မနေ့က (အောက်တိုဘာ ၁၃ ရက်နေ့) ဟာ ရင်သားကင်ဆာ အသိပညာပေးနေ့လေး ဖြစ်ပါတယ်။ ဒီအတွက် ဟိုတစ်နေ့က ရင်သားကင်ဆာကို သတိပြုမိဖို့ ဆောင်းပါးလေးတစ်ပုဒ် တင်ဆက်ပြီးပြီဖြစ်ပါတယ်။ ဒီနေ့ကတော့ ရင်သားကင်ဆာအကြောင်းလေး နည်းနည်းပိုပြီး ပြောပြချင်လို့ ထပ်လောင်းရေးကြည့်လိုက်ပါတယ်။
ရင်သားကင်ဆာဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးအများစု ကြောက်တတ်ကြတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်တာလည်း ငြင်းလို့မရပါဘူး။ တကယ်တော့ ရောဂါလက္ခဏာတွေကို ကြိုပြီးသိအောင်လုပ်လို့ရပါတယ်။ စောစောသိပြီး စနစ်တကျ ကုသမယ်ဆိုရင် ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အမျိုးသားတွေလည်း ၁ ရာခိုင်နှုန်းလောက် ဖြစ်တတ်တာမို့ ဒီစာလေးက အမျိုးသမီးရော၊ အမျိုးသားရောအတွက် ရည်ရွယ်ပါတယ်။
ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး သတိပြုရမယ့် အချက်တွေ ပြောပြပေးမယ်။
🌸 ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများတဲ့သူတွေ
ဘယ်သူမဆို ရင်သားကင်ဆာ ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုအချက်တွေရှိတယ်ဆိုရင် ရောဂါဖြစ်ပွားနိုင်ခြေ ပိုမြင့်နိုင်ပါတယ်။
၁။ အမျိုးသမီး ဖြစ်ခြင်း၊ အသက်အရွယ် ကြီးရင့်လာခြင်း (အထူးသဖြင့် အသက် ၅၀ နှင့် ၇၀ ကြား)။
၂။ မိသားစု သို့မဟုတ် ဆွေမျိုးနီးစပ်ထဲမှာ ရင်သားကင်ဆာ ဖြစ်ဖူးသူရှိခြင်း သို့မဟုတ် BRCA1/BRCA2 ကဲ့သို့သော မျိုးရိုးဗီဇ ပြောင်းလဲမှုရှိခြင်း။
၃။ ဟော်မုန်း အပြောင်းအလဲနဲ့၊ Oestrogen ဟော်မုန်းထိတွေ့မှုတွေ များပြားတာ။ ဥပမာ
(က) ဓမ္မတာ စောစီးစွာ လာခြင်း (အသက် ၁၂ နှစ်အောက်)
(ခ) သွေးဆုံးချိန် နောက်ကျခြင်း (အသက် ၅၅ နှစ်နောက်ပိုင်း)။
ဒီ (၂) ချက်က အမျိုးသမီးဟော်မုန်းနဲ့ ယှဉ်တွဲနေထိုင်ချိန် ကြာသွားစေတာမို့ပါ။
(ဂ) သားသမီး မထွန်းကားဖူးခြင်း သို့မဟုတ် အသက် ၃၀ ကျော်မှ ပထမဆုံး ကိုယ်ဝန်ဆောင်ခြင်း။ (သားသမီးထွန်းကားတဲ့အခါ Oestrogen ဟော်မုန်းထွက်တာ ခဏရပ်သွားတတ်လို့ပါ။)
(ဃ) မိခင်နို့ရည် မတိုက်ကျွေးဖူးခြင်း။ (နို့တိုက်တဲ့ကာလမှာ Oestrogen က အတိုင်းအတာတစ်ခုထိ ကျဆင်းသွားပါတယ်။)
(င) သွေးဆုံးပြီးနောက် ဟော်မုန်းအစားထိုး ကုသမှု (HRT) ကို ကာလရှည် သုံးစွဲခြင်း။ (HRT မှာ Oestrogen ပါပါတယ်။)
(စ) သွေးဆုံးပြီးနောက် အဝလွန်ခြင်း၊ အရက်သောက်သုံးခြင်း နှင့် ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း။
.
