ပန်ကာဖွင့်အိပ်ရင် လေဖြတ်သလား။
လေမတိုက်တဲ့ နွေနေပူညတွေမှာတော့ ပန်ကာဟာ လိုအပ်လျက်ပါ။ မီးလာရင်ပေါ့။
ပန်ကာဖွင့်ခြင်းကြောင့် လေလှည့်ပတ်မှု မြန်ပါတယ်။ ဒီတော့ ထွက်ထားတဲ့ ချွေးတွေရှိမယ်ဆိုရင် မြန်မြန် ချွေးခြောက်စေ၊ အငွေ့ပျံစေတာပေါ့။ ဒါကြောင့် အရေပြားပေါ်က အပူချိန်ကို မြန််မြန်လျော့ကျစေပြီး အပူရှပ်တာလိုမျိုး မဖြစ်စေတော့ပါဘူး။
ဒါဆို ညဘက် ပန်ကာဖွင့်အိပ်ပြီး မနက်နိုးတဲ့အချိန် လေဖြတ်တာကရော 🤔
တကယ်တော့ ဒီလိုလေဖြတ်တဲ့သူတွေဟာ ညအိပ်ချိန်မှာ ရေဓာတ်ခန်းခြောက်၊ သွေးပေါင်တက်ပြီး လေဖြတ်တာပါ။
ပန်ကာဖွင့်အိပ်ပြီး လေဖြတ်တဲ့သူရှိခဲ့ရင် ပန်ကာဖွင့်လို့မဟုတ်ဘဲ သွေးတိုးမထိန်းနိုင်လို့ရယ်၊ နွေရာသီမှာ ရေဓာတ် ခန်းခြောက်ပြီး သွေးပိုပျစ်တာရယ်ကြောင့်ပါ။
ဒါကြောင့် မိမိရဲ့ သွေးကျဆေး ပုံမှန်သောက်ဖို့နဲ့ ရောဂါအခံများကို ထိန်းဖို့သာ အရေးကြီးပါတယ်။
ပန်ကာလေက အရေပြားကိုထိရင် အရေပြားပေါ်က အာရုံကြောတွေကို စသလို နောက်လို ဖြစ်တာပေါ့။ မျက်နာကို လေထိများရင် မျက်နာရဲ့အာရုံကြော facial nerve ရောင်စေပါတယ်။ Bell’s palsy လို့ခေါ်တဲ့ မျက်နှာတစ်ခြမ်းရွဲ့တာဟာ မျက်နာအာရုံကြောရောင်လို့ ဖြစ်တာပါ။ ဒါပေမယ့် လေဖြတ်တာနဲ့ ပုံစံတူသွားတာတော့ လေဖြတ်တယ်လို့ အရပ်ပြော ပြောကြတာပါ။
နောက် လက်တွေကျဥ်လာတယ် ဆိုတာလည်း ထိုနည်းလည်းကောင်းပါပဲ။ အရေပြားပေါ်က အာရုံကြောတွေ ရောင်တာဖြစ်နိုင်ပါတယ်။ လက်တွေကျဥ်လာတယ်ဆိုတာ လေဖြတ်တာရဲ့လက္ခဏာ လုံး၀မဟုတ်ပါဘူး။
ပန်ကာကို မိမိနဲ့တိုက်ရိုက်ကြီးမထားဘဲ အခန်းထဲ လှည့်ထားတာမျိုး ထားရင် အရေပြားတစ်ခုထဲ တစ်နေရာထဲအပေါ် လေရောက်တာမဟုတ်လို့ အာရုံကြောကျဉ်တာ၊ ထုံတာ ဖြစ်နိုင်ခြေလျော့စေနိုင်ပါတယ်။
ပြန်ချုပ်ရရင် ပန်ကာဖွင့်လို့ လေဖြတ်တာလို့ ပြောဖို့ရာခက်ပါတယ်။ ပန်ကာမှာ ဖုန်တွေရှိနေရင် သေချာဆေးကြောပါ။ နှာရည်ယိုရွှဲနိုင်ပါတယ်။ ရေဓာတ်ပြည့်၀အောင် နေပါ။ ကိုယ်ခန္ဓာကို တိုက်ရိုက်ထိနေတာ၊ တစ်နေရာတည်းကို တစ်ညလုံးကြီး လေထိနေတာထက် အခန်းတစ်၀ိုက် လေရအောင် လှည့်ထား/ချိန်ထားပါ။ သွေးတိုးရှိရင် သွေးတိုးသေချာထိန်းပါ။
…
…
တစ်လက်စထဲ အရေးကြီးတဲ့ လေဖြတ်တာအကြောင်းထည့်ပြောပါရစေ။
လေဖြတ်တဲ့အချိန် ရွှေလိုအဖိုးတန်တဲ့ ပထမဆုံး မိနစ်ခြောက်ဆယ်အတွင်းမှာ ဆေးရုံကို မြန်မြန်ရောက်နိုင်မယ်၊ သွေးကြောပိတ်တာဆို သွေးကြောဖွင့်၊ သွေးကြောပေါက်တာ/ပြတ်တာဆို ပြန်ဆက်နိုင်မယ်ဆို လေဖြတ်လို့ဖြစ်တဲ့ ဦးနှောက်ဆုံးရှုံးမှုကို ကယ်တင်နိုင်မှာပါ။
လေဖြတ်တာအတွက် FAST လို့ မှတ်ထားနိုင်ပါတယ်။
F – face
မျက်နှာတစ်ခြမ်း ရွဲ့တာ၊ ထုံတာ၊ မညီတော့တာ
A – arm
လက်တစ်ဖက် လှုပ်မရတာ
S – speech
လျှာလိပ်တာ၊ စကားလုံးတာ/မပီတော့တာ
T – time
ဒါတွေအားလုံးဟာ ရုတ်တရက် ဖြစ်ရပါမယ်။
လေဖြတ်တာဟာ သွေးတိုးကိုမထိန်းနိုင်လို့နောက်ဆက်တွဲဖြစ်လာတာပါ။ လေဖြတ်၀ေဒနာဟာ တမျှင်းမျှင်းနဲ့ ဘယ်တော့မှမဖြစ်ပါဘူး။ ရှေ့ပြေးလက္ခဏာ မရှိသလောက် ဖြစ်ပါတယ်။ တစ်ကြိမ်လေဖြတ်ဖူးခြင်းဟာ နောက်ထပ် လေဖြတ်နိုင်ခြေ အများဆုံးဖြစ်ပြီး ရှေ့ပြေးလက္ခဏာပါပဲ။
ဖြည်းဖြည်းချင်း ထုံလာတာ၊ ကျဥ်လာတာဟာ လေဖြတ်ခြင်းလက္ခဏာ လုံး၀မဟုတ်ပါ။ လေဖြတ်မှာကြောက်လျှင် သွေးတိုးထိန်းပါ။ ဆေးကို နေ့စဥ်သောက်ပါ။ ဆိုဒီယမ်လျှော့စားပါ။ ဆေးလိပ်ဖြတ်ပါ။ စိတ်ဖိစီးမှုလျှော့ချရန် နည်းလမ်းများ အသုံးပြုပါ….။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

