ကျွန်မတို့ မြန်မာ့ရိုးရာမှာ ကလေးမွေးပြီးရင် “သွေးသန့်အောင်၊ သားအိမ်ကျုံ့မြန်အောင်” ဆိုပြီး အုတ်ပူထိုင်ခြင်း၊ ကျောက်ပူထိုင်ခြင်း (သို့မဟုတ်) မီးကင်ခြင်း၊ အငွေ့မှိုင်းတိုက်ခြင်းတွေကို အဘွားအဘေး၊ ယောက္ခမတွေက လုပ်ခိုင်းလေ့ ရှိကြပါတယ်။
“ဒါဟာ ဆေးပညာအရ မှားယွင်းနေတဲ့ အယူအဆအဟောင်းဖြစ်ပြီး မိခင်ရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်”
…
…
အဓိက အယူအဆအမှားတွေကတော့
မှားယွင်းချက် (၁) – အပူထိုင်မှ သွေးညစ်တွေကုန်ပြီး သားအိမ်မြန်မြန်ကျုံ့မယ်။
အမှန် – ဆေးပညာအရ သားအိမ်ကျုံ့တာဟာ ပြင်ပအပူရှိန်ကြောင့် မဟုတ်ပါဘူး။ မိခင်ရဲ့ ဦးနှောက်ကနေ ထွက်တဲ့ အောက်စီတိုစင်လို့ခေါ်တဲ့ ဟော်မုန်းကြောင့်သာ ဖြစ်ပါတယ်။
အကောင်းဆုံးနည်းလမ်းအနေနဲ့ ကလေးကို မိခင်နို့ပုံမှန်တိုက်ပေးခြင်းက အောက်စီတိုစင်ဟော်မုန်းကို ပိုမိုထွက်ရှိစေပြီး သားအိမ်ကို သဘာဝအတိုင်း အမြန်ဆုံးကျုံ့စေပါတယ်။
.
မှားယွင်းချက် (၂) – မီးတွင်းထဲမှာ အပူကင်မှ ဒဏ်ရာတွေ မြန်မြန်ခြောက်မယ်။
အမှန် – မီးဖွားပြီးစ မွေးလမ်းကြောင်းနဲ့ ချုပ်ရိုးတွေဟာ အလွန်နုနယ်ပါတယ်။ အုတ်ခဲ၊ ကျောက်တုံးတွေကနေလာတဲ့ အပူကြောင့် အသားအရေ ပြင်းထန်စွာ လောင်ကျွမ်းတာ၊ ချုပ်ရိုးတွေ ပြတ်ထွက်တာတွေ ဖြစ်တတ်ပါတယ်။
ဒါ့အပြင် အုတ်ခဲနဲ့ ကျောက်တုံးတွေမှာ ကပ်ပါလာတဲ့ မသန့်ရှင်းတဲ့ အခိုးအငွေ့တွေကြောင့် သားအိမ်နဲ့ မွေးလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်ပွားနိုင်ပါတယ်။
အပူလွန်ကဲခြင်းကြောင့် သွေးကြောများ ကျယ်လာပြီး သွေးလွန်ခြင်းကိုပင် ဖြစ်ပွားစေနိုင်ပါတယ်။
.
မှားယွင်းချက် (၃) – ချွေးထွက်များမှ အဆိပ်အတောက်စင်မယ်။
အမှန် – အပူဒဏ်ကြောင့် ချွေးတွေ အလွန်အကျွံထွက်ရင် မိခင်မှာ ရေဓာတ်နဲ့ ဆားဓာတ် ခန်းခြောက်ပြီး အားအင်ကုန်ခမ်းကာ မူးလဲခြင်း၊ သတိလစ်ခြင်းများအထိ ဖြစ်နိုင်ပါတယ်။
.
မှားယွင်းချက် (၄) – အပူထိုင်မှ နို့ထွက်ကောင်းမယ်။
အမှန် – အပူထိုင်ခြင်းနှင့် နို့ထွက်ခြင်းကြား တိုက်ရိုက်ဆက်စပ်မှုမရှိပါ။
နို့ထွက်ကောင်းစေရန် အဓိကလိုအပ်သည်မှာ ကလေးကို နည်းစနစ်မှန်မှန်ဖြင့် မကြာခဏ နို့တိုက်ခြင်း၊ အာဟာရပြည့်ဝစွာ စားသာက်ခြင်းနှင့် အနားယူခြင်း ဖြစ်ပါတယ်။
.
