သေသူတွေက အိပ်မက်ပေးတတ်သလား။

သေဆုံးသွားပြီးသူတွေကို အိပ်မက်မက်တာဟာ လူသားတိုင်းနီးပါး ကြုံတွေ့ဖူးတဲ့ စိတ်ခံစားမှုဆိုင်ရာ ဖြစ်စဉ်တစ်ခုပါ။ အချို့က ကွယ်လွန်သူက “ အိပ်မက်‌ပေးတယ်” လို့ ယူဆတတ်ကြပေမဲ့ စိတ်ပညာရှုထောင့်ကနေကြည့်ရင် ဒါဟာ ကျွန်မတို့ရဲ့ Subconscious Mind (မသိစိတ်) ကပေးတဲ့ သင်္ကေတတွေပဲ ဖြစ်ပါတယ်။

ချစ်ရသူတစ်ယောက် ကွယ်လွန်သွားတဲ့အခါ ကျန်ရစ်သူတွေရဲ့ စိတ်ထဲမှာ ဟာတာတာနဲ့ ကျန်ခဲ့လေ့ရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ ကွယ်လွန်သူက အိပ်မက်ထဲကို ရောက်လာတတ်ပါတယ်။ ဒါဟာ ဝိညာဉ်က လာနှုတ်ဆက်တာလား၊ ဒါမှမဟုတ် ကိုယ့်စိတ်ကပဲ ဖန်တီးတဲ့ ဖြစ်စဥ်လားပေါ့။

၁။ ဝမ်းနည်းခြင်းရဲ့ သဘာဝကုစားမှု (Grief Processing)

ပထမဆုံးအနေနဲ့ သေဆုံးပြီးသူကို အိပ်မက်မက်ခြင်းဟာ ဝမ်းနည်းပူဆွေးခြင်းရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာ နားလည်ဖို့လိုပါတယ်။

စိတ်ခွဲခြမ်းစိတ်ဖြာမှုပညာရှင် Sigmund Freud ကတော့ အိပ်မက်ဆိုတာ “မဖြည့်ဆည်းရသေးတဲ့ ဆန္ဒတွေရဲ့ ပြည့်ဝရာ” လို့ ဆိုပါတယ်။ ကိုယ်ချစ်ရတဲ့သူကို လက်လွှတ်လိုက်ရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့ နာကျင်မှုကို ဦးနှောက်က လက်မခံနိုင်သေးတဲ့အတွက် အိပ်မက်ထဲမှာ ပြန်တွေ့ပေးခြင်းအားဖြင့် စိတ်ဒဏ်ရာကို ကုစားဖို့ ကြိုးစားတာကို ဆိုလိုတာပါ။

ဥပမာ . . . မိခင်ဖြစ်သူ ကွယ်လွန်ပြီး ၂ လအကြာမှာ သားဖြစ်သူက “အမေက ခါတိုင်းလို မနက်စာ ချက်ပြုတ်နေတာကို အိပ်မက်မက်တယ်။ အိပ်ရာနိုးလာတော့ အမေတကယ်ရှိ‌နေသေးတယ်လို့ ခဏတော့ ထင်မိတယ်” ဆိုတာမျိုး။

ဒီအိပ်မက်ဟာ သားဖြစ်သူရဲ့ ဦးနှောက်က အမေ့ရဲ့နေ့စဉ်ဘဝပုံရိပ်တွေကို လက်လွှတ်မခံချင်တဲ့စိတ်ကို ပြန်လည်ဖော်ဆောင်နေတာမျိုး ဖြစ်ပါတယ်။
.

၂။ ဆက်နွယ်မှုအသစ် တည်ဆောက်ခြင်း (Continuing Bonds Theory)

ကွယ်လွန်သူနဲ့ ဆက်နွယ်မှုကို ဖြတ်တောက်လိုက်ဖို့ထက် သူတို့နဲ့ပတ်သက်တဲ့ အမှတ်တရတွေကို စိတ်ထဲမှာ အဓိပ္ပာယ်ရှိရှိ ဆက်ပြီးထိန်းသိမ်းထားခြင်းက စိတ်ကျန်းမာရေးအတွက် ပိုကောင်းတယ်လို့ ဆိုပါတယ်။

အိပ်မက်ထဲမှာ တွေ့ရခြင်းဟာ ကွယ်လွန်သူနဲ့ ဆက်နွယ်မှုကို ဦးနှောက်က ဆက်လက်ထိန်းသိမ်းနေတဲ့ သဘောပါ။ ဒါဟာ ကျန်းမာတဲ့ ဝမ်းနည်းခြင်းရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။

ဥပမာ . . . လွန်ခဲ့တဲ့ တစ်လက ဆုံးပါးသွားတဲ့ မိခင်ကို အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ အ‌မေက ဝတ်ကောင်းစားလှတွေ ဝတ်ပြီး ပြုံးပြုံးလေး ကြည့်နေပါတယ်ဆိုရင် ဒီအိပ်မက်ဟာ မက်သူကို လက်တွေ့ဘဝမှာ စိတ်အေးချမ်းမှု ရစေပါတယ်။ သူ့စိတ်ထဲမှာ “အမေ ကောင်းရာမွန်ရာ ရောက်နေပါစေ” ဆိုတဲ့ ဆန္ဒကို ဦးနှောက်က ပုံဖော်ပေးတာပါ။
.