🌸 သတိထားရမယ့် ရှေ့ပြေးလက္ခဏာ
ရင်သားကင်ဆာရဲ့ အဓိကလက္ခဏာက နာကျင်မှုမရှိတဲ့အကျိတ်ပေါ်လာခြင်း ဖြစ်ပါတယ်။ နာကျင်မှုမရှိတာမို့ တော်တော်များများ သတိမပြုမိဘဲ အချိန်ကြန့်ကြာသွားတတ်ကြပါတယ်။
အဓိက သတိပြုရမယ့် လက္ခဏာတွေကတော့…
ရင်သား သို့မဟုတ် ချိုင်းကြားတွင် အကျိတ် စမ်းမိမယ်ဆိုရင် အကျိတ်က မာကျောလား၊ ပုံသဏ္ဌာန် မမှန်ဘဲ (ချောချောမွတ်မွတ်မရှိဘဲ) ကြမ်းတမ်းလား၊ စမ်းသပ်ကြည့်ပါက လှုပ်လို့မရဘဲ ငြိမ်နေလား အရင်စစ်ဆေးကြည့်သင့်ပါတယ်။
နောက်တစ်ခုကျတော့ နို့သီးခေါင်း အတွင်းသို့ ချိုင့်ဝင်သွားတာ၊ နို့သီးခေါင်းကနေ သွေး၊ အစိမ်းရောင်အရည်၊ အရည်ကြည် စိမ့်ထွက်လား သတိထားပါ။
ရင်သားအရေပြားနဲ့ပတ်သက်ရင်တော့ အရေပြားချိုင့်ဝင်သွားခြင်း (Dimpling)၊ သစ်တော်သီးခွံကဲ့သို့ အပေါက်ငယ်လေးများ ဖြစ်ကာ ရောင်ရမ်းနီရဲလာခြင်း (Peau d’orange) သို့မဟုတ် အနာဖြစ်လာခြင်းရှိ/မရှိ သတိပြုပါ။
ရင်သား ပုံသဏ္ဌာန်နှင့် အရွယ်အစား အပြောင်းအလဲ ဖြစ်လာလားလည်း သတိပြုပါ။
.
🌸 မိမိကိုယ်ကိုယ် စစ်ဆေးခြင်းနှင့် ရောဂါရှာဖွေခြင်း
ပထမအချက်ကတော့ မိမိကိုယ်ကိုယ် စစ်ဆေးဖို့ပေါ့။
ရင်သားကင်ဆာကို စောစီးစွာ သိရှိနိုင်ဖို့ အမျိုးသမီးတိုင်း မိမိရင်သားကို တစ်လတစ်ကြိမ် စနစ်တကျ စမ်းသပ်စစ်ဆေးခြင်း (Self Breast Examination) ကို ဓမ္မတာလာပြီးတစ်ပတ်အကြာမှာ ပြုလုပ်သင့်ပါတယ်။ နေ့တိုင်းစမ်းလို့မရဘူးလားဆိုတော့ ရပါတယ်။ ဘာလို့ဓမ္မတာလာပြီး တစ်ပတ်နေမှစစ်ရလဲဆိုတော့ အဲဒီအချိန်ဟာ ဟော်မုန်းအပြောင်းအလဲကြောင့် ရင်သားတစ်ရှူးတွေ မာနေတာရောင်ရမ်းနေတာ မရှိတော့ဘဲ ပုံမှန်အတိုင်း အထင်ရှားဆုံး ရှိနေလို့ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ သံသယရှိရင် ဆေးရုံ/ဆေးခန်းသွားရောက်ပြသဖို့ပါ။ ဆရာဝန်တွေဘက်က စိစစ်အတည်ပြုဖို့အတွက် Triple Assessment (သုံးဆင့်စစ်ဆေးခြင်း) နည်းလမ်းကို အသုံးပြုကြပါတယ်။ ဗဟုသုတလေး ပြောပြမယ်နော်။ ဘာမျှော်လင့်လို့ရမလဲ အကြမ်းဖျင်းသိအောင်။
🟢 ပထမ တစ်ခုကတော့ ဆရာဝန်က စမ်းသပ်စစ်ဆေးခြင်း (Clinical Assessment)
🟢 ဒုတိယ တစ်ခုကတော့ ဓာတ်မှန် သို့မဟုတ် အာထရာဆောင်း ရိုက်ကူးခြင်း (Imaging) ဒီအဆင့်မှာတော့ (၂) ခုရှိတယ်။ Mammogram (ရင်သားဓာတ်မှန်) ကတော့ အသက် ၄၀ ကျော် အမျိုးသမီးများအတွက် ရောဂါရှာဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ Ultrasound (အာထရာဆောင်း) ကတော့ အသက် ၄၀ အောက် အမျိုးသမီးများ သို့မဟုတ် ကိုယ်ဝန်ဆောင်များအတွက် ပိုသင့်တော်ပါတယ်။
🟢 တတိယ တစ်ခုကတော့ အသားစယူ စစ်ဆေးခြင်း (Core Needle Biopsy) အကျိတ်ကနေ အသားစပြီး ကင်ဆာ ဟုတ်/မဟုတ် အတည်ပြုတာ ဖြစ်ပါတယ်။
.
