✋ငြင်းပယ်ခံရခြင်း၏ အခြားတစ်ဖက်🤚
ကျွန်တော်တို့ အားလုံးဟာ ဘဝရဲ့ တစ်ထောင့်တစ်နေရာမှာတော့ ငြင်းပယ်ခံရခြင်းရဲ့ နာကျင်မှုကို မလွှဲမသွေ ကြုံခဲ့ဖူးကြမှာပါ။ မျှော်လင့်တကြီး ကမ်းလင့်ထားတဲ့ လက်တစ်စုံကို ကြိုဆိုမယ့်သူမရှိတဲ့ အခိုက်အတန့် ဒါမှမဟုတ် ပြတ်သားစွာ ငြင်းဆိုလိုက်တဲဲ့ “ဟင့်အင်း” ဆိုတဲ့ စကားလုံးတွေဟာ ရင်ဘတ်ထဲကို တိုက်ရိုက်ထိမှန် နာကျင်စေတဲ့ အရာတွေပါပဲ။
ဒီလိုအချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိတော့ဘူး၊ ကိုယ်ဟာ ဘယ်နေရာမှာမှ အသုံးမဝင်တော့ပါလားလို့ ခံစားရတတ်ပြီး လိုချင်တဲ့အရာတစ်ခုကို မရလိုက်ခြင်းထက် မိမိရဲ့ ဖြစ်တည်မှုတစ်ခုလုံးကို အငြင်းခံလိုက်ရသလို ပြင်းပြင်းထန်ထန် နာကျင်ရတတ်ပါတယ်။
ဒါပေမယ့် တကယ်တမ်း ဆန်းစစ်ကြည့်တဲ့အခါ ငြင်းပယ်ခံရခြင်းဆိုတာ ကျရှုံးမှုသက်သက် မဟုတ်ဘဲ ကျွန်တော်တို့ မသိသေးတဲ့ ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းသစ်တစ်ခုအတွက် ခြေလှမ်းအစလည်း ဖြစ်နေတတ်ပါတယ်။
လူ့ဘဝဆိုတာ မျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်တစ်လုံးဆိုရင် ငြင်းပယ်ခံရခြင်းဆိုတာ အဲဒီအိမ်ကို အကြင်နာကင်းမဲ့စွာ ဝင်တိုက်တဲ့ မုန်တိုင်းတစ်ခုပါပဲ။ ကိုယ်တအားလိုချင်ခဲ့တဲ့ အလုပ်အကိုင်တစ်ခုက ကိုယ့်ကို မရွေးချယ်ခဲ့တဲ့အခါ၊ ကိုယ်အမြတ်နိုးဆုံးချစ်ရသူက ကိုယ့်ရဲ့လက်ကိုတွဲဖို့ ငြင်းဆန်လိုက်တဲ့အခါ ဒါမှမဟုတ် ကိုယ်တန်ဖိုးထားတဲ့ အသိုက်အဝန်းတစ်ခုက ကိုယ့်ကို ဖယ်ကြဉ်လိုက်တဲ့အခါ အဲဒီအချိန်တွေမှာ ခံစားရတဲ့ နာကျင်မှုဟာ စကားလုံးတွေနဲ့ ဖော်ပြဖို့တောင် ခက်ခဲလွန်းလှပါတယ်။ ရင်ဘတ်ထဲမှာ ဟာလာဟင်းလင်း ဖြစ်သွားသလို လေဟာနယ်တစ်ခုထဲကို ထိုးကျသွားသလို ခံစားရတတ်ပါတယ်။
…
…
ဘာဖြစ်လို့ ငြင်းပယ်ခံရတဲ့အခါ ဒီလောက်တောင် နာကျင်ရတာလဲ။ စကားလုံးတစ်လုံး၊ စာကြောင်းတစ်ကြောင်း ဒါမှမဟုတ် တိတ်ဆိတ်သွားတဲ့ အမူအရာတစ်ခုက ဘာလို့ ရင်ဘတ်ထဲကို ဓားနဲ့မွှန်းလိုက်သလို နက်နက်ရှိုင်းရှိုင်း ဒဏ်ရာရစေတာလဲ။
ဒီမေးခွန်းအတွက် အဖြေဟာ ကျွန်တော်တို့ လူသားတွေရဲ့ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲတိုးတက်လာခဲ့တဲ့ ဆင့်ကဲဖြစ်စဉ် သမိုင်းကြောင်းထဲမှာ ရှိနေပါတယ်။