မှားယွင်းချက် (၅) – အပူထိုင်လိုက်ရင် မိခင်ခန္ဓာကိုယ်ထဲက လေတွေထွက်သွားမယ်။
အမှန် – “လေထွက်သည်။ လေဝင်သည်။” ဟူသော ယုံကြည်မှုများသည် ရိုးရာအယူအဆများဖြစ်ပြီး သိပ္ပံနည်းကျ သက်သေပြထားမှု မရှိပါ။
…
…
ဆိုတော့ အယူအဆအလွဲလေးတွေနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ပြင်းထန်တာကို သိသွားရှိပြီ ထင်ပါတယ်။
ဒါဆိုရင် ရှေးရိုးအယူအဆတွေအတိုင်း မလုပ်ဘဲ မီးဖွားပြီးစ မိခင်တစ်ယောက် ကျန်းမာကြံ့ခိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုတော့ . . .
(၁) သားအိမ်ကို သဘာဝအတိုင်း ကျုံ့စေရန် ကလေးကို မိခင်နို့တိုက်ပါ။
ကလေးကို မွေးမွေးချင်း မိခင်နို့ စောစောတိုက်ပေးခြင်း၊ ကလေးနဲ့မိခင်ကြား အရေပြားချင်းထိကပ်ခြင်း၊ ပွေ့ဖက်စေခြင်းက ဟော်မုန်းကို ပိုမိုထွက်စေပြီး သားအိမ်ကျုံ့စေရန် သဘာဝအတိုင်း ကူညီပေးပါတယ်။
.
(၂) အာဟာရကို စုံလင်စွာ စားသုံးပါ။
မီးတွင်းဆိုပြီး ဟင်းနုနွယ်၊ ငါးခြောက်နဲ့ ဆားပဲကျွေးတာမျိုး လုံးဝမလုပ်ပါနဲ့။ ကလေးမွေးစဉ် သွေးဆုံးရှုံးမှုတွေအတွက် အသား၊ ငါး၊ ဥအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စုံလင်အောင် စားပေးရပါမယ်။ ဒါမှ နို့ရည်လည်း အဟာရပြည့်ဝမှာပါ။
.
(၃) ရေကို လုံလောက်စွာ သောက်ပါ။
ရေနွေးမှ မဟုတ်ပါဘူး… သန့်ရှင်းတဲ့ ရေအေး (သို့မဟုတ်) အပူအအေး အနေတော်ရေသန့်ကို မိခင်နို့ထွက်ကောင်းစေဖို့နဲ့ ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝဖို့ အဝသောက်ပေးပါ။
.
(၄) သန့်ရှင်းရေးကို အလေးထားပါ။
မွေးလမ်းကြောင်းနဲ့ ချုပ်ရိုးကို အပူမှိုင်းတိုက်မယ့်အစား သန့်ရှင်းတဲ့ ရေနွေးနွေးလေးနဲ့ စနစ်တကျ ဆေးကြောပြီး အမြဲခြောက်သွေ့အောင် ထားပေးပါ။ စက္ကူ သို့မဟုတ် ဂွမ်းစသန့်သန့်ဖြင့် အသာအယာ တို့ဖတ်ပေးပါ။
.
(၅) လုံလောက်စွာ အနားယူပြီး သွေးလှည့်ပတ်မှု ကောင်းအောင်နေပါ။
အိပ်ရာထဲမှာပဲ ငြိမ်ငြိမ်လေး လှဲနေမယ့်အစား အခန်းထဲမှာ လမ်းလျှောက်တာမျိုး၊ ခန္ဓာကိုယ်အကြောအခြင် လှုပ်ရှားပေးတာမျိုး ပြုလုပ်ပေးပါ။
.
🚨 တစ်ခုခု မူမမှန်တာမျိုး… ဥပမာ။ သွေးဆင်းခြင်း၊ ဖျားခြင်း၊ နာကျင်ခြင်းများရှိပါက ဆေးခန်း၊ ဆေးရုံသို့ ပြသပါ။
🤱ကလေးမွေးဖွားခြင်းဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ အလွန်ပင်ပန်းကြီးစွာ ကျော်ဖြတ်ခဲ့ရတဲ့အချိန် ဖြစ်ပါတယ်။ မိခင်ရော ကလေးပါ ဘေးကင်းကျန်းမာဖို့ဆိုရင် “အယူအဆဟောင်းတချို့ကို စွန့်လွှတ်ပြီး ဆေးပညာ လမ်းညွှန်ချက်တွေအတိုင်းပဲ အလေးထား ပြုစုစောင့်ရှောက်ပေးကြပါ” လို့ တိုက်တွန်းပါရစေရှင်….။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