🌸 ကုသနိုင်တဲ့ နည်းလမ်းတွေ
ရင်သားကင်ဆာ ကုသဖို့ဆိုတာ ရောဂါအဆင့်၊ ကင်ဆာဆဲလ် အမျိုးအစားနဲ့ လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ခွဲလိုက်ရင်ပြီးသွားရောဆိုတာလည်း အပြည့်အဝမမှန်သလို၊ ခီမိုသွင်းရတယ်၊ ဓာတ်ကင်ရတယ်ဆိုတာလည်း လူတိုင်းတော့မဟုတ်ပါဘူး။
🟢 ပထမနည်းကတော့ ခွဲစိတ်ကုသတာပါ။ သူက (၂) မျိုးရှိတယ်။ အကျိတ်နှင့် ပတ်ဝန်းကျင် တစ်ရှူးအချို့ကိုသာ ဖယ်ရှားခြင်း (Breast Conserving Surgery) သို့မဟုတ် ရင်သားတစ်ခုလုံးကို ဖယ်ရှားခြင်း (Mastectomy) ဆိုပြီး ရှိတယ်။ အကျိတ်ပမာဏ၊ အရွယ်အစားပေါ်မှာ မူတည်တယ်။
🟢 နောက်တစ်ခုကတော့ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiotherapy) ပါ။ ခွဲစိတ်ပြီးနောက် ကျန်ရှိနေနိုင်တဲ့ ကင်ဆာဆဲလ်များကို ဖျက်ဆီးဖို့ ဒီနည်းလမ်းကို သုံးပါတယ်။
🟢 ဆေးဝါးဖြင့် ကုသခြင်းများ
(က) ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy) ကင်ဆာဆဲလ်တွေ ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့။
(ခ) ဟော်မုန်းဆေးများ (Endocrine Therapy) ဟော်မုန်း လက်ခံ (ER/PR positive) ရှိသော ကင်ဆာတွေမှာ ဟော်မုန်းအားပေးမှုကို တားဆီးဖို့။
(ဂ) တိကျပစ်မှတ်ထား ကုသသည့်ဆေးများ (Targeted Therapy) HER2 positive ကင်ဆာတွေမှာ Trastuzumab လိုမျိုး ခပ်ကြမ်းကြမ်းဆေးတွေ သုံးရပါတယ်။
…
မေတ္တာစကားလေးနဲ့ နိဂုံးချုပ်ပါရစေ။
ရင်သားကင်ဆာဆိုတာ “စောစောသိရင် ပျောက်ကင်းနိုင်ခြေ အလွန်များတဲ့ရောဂါ” ပါ။ ရှက်ရွံ့နေ (ဒါမှမဟုတ်) ကြောက်ရွံ့နေတယ်ဆိုရင်၊ ဆရာဝန်နဲ့ ပြသဖို့ အချိန်ဆွဲနေမိရင် ရောဂါရင့်သွားနိုင်ပါတာလေး သတိပြုပေးပါ။
မိမိကိုယ်ကိုယ် ပုံမှန် စမ်းသပ်စစ်ဆေးပါ။ ပုံမှန်မဟုတ်တဲ့ အကျိတ် (ဒါမှမဟုတ်) ပြောင်းလဲမှုတစ်ခုခု စမ်းမိတယ်ဆိုရင် ဆရာဝန်တွေနဲ့ ချက်ချင်း တိုင်ပင်ဆွေးနွေးပါ။ ရင်သားကင်ဆာ အသိပညာပေးနေ့ကနေစပြီး မိမိနှင့်တကွ မိမိ ပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီး၊ အမျိုးသားများရဲ့ ရင်သားကျန်းမာရေးကို အတူတကွ ဂရုစိုက်စောင့်ရှောက်ကြပါစို့….။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