ရှေးပဝေသဏီကတည်းက လူဆိုတာ အုပ်စုဖွဲ့ ရှင်သန်ခဲ့ရတဲ့ သတ္တဝါတွေပါ။ အုပ်စုကနေ ဖယ်ကြဉ်ခံရခြင်း၊ ငြင်းပယ်ခံရခြင်းဆိုတာ တောနက်ကြီးထဲမှာ တစ်ယောက်တည်း အထီးကျန်စွာ ရှင်သန်နေထိုင်ရတော့မယ်၊ နောက်ဆုံးမှာလည်း တစ်ယောက်တည်း သေဆုံးရတော့မယ်လို့ ဆိုလိုလိုက်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ငြင်းပယ်ခံရမှုကို ရိုးရှင်းတဲ့ ဝမ်းနည်းမှုတစ်ခုအနေနဲ့ မမှတ်ယူဘဲ၊ “အသက်အန္တရာယ် ရှိနေပြီ” ဆိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်တတ်ကြပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရဆိုရင် လူတစ်ယောက် ငြင်းပယ်ခံရချိန်မှာ ဦးနှောက်က တုံ့ပြန်တဲ့ လမ်းကြောင်းဟာ ဓားရှတဲ့အခါ၊ မီးပူလောင်တဲ့အခါမျိုးမှာ ခံစားရတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုကို တုံ့ပြန်တဲ့လမ်းကြောင်းနဲ့ တစ်ထပ်တည်း ကျနေတာကို တွေ့ရပါတယ်။
ဆိုလိုတာက ငြင်းပယ်ခံရလို့ ရင်ကွဲနာကျတယ်ဆိုတာဟာ တင်စားချက်သက်သက် မဟုတ်ဘဲ ခန္ဓာကိုယ်ကပါ နာကျင်နေတဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခုအဖြစ် တုံ့ပြန်ခြင်း ဖြစ်ပါတယ်။
ဒီအချိန်မှာ ပျော်ရွှင်မှုဟော်မုန်းတွေဖြစ်တဲ့ ဒိုပါမင်း (Dopamine) နဲ့ အောက်စီတိုစင် (Oxytocin) တွေ ရုတ်တရက် ကျဆင်းသွားပြီး စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ ကော်တီဇော (Cortisol) တွေ အဆမတန် မြင့်တက်လာပါတယ်။ ဒါကြောင့် ငြင်းပယ်ခံလိုက်ရတဲ့အခါ အစားအသောက် ပျက်တာ၊ အိပ်မပျော်တာ၊ နေမထိ ထိုင်မသာဖြစ်တာ၊ ရင်ဘတ်ထဲက အောင့်နေသလို ခံစားရတာတွေဟာ ခန္ဓာကိုယ်ကြီးရဲ့ သဘာဝကျတဲ့ တုံ့ပြန်မှုတွေပဲ ဖြစ်ပါတယ်။
…
…
မေးစရာရှိလာတာက ဒီလောက်ပြင်းထန်တဲ့ စိတ်ရောကိုယ်ပါ နာကျင်ရမှုတွေကို ကျွန်တော်တို့ ဘယ်လို ဖြတ်သန်း ကျော်လွှားကြမလဲ ဆိုတာပါပဲ။
နာကျင်မှုဆိုတာ ထွက်ပြေးလို့ လွတ်တဲ့အရာ မဟုတ်သလို မျက်ကွယ်ပြုထားရုံနဲ့ ပျောက်ကွယ်သွားမယ့် အရာလည်း မဟုတ်ပါဘူး။ အဲဒီနာကျင်မှုတွေကို မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး ကိုယ့်အတွက် ခွန်အားဖြစ်အောင် ပြောင်းလဲပစ်ဖို့ပါပဲ။ ဒီလို ပြောင်းလဲနိုင်ဖို့အတွက် အောက်ပါ လမ်းစလေးတွေက သင့်ကို ကူညီပေးပါလိမ့်မယ်။
၁။ နာကျင်မှုကို အရှိအတိုင်း လက်ခံပါ။
ပထမဆုံးအနေနဲ့ နာကျင်မှုကို နာကျင်မှုအတိုင်း အသိအမှတ်ပြု လက်ခံပေးလိုက်ပါ။ ငြင်းပယ်ခံရလို့ ဝမ်းနည်းနေတာ၊ ကြေကွဲနေတာဟာ သဘာဝရဲ့ ဖြစ်စဥ်တစ်ခုပါပဲ။ “ငါ ဘာမှ မဖြစ်ဘူး၊ ခံနိုင်ရည် ရှိတယ်” လို့ ကိုယ့်ကိုယ်ကိုယ် လိမ်ညာပြီး ဖုံးကွယ်ထားတာက ဒဏ်ရာကို ပိုပြီးနက်ရှိုင်းသွားစေပါတယ်။
စိတ်ထွက်ပေါက် ပေးပါ။ ငိုချင်ရင် အားရပါးရ ငိုချလိုက်ပါ။ ဒဏ်ရာရထားတဲ့ နှလုံးသားကို အတင်းအဓမ္မ သန်မာချင်ယောင်ဆောင်ခိုင်းတာဟာ ကိုယ့်ကိုယ်ကိုယ် နောက်ထပ်တစ်ကြိမ်ပြန်ပြီး သောကပေးလိုက်တာပါပဲ။ ဒါကြောင့် ဒီအချိန်မှာ နာကျင်ခွင့်၊ ဝမ်းနည်းခွင့်ကို အပြည့်အဝ ပေးလိုက်ပါ။
.