၃။ မပြီးပြတ်သေးတဲ့ စိတ်ခံစားမှုများ (Unresolved Emotions)

တစ်ခါတစ်ရံမှာ ကွယ်လွန်သူကို အိပ်မက်မက်တာဟာ အပြစ်ရှိသလို ခံစားရတာ၊ ဒေါသ၊ နောင်တ ဒါမှမဟုတ် ပြောချင်တာတွေ မပြောလိုက်ရတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

စိတ်ပညာရှင် Carl Jung က အိပ်မက်ဆိုတာ “မသိစိတ်ရဲ့ သဘာဝဖော်ပြချက်” လို့ ဆိုပါတယ်။ နိုးနေချိန်မှာ ဖိနှိပ်ထားရတဲ့ ခံစားချက်တွေဟာ အိပ်မက်ထဲမှာ သင်္ကေတပုံစံနဲ့ ထွက်ပေါ်လာတာပါ။

ဥပမာ . . . လူတစ်ယောက်ဟာ သူ့အဖေ မဆုံးခင်မှာ စကားများ ရန်ဖြစ်ခဲ့တယ်။ အဖေဆုံးပြီးတဲ့နောက် အဖေက အိပ်မက်ထဲမှာ သူ့ကို စိတ်ဆိုးနေတဲ့ ပုံစံမျိုး ခဏခဏ မက်ပါတယ်။

ဒါဟာ အဖေက တကယ်လာခြောက်တာ၊ လာအိပ်မက်ပေးတာမျိုး မဟုတ်ပါဘူး။ ထိုလူရဲ့ စိတ်ထဲမှာ ရှိနေတဲ့ နောင်တက အဖေ့ပုံရိပ်ကို အသုံးပြုပြီး ထွက်ပေါ်လာတာမျိုးပါ။

ဒီလိုအချိန်အတွက်တော့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ခြင်းဟာ အကောင်းဆုံးကုထုံး ဖြစ်ပါတယ်။
.

၄။ အိပ်မက် အမျိုးအစားနှစ်မျိုး

ကွယ်လွန်သူနဲ့ပတ်သက်တဲ့ အိပ်မက်တွေကို အဓိကအားဖြင့် နှစ်မျိုးခွဲခြားလေ့ ရှိပါတယ်။

ပထမတစ်မျိုးက နှစ်သိမ့်မှုပေးတဲ့ အိပ်မက်ဖြစ်ပြီး ကွယ်လွန်သူက ငြိမ်းချမ်းစွာ၊ ပြုံးရွှင်စွာ ပေါ်လာပြီး စိတ်အေးချမ်းမှုကို ပေးတတ်ပါတယ်။ ဒီလိုအိပ်မက်မျိုးက ဝမ်းနည်းပူဆွေးမှုကို သက်သာစေပြီး စိတ်ပိုင်းဆိုင်ရာ အနာကျက်ဖို့ ကူညီပေးပါတယ်။

ဒုတိယတစ်မျိုးက စိတ်ဒဏ်ရာရ အိပ်မက်ဖြစ်ပြီး ကွယ်လွန်စဉ်က ထိတ်လန့်စရာမြင်ကွင်းတွေ၊ စိတ်ဆိုးနေသော ပုံရိပ်တွေ ထပ်ခါထပ်ခါ မက်တတ်ပါတယ်။ ဒီလိုအိပ်မက်မျိုးက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး တစ်ခါတစ်ရံမှာ စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုရောဂါ (PTSD) ရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။
.

၅။ ဒီလိုအိပ်မက်တွေကို ဘယ်လို ရင်ဆိုင်မလဲ။

သေဆုံးပြီးသူကို အိပ်မက်မက်တာဟာ ယေဘုယျအားဖြင့် ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပေမယ့် အောက်ပါနည်းလမ်းတွေက စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီအောင် ကူညီပေးနိုင်ပါတယ်။

(က) လက်ခံပါ။

ဒါဟာ ဦးနှောက်က ကိုယ့်ကို ကုစားပေးနေတာလို့ မှတ်ယူပါ။ ကွယ်လွန်သူကို အိပ်မက်မက်တာဟာ ကိုယ်ဟာ ချစ်တတ်တဲ့သူ၊ သံယောဇဥ်ကြီးသူဖြစ်ပြီး ဆုံးရှုံးခြင်းကို ကျော်လွှားဖို့ ကြိုးစားနေတယ်ဆိုတဲ့ လက္ခဏာပါ။
.

