အဆုံးစီရင်တဲ့ သတင်းတွေ ခပ်စိပ်စိပ် ကြားရဖတ်ရပြန်ပါပြီ။

မျက်စိရှေ့တင် ရေထဲခုန်ဆင်းသွားတာ
ကြည့်နေရင်းနဲ့ တံတားပေါ်က ခုန်ချသွားတာ
တူတူသတ်သေရအောင်ဆိုပြီး မိခင်က ကိုယ့်ရင်သွေးကို ပြန် လည်ပင်းညှစ်တာ
သေဆေးရှိလားဆိုပြီး ဆရာမတွေဆီ ဆေးလာတောင်းတာ..

ဒါတွေရဲ့ အရင်းခံက စိတ်ကျန်းမာရေးကြောင့်ပဲ မဟုတ်လား။ စိတ်ဓာတ်ကျခြင်းရဲ့ အဆိုးဆုံး အခြေအနေပေါ့လေ။

ကိုယ်တိုင်လည်း social media တွေမှာ သတင်းမီဒီယာတွေကို unfollow ထားရတယ်။ ဖတ်မိရင် ခံစားရလို့။

ဒါမယ့် unfollow ထားမိရင် အခြား တလရနဲ့ဆိုင်တာတွေ လွတ်သွားမှာ၊ မသိလိုက်မှာလည်း စိတ်ပူတတ်ကြတယ်မလား။

ဒါပေမယ့် လိုအပ်ပါတယ်… ဒါတွေကနေ ခဏအဝေးမှာ နေဖို့ပေါ့။ တစ်ပတ်၊ နှစ်ပတ်၊ တစ်လ စသဖြင့်။

ဒါတွေပဲ ဖတ်မိပါများရင်း စိတ်ကျဘက်ရောက်နေသူဆို ပိုဆိုးနိုင်လို့ပါ။

ကျွန်မကိုယ်တိုင်လည်း စိတ်ကျန်းမာရေးအကြောင်း ရေးသားနေတဲ့သူဆိုပေမယ့် ဒီလိုသတင်းမြင်ရတိုင်း “ငါ ဘာမှမလုပ်ပေးနိုင်ဘူးလား” လို့ တွေးမိတုန်းပါပဲ။ သက်ပြင်းချမိတုန်းပါပဲ။

ဒါပေမဲ့ သတိပြုစေချင်တာက ဒီအခြေအနေတွေဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အားနည်းချက်ကြောင့် မဟုတ်ဘူးဆိုတာပါ။ စိတ်ကျရောဂါ (Depression) ဟာ ထင်ထားတာထက် ပြင်းထန်နေတတ်ပါတယ် ။

ဒါကြောင့် ဒီဆောင်းပါးလေးမှာ ဒီရောဂါအကြောင်း နားလည်သင့်တဲ့အချက်တွေ၊ ကိုယ်တိုင် ဒါမှမဟုတ် ကိုယ့်အနီးကပ်သူတွေအတွက် ဘယ်လိုကူညီနိုင်တဲ့နည်းလမ်းတွေ ရှိသလဲဆိုတာကို ရိုးရိုးရှင်းရှင်း ပြောပြပေးချင်ပါတယ်။

၁။ စိတ်ဓာတ်ကျခြင်းဆိုတာ “စိတ်ညစ်ရုံ” မဟုတ်ပါဘူး။

လူအများစုက စိတ်ဓာတ်ကျတယ်ဆိုတာ “ဝမ်းနည်းနေတာ” ဒါမှမဟုတ် “အားငယ်နေတာ” ” စိတ်ညစ်နေတာ” လို့ ထင်တတ်ကြပါတယ်။ 

တကယ်တမ်းကျတော့ အဲ့ထက်မကပါဘူး။ ဒါဟာ ဦးနှောက်ထဲက ဓာတ်ပစ္စည်းတွေ မညီမျှတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။