၂။ မိမိကိုယ်ကိုယ် ကြင်နာပါ။
ဒုတိယအချက်အနေနဲ့တော့ နာကျင်နေတဲ့ ကိုယ့်ကိုယ်ကိုယ် နွေးထွေးစွာ ထွေးပွေ့ပေးဖို့ပါပဲ။ ခန္ဓာကိုယ်နဲ့ စိတ်က နာကျင်နေတဲ့ အခိုက်အတန့်မှာ အတင်းအကျပ် ချက်ချင်း မတ်တပ်ထရပ်ဖို့ မကြိုးစားပါနဲ့။ သင့်ရဲ့ အချစ်ဆုံး သူငယ်ချင်းတစ်ယောက် ဒီလို အခြေအနေမျိုး ကြုံတွေ့နေရရင် သင် ဘယ်လိုဖေးမကူညီပေးမလဲ။ အဲဒီ နွေးထွေးတဲ့မေတ္တာမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆက်ဆံပေးပါ။
ကြေကွဲနေချိန်မှာ “ငါညံ့လို့” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာမျိုးတွေ ရပ်တန့်ပါ။ အနာကျက်ဖို့အတွက် အချိန်တစ်ခု လိုအပ်တယ်ဆိုတာကို နားလည်ပေးပြီး ခဏလောက် ငြိမ်သက်စွာ အနားယူခွင့် ပေးလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ကြင်နာတတ်တဲ့ စိတ်ကလေးရှိခြင်းဟာ အရာရာကို ရင်ဆိုင်ရဲတဲ့ သတ္တိစိတ်ကလေး ရှိနေခြင်းနဲ့ အတူတူပါပဲ။
.
၃။ ခံစားချက်နဲ့ ကိုယ့်ဘဝဖြစ်တည်မှုကို သပ်သပ်စီ ရှိနေပါစေ။
လူတစ်ယောက်ယောက်က ကိုယ့်ကို ငြင်းပယ်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့စိတ်ဟာ အလွန်လွယ်ကူစွာနဲ့ပဲ အဲဒီငြင်းပယ်မှုကို ကိုယ့်ရဲ့တန်ဖိုးနဲ့ သွားပြီးချိတ်ဆက်ပစ်လိုက်တတ်ပါတယ်။ “သူ ငါ့ကို မရွေးချယ်တာ ငါက ညံ့နေလို့၊ ငါ့မှာ အရည်အချင်းမရှိလို့” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြစ်တင်ဒဏ်ခတ်တတ်ကြပါတယ်။
တကယ်တော့ ငြင်းပယ်ခံရခြင်း ဆိုတာဟာ ကိုယ့်ဘဝရဲ့တန်ဖိုးကို သတ်မှတ်ပေးလိုက်တာ မဟုတ်ပါဘူး။ ပဟေဠိအတုံးလေး တစ်တုံးဟာ နေရာမှားပြီး တပ်ဆင်မိလို့ အံဝင်ခွင်ကျ မဖြစ်သွားတဲ့အခါ အဲဒီပဟေဠိ အတုံးလေးမှာ အပြစ်မရှိပါဘူး။ သူနဲ့ ကိုက်ညီမယ့်နေရာ မှန်ကန်စွာ မရောက်သေးတာပဲ ဖြစ်ပါတယ်။ အခြေအနေတစ်ခု၊ လူတစ်ယောက်ရဲ့ လိုအပ်ချက်နဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုဟာ အဲဒီအချိန်မှာ “မကိုက်ညီခဲ့ခြင်း” ဆိုတာကိုသာ နားလည်ထားရပါမယ်။
.
