဒါနဲ့ပဲ ဦးနှောက်က ကိုယ့်လူကြီး သေ/မသေ သိရအောင်ဆိုပြီး ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေဆီကို လျှပ်စစ်စီးကြောင်းတစ်ခု ချက်ချင်းလွှတ်ပြီး စစ်ဆေးကြည့်လိုက်တော့တာပဲ။ ခင်ဗျားတို့ ကျွန်တော်တို့ကတော့ အိပ်ကောင်းခြင်း မအိပ်ရဘဲ ခုတင်ပေါ်မှာတင် “တွန့်” ခနဲ၊ “ဆတ်” ခနဲ ဖြစ်ပြီး လန့်နိုးလာရတော့တာပေါ့။ ဦးနှောက်ကတော့ “ဪ… အသက်ရှိသေးသားပဲ” ဆိုပြီး စိတ်အေးသွားရှာတာပေါ့။

ဒီ Hypnic Jerk တွေက လူတိုင်းမှာ ဖြစ်တတ်ပေမယ့် အောက်က အချက်တွေ ရှိနေရင်တော့ ပိုပြီးအဖြစ်များတတ်တယ်ဗျ။

  • ညနေစောင်းမှ ကော်ဖီတွေ၊ လက်ဖက်ရည်တွေ သောက်ထားရင် ဦးနှောက်က အိပ်ချိန်ရောက်ရင်တောင် အငြိမ်မနေဘဲ ဂဏာမငြိမ် ဖြစ်နေတတ်တယ်။
  • စိတ်ထဲမှာ ပူပန်စရာတစ်ခုခု ရှိနေရင် ဦးနှောက်က အိပ်ပျော်နေချိန်မှာတောင် “အသင့်အနေအထား” ဖြစ်နေလို့ လန့်နိုးဖို့ ပိုလွယ်ပါတယ်။
  • တအားပင်ပန်းပြီး အိပ်ရေးပျက်ထားတဲ့ရက်တွေမှာ ဦးနှောက်က အိပ်စက်ခြင်းအဆင့်တွေကို ကျော်ပြီး အမြန်အိပ်ပစ်လိုက်တဲ့အခါ အခုလို အလွဲလေးတွေ ပိုဖြစ်တတ်ပါတယ်။

ဒါကြောင့် နောက်တစ်ခါ အိပ်ခါစမှာ “တွန့်” ခနဲ ဖြစ်ပြီး လန့်နိုးသွားရင် စိတ်မဆိုးပါနဲ့ဦး။ “ငါ့ဦးနှောက်က ငါ့ကို သေပြီအမှတ်နဲ့ လှမ်းစစ်ဆေးတာပဲ” လို့ တွေးပြီး ပြုံးပြုံးလေးသာ ပြန်အိပ်လိုက်ပါဗျာ။ ပြီးတော့ ဦးနှောက်လေးကိုလည်း “ငါမသေသေးပါဘူးကွာ၊ စိတ်မပူနဲ့တော့နော်” လို့ စိတ်ထဲကနေ လှမ်းပြောလိုက်ဖို့ မမေ့နဲ့ဦးပေါ့…..။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here