ဥပမာပြောရရင် – ဆီးချိုသမားကို “သကြားမစားနဲ့” လို့ပြောရုံနဲ့ မပျောက်သလို၊ စိတ်ဓာတ်ကျနေတဲ့သူကို “အားတင်းထား” “တရားမှတ်” လို့ပြောရုံနဲ့လည်း မပျောက်နိုင်ပါဘူး။ တစ်ခါတလေ ဒီစကားတွေက ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေပါတယ်။

ဒါကြောင့် ပထမဆုံးလုပ်ရမှာက ဒါဟာ အပြစ်မဟုတ်ဘူးဆိုတာ နားလည်ဖို့ ဖြစ်ပါတယ်။

၂။ စိတ်ဓာတ်ကျနေသူတစ်ယောက် တကယ်ခံစားနေရတဲ့အရာ။

လေ့လာချက်တွေအရ စိတ်ဓာတ်ကျနေသူအများစုဟာ “သေချင်တာ” မဟုတ်ဘဲ “ဒီလောက်ကြီး နာကျင်နေရတာကနေ လွတ်မြောက်ချင်တာ” ဖြစ်ပါတယ်။

သူတို့ရဲ့ခံစားချက်ကို ရိုးရိုးရှင်းရှင်း နားလည်အောင် ဒီလိုစဉ်းစားကြည့်ပါ။

ခေါင်းက တစ်နေ့လုံး “မင်း အသုံးမကျဘူး” “ဘာမှမလုပ်နိုင်ဘူး” “လူတိုင်းက မင်းကိုမုန်းတယ်” ဆိုတဲ့ အသံတွေပဲ ကြားနေတယ်လို့ စိတ်ကူးယဉ်ကြည့်ပါ။ 

ဒီအသံတွေကို ပိတ်ထားလို့ မရဘူး။ နားကြပ်တပ်လို့လည်းမရဘူး။ အဲဒီအခါ လွတ်မြောက်ဖို့ တစ်ခုတည်းသောနည်းလမ်းက ဘာမှမခံစားရတော့တဲ့ အခြေအနေကို ရောက်ဖို့ပဲရှိတယ်လို့ ထင်လာတတ်ပါတယ်။

ဒါကြောင့် သူတို့ကို ကူညီချင်ရင် “ဘာဖြစ်လို့ ဒီလောက်အားငယ်နေတာလဲ” လို့မေးတာထက် “မင်း ခုလက်ရှိခံစားနေရတာ သိပ်ကို ခက်ခဲတယ်မလား။ ငါ မင်းဘေးမှာရှိတယ်နော်” လို့ ပြောပေးတာက ပိုအဓိပ္ပာယ်ရှိပါတယ်။

၃။ သတင်းဆိုးတွေကြားထဲက ကိုယ့်စိတ်ကျန်းမာရေးကို ဘယ်လိုကာကွယ်မလဲ။

ဒီနေ့ခေတ်မှာ သတင်းတွေအများစုက ဘယ်တော့မှ မကောင်းတဲ့အကြောင်းတွေချည်းပဲ (ကောင်းသတင်းက အင်မတန် ရှားလာပါတယ်)။ ကြည့်ရင်းနဲ့ ကိုယ်တိုင်ပါ စိတ်ပင်ပန်း ဖြစ်လာတတ်ပါတယ်။ ဒါကို ကာကွယ်ဖို့ အောက်ပါနည်းလမ်းလေးတွေ လက်တွေ့ကျင့်ကြည့်ပါ။

(က) သတင်းကို အချိန်သတ်မှတ်ပြီး ကြည့်ပါ။

တစ်နေ့ကို သတင်းကြည့်ချိန် မိနစ် ၃၀ ဒါမှမဟုတ် ၁ နာရီပဲ သတ်မှတ်ပါ။ ကျန်တဲ့အချိန်တွေမှာ ဖုန်းကို ဖယ်ထားပါ။ ဥပမာ – မနက်စာစားချိန်နဲ့ ညအိပ်ရာမဝင်ခင် နာရီဝက်လောက်ပဲ သတင်းကြည့်မယ်ဆိုပြီး စည်းကမ်းချမှတ်ပါ။
.