၄။ နေရာလွတ်ကလေး ဖန်တီးထားပါ။
လူ့သဘာဝအရ ကျွန်တော်တို့ဟာ အားလုံးရဲ့ လက်ခံမှုကို လိုချင်ကြတယ်။ ဒါပေမယ့် လူတိုင်းလိုချင်တဲ့ ပုံစံအတိုင်း လိုက်ပြီးနေမယ်၊ လူတိုင်း လက်ခံလာအောင် ကိုယ့်ရဲ့ စစ်မှန်တဲ့ ဖြစ်တည်မှုကို ဖုံးကွယ်ပြီး ဟန်ဆောင်နေထိုင်မယ်ဆိုရင် ရေရှည်မှာ ကိုယ်မဟုတ်တဲ့ ဘဝကြီးတစ်ခုထဲမှာ အသက်ရှူကျပ်စွာ ရှင်သန်ရပါလိမ့်မယ်။
ကိုယ့်ရဲ့ စစ်မှန်တဲ့ပုံစံအတိုင်း ရပ်တည်တဲ့အခါမှာ ရောက်လာတဲ့ ငြင်းပယ်မှုတွေဟာ တကယ်တော့ သဘာဝတရားရဲ့ လက်ဆောင်တစ်ခုပါ။ အဲဒီ ငြင်းပယ်မှုတွေက ကိုယ့်ဘဝထဲကို မဝင်ရောက်သင့်တဲ့ အရာတွေ၊ ကိုယ်နဲ့ ရေရှည်လက်တွဲဖို့ မသင့်တော်တဲ့လူတွေကို အလိုအလျောက် စစ်ထုတ်ပေးသွားပါတယ်။ အနာဂတ်မှာ ရောက်လာမယ့် အမှန်တကယ် ထိုက်တန်တဲ့ အရာတွေ၊ လူတွေအတွက် နေရာလွတ်တစ်ခုကို ကြိုတင်ဖန်တီးပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။
.
၅။ လမ်းကြောင်းပြောင်းခြင်း
ငြင်းပယ်ခံရတိုင်း ပိတ်သွားတဲ့ တံခါးတစ်ချပ်ရဲ့ နောက်ကွယ်မှာ ကိုယ့်အတွက် ပိုပြီး သင့်တော်မယ့် တံခါးတစ်ချပ်က အမြဲတမ်း စောင့်ကြိုနေတတ်ပါတယ်။ ကိုယ်လိုချင်တဲ့ လမ်းကြောင်းတစ်ခု ပိတ်ဆို့သွားတာဟာ တကယ်တော့ ကိုယ့်ကို ပိုမိုမှန်ကန်တဲ့ လမ်းကြောင်း၊ ကိုယ်နဲ့ကိုက်ညီတဲ့ လမ်းကြောင်းသစ်တစ်ခုဆီ ဆွဲခေါ်သွားဖို့ ကြိုးစားနေတာပါ။ ပိတ်သွားတဲ့ တံခါးတိုင်းဟာ ကိုယ့်အတွက်မဟုတ်တဲ့ လမ်းကြောင်းတွေဆီ ဆက်မလျှောက်မိအောင် တားဆီးပေးလိုက်တဲ့ အကာအကွယ်တစ်ခု ဖြစ်ပါတယ်။ အဲဒီ လမ်းကြောင်းသစ်ကို မြင်တွေ့နိုင်ဖို့ဆိုရင်တော့ ပိတ်သွားတဲ့တံခါးရှေ့မှာ ခေါင်းငုံ့ပြီး အကြာကြီး ပူဆွေးဝမ်းနည်းမနေမိဖို့ပဲ လိုအပ်ပါတယ်။
.
၆။ သင်ခန်းစာယူပါ။
နာကျင်မှုဆိုတာ ဘဝရဲ့ အကောင်းဆုံး ဆရာတစ်ဆူပါပဲ။ စိတ်ခံစားချက်တွေ နည်းနည်းတည်ငြိမ်သွားတဲ့အခါ အတိတ်ကို ပြန်လှည့်ကြည့်ပြီး ရင့်ကျက်မှုအမြင်နဲ့ ဆန်းစစ်ကြည့်ပါ။ ငြင်းပယ်ခံရခြင်းက ကျွန်တော်တို့အတွက် အဖိုးတန်တဲ့ သင်ခန်းစာတွေ ချန်ထားခဲ့တတ်ပါတယ်။ “ဒီအတွေ့အကြုံက ငါ့ရဲ့ အားနည်းချက်ကို ဘယ်လို ပြင်ဆင်ခွင့် ပေးလိုက်တာလဲ” လို့ ရှာဖွေခြင်းအားဖြင့် ကိုယ်တကယ်လိုချင်တာက ဘာလဲဆိုတာကို ပိုပြီး ရှင်းလင်းပြတ်သားစွာ မြင်လာစေပါတယ်။
.
