ဒီမေးခွန်းလေးကို ဖြေကြည့်ပါ။

အသက် ၃၀၊ ၄၀ အရွယ် လူကြီးတစ်ယောက်က ကိစ္စသေးသေးလေးတစ်ခု (ဥပမာ – ထမင်းဟင်း မကောင်းတာ၊ ဖုန်း message မပြန်တာ) လောက်နဲ့ ကလေးတစ်ယောက်လို ပေါက်ကွဲပြီး၊ ငိုယိုအော်ဟစ်တာကို မြင်ဖူးပါသလား။

ဒါမှမဟုတ် ကိုယ်တိုင်ရော လူကြီးဖြစ်နေပါလျက်နဲ့ တချို့ကိစ္စတွေမှာ ဘာလို့ ဒီလောက်တောင် စိတ်