(ခ) Digital Detox လုပ်ပါ။

တစ်ပတ်ကို တစ်ရက်လောက် ဖုန်း၊ ကွန်ပျူတာ လုံးဝမသုံးဘဲနေတာမျိုး စမ်းကြည့်ပါ။ အစက ခက်ပေမယ့် စိတ်က သိသိသာသာ ပေါ့ပါးလာတာ ကိုယ်တိုင် ခံစားရပါလိမ့်မယ်။
.

(ဂ) ကိုယ့်စိတ်ကို အခြားအရာတွေနဲ့ ဖြည့်ပါ။

သတင်းတွေအစား စာအုပ်တစ်အုပ်ဖတ်ပါ။ ရုပ်ရှင်တစ်ကားကြည့်ပါ။ သီချင်းနားထောင်ပါ။ သစ်ပင်လေးတွေ  ရေလောင်းပါ။ သေးသေးလေးဖြစ်ပေမယ့် ဒီအလုပ်တွေက စိတ်ကို တည်ငြိမ်လာစေပါတယ်။
.

(ဃ) ရင်ဖွင့်ဖို့ ဝန်မလေးပါနဲ့။

အရမ်းမွန်းကျပ်လာရင် သူငယ်ချင်း၊ မိသားစုဝင်တစ်ယောက်ယောက်ကို ပြောပြပါ။ လိုအပ်ရင် တယ်လီကျန်းမာလို စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေကို ဆက်သွယ်ပါ။ အကူအညီတောင်းတာ အားနည်းချက်မဟုတ်ဘဲ သတ္တိရှိတဲ့အပြုအမူပါ။

၄။ ကိုယ့်အနီးကပ်သူတစ်ယောက် စိတ်ဓာတ်ကျနေရင် ဘယ်လိုကူညီမလဲ။

အရေးကြီးဆုံးက စကားနားထောင်ပေးဖို့ပါ။

  • မဆုံးမပါနဲ့ – “မင်းဒီလိုမလုပ်သင့်ဘူး” စတဲ့စကားမျိုး ရှောင်ပါ။
  • မနှိုင်းယှဉ်ပါနဲ့ – “ငါက မင်းထက်ပိုဆိုးတဲ့ အချိန်တွေရှိဖူးတယ်” လို့မပြောပါနဲ့။
  • အကြံမပေးခင် နားထောင်ပါ – “ငါထင်တာကတော့…” မစခင် “မင်းခံစားချက်ကို ငါနားလည်အောင်ကြိုးစားမယ်” လို့ ပြောပါ။
  • အတူရှိပေးပါ – “ဘာမှမပြောချင်ရင် မပြောနဲ့။ ငါမင်းဘေးမှာရှိတယ်” ဆိုတာက စကားတွေအများကြီး ပြောတာထက် ပိုကောင်းပါတယ်။

နိဂုံးချုပ်အနေနဲ့…

သေဆေးရှာနေတဲ့အဖွားကို ကျွန်မတို့ ပေးနိုင်တဲ့အကူအညီက ဆေးမဟုတ်ပါဘူး။ နားထောင်ပေးတဲ့နားရွက်တစ်စုံနဲ့ ဘေးမှာရှိနေတဲ့ ရင်ခွင်တစ်ခုပဲ ဖြစ်ပါတယ်။

ဘဝမှာ ကျွန်မတို့ မထိန်းချုပ်နိုင်တဲ့အရာတွေ အများကြီးရှိပေမယ့် ကိုယ့်ဘေးနားက လူတစ်ယောက်ရဲ့လက်ကို ဆုပ်ကိုင်ပေးဖို့နဲ့ ကိုယ့်စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ကတော့ ကျွန်မတို့လက်ထဲမှာပါ။

ဒီလိုခက်ခဲတဲ့အချိန်ကို အတူဖြတ်ကျော်ကြရအောင်ပါ။

သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ 
ကျွန်မတို့ ရှိနေပါတယ်……။

သင်၏စိတ်ကလေး ကျန်းမာစေဖို့ 
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here