၇။ မိမိကိုယ်ကိုယ် ပိုမိုသိမြင်နိုင်ပါစေ။
ငြင်းပယ်ခံရတဲ့အခါ “ငါ ဘာလို့ ဒီလောက်တောင် ဖြစ်နေရတာလဲ” လို့ ကိုယ့်စိတ်ကို ပြန်လည် ဆန်းစစ်တဲ့ မေးခွန်းလေးကနေတစ်ဆင့် ကိုယ့်ရဲ့ အနက်ရှိုင်းဆုံးသော ဆန္ဒတွေ၊ တန်ဖိုးထားမှုတွေ၊ မလုံခြုံမှုတွေနဲ့ ကြောက်ရွံ့မှုတွေကို ပိုမို နားလည်လာစေပါတယ်။
ကျွန်တော်တို့ဟာ အောင်မြင်နေချိန်ထက် ကျရှုံးနာကျင်နေချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ပိုပြီး အဖြေရှာမိတတ်ကြပါတယ်။ အဲဒီလို မိမိကိုယ်ကိုယ် သိရှိလာခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကုစားမှုအတွက် အင်မတန် အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။
.
၈။ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည် တည်ဆောက်ပါ။
ကျွန်တော်တို့ အားလုံးဟာ ဘဝခရီးလမ်းမှာ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ အငြင်းပယ်ခံရမှုတွေကို ကြုံတွေ့ရဦးမှာပါ။ ဒါဟာ အသက်ရှင်သန်နေခြင်းရဲ့ သက်သေတစ်ခု ဖြစ်သလို ပိုမိုကောင်းမွန်တဲ့ မိမိကိုယ်ကိုယ် တည်ဆောက်ဖို့ ပေးအပ်လိုက်တဲ့ အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
သံမဏိတစ်ချောင်းဟာ မီးပူထဲမှာ ထပ်တလဲလဲ အထုအထောင်း ခံရမှသာ ပိုမိုမာကျောထက်မြက်တဲ့ ဓားတစ်လက် ဖြစ်လာသလို ငြင်းပယ်ခံရခြင်းရဲ့ နာကျင်မှုတွေကို ကြံ့ကြံ့ခံ ဖြတ်ကျော်ဖူးတဲ့ နှလုံးသားဟာလည်း ပိုမို သန်မာလာပါတယ်။ နောက်တစ်ခါ ဘယ်လို လောကဓံမျိုးနဲ့ ထပ်မံကြုံတွေ့ရပါစေ “ငါ ဖြတ်ကျော်နိုင်မှာပါ” ဆိုတဲ့ ယုံကြည်ချက် ခိုင်မာစွာ တည်ဆောက်လာနိုင်ပါတယ်။
…
…
ဒီတော့ တံခါးတစ်ချပ် သင့်ရှေ့မှာ ပိတ်သွားတဲ့အခါ အဲဒီနေရာမှာတင် ရပ်တန့်မနေလိုက်ပါနဲ့။ သင့်အတွက် မဟုတ်တဲ့ နေရာတစ်ခုကနေ ထွက်ခွာခွင့် ရလိုက်ပြီလို့ မှတ်ယူပါ။ ခဏ အနားယူပါ။ ပြီးရင် အသက်ကို ဝဝရှူ၊ ခေါင်းကိုမော့ပြီး ဆက်လျှောက်လိုက်ပါ။
ဘာပဲဖြစ်ဖြစ် သင်ဟာ ငြင်းပယ်ခံရမှုတစ်ခုရဲ့ တန်ဖိုးထက် အဆပေါင်းများစွာ ပိုတန်ဖိုးရှိတဲ့သူပါ။ ပိတ်သွားတဲ့ အဲဒီတံခါးရဲ့ အလွန်မှာ သင့်ကို အပြည့်အဝ လက်ခံကြိုဆိုမယ့်၊ သင့်ရဲ့တန်ဖိုးကို အမှန်တကယ် မြင်တွေ့နိုင်မယ့် ပိုမိုကျယ်ဝန်းလှပတဲ့ ကောင်းကင်ပြာကြီး တစ်ခုက အသင့်စောင့်ကြိုနေမှာ အသေအချာပါပဲ…..။
စေတနာဖြင့်
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