(ခ) မှတ်တမ်းတင်ပါ။

အိပ်ရာနိုးပြီးချင်း အိပ်မက်ထဲက ခံစားချက်၊ မြင်ကွင်း၊ စကားလုံးတွေကို စာရွက်မှာ ချရေးကြည့်ပါ။

ဒါဟာ ကိုယ့်အတွင်းစိတ်မှာ ဘာတွေ လိုအပ်နေလဲ ဘာတွေဖြစ်နေလဲဆိုတာ သိဖို့ ကူညီပေးပါလိမ့်မယ်။
.

(ဂ) ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ။

အိပ်မက်က နောင်တ၊ အပြစ်ရှိစိတ်တွေ ပါလာရင် အတိတ်ကို ပြန်မပြောင်းလဲနိုင်တော့ဘူးဆိုတာ လက်ခံပါ။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပေးခြင်းဟာ ဒီလိုအိပ်မက်တွေ လျော့ပါးသွားစေဖို့ အရေးကြီးဆုံးခြေလှမ်းပါပဲ။
.

၆။ ဘယ်အချိန်မှာ စိတ်ပညာရှင်၊ ဆရာဝန်နဲ့ ပြသင့်လဲ။

  • အိပ်မက်က နိုးပြီးချိန်အထိတောင် ထိတ်လန့်တုန်လှုပ်စေပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေခြင်း။
  • အိပ်မက်ထဲက မြင်ကွင်းတွေကို နေ့ခင်းဘက် မအိပ်တဲ့အချိန်တွေမှာ ပြန်လည်တွေးတောမိခြင်း။
  • ကွယ်လွန်ပြီး ၆ လကျော်တဲ့အထိ အိပ်မက်တွေက ပိုဆိုးလာခြင်း သို့မဟုတ် လုံးဝမသက်သာခြင်း။
* အိပ်မက်ကြောင့် အိပ်ရေးပျက်ပြီး စိတ်ကျရောဂါလက္ခဏာများ ပြလာခြင်း (ဥပမာ – အစားပျက်ခြင်း၊ အလုပ်အာရုံ စူးစိုက်မရခြင်း၊ ဘဝကို မနေပျော်ခြင်း) . . . စတာတွေကိုတော့ သတိထားသင့်ပါတယ်။

သေသူတွေက အိပ်မက်ပေးတာလားလို့ မေးရင်…

သေသူတွေက မဟုတ်ဘဲ ကိုယ့်ရဲ့မသိစိတ်က ချစ်ရသူနဲ့ ဆက်သွယ်မှုကို ပြန်လည်တည်ဆောက်ဖို့၊ မပြီးဆုံးသေးတဲ့ခံစားချက်တွေကို ဖြေရှင်းဖို့ အိပ်မက်ဆိုတဲ့ တွေ့ဆုံမှုကို ဖန်တီးပေးတာပါ။

ကွယ်လွန်သူကို အိပ်မက်မက်တဲ့အခါ မထိတ်လန့်ပါနဲ့။ အတွေးလည်း မများပါနဲ့။ ဒါဟာ ကိုယ့်ရဲ့စိတ်က ပူဆွေးသောကရောက်မှုရဲ့ အနာကျက်ဖို့အတွက် ကြိုးစားနေတဲ့ လက္ခဏာတစ်ခုဖြစ်လို့ပါပဲ။

ဒါဟာ လွမ်းဆွတ်မှု၊ နောင်တ ဒါမှမဟုတ် ချစ်ခြင်းမေတ္တာတွေကို ဦးနှောက်က အိပ်မက်ပုံရိပ်တွေအဖြစ် ပြောင်းလဲပြီး ကိုယ့်ရဲ့စိတ်ဒဏ်ရာကို ဖြေဖျောက်ပေးနေတာပါ။

ဒါကြောင့် ဒီအိပ်မက်တွေကို ကြောက်ရွံ့နေမယ့်အစား ကိုယ့်ရဲ့ အတွင်းစိတ်ခံစားချက်ကို နားလည်ပေးပါ။

စိတ်ကျန်းမာရေးကို ပိုဂရုစိုက်ပေးပါ။

အိပ်မက်ဆိုတာ ကျွန်မတို့ မပြောဖြစ်လိုက်တဲ့ စကားတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေတဲ့ ဘာသာစကားတစ်ခုပါပဲ…..။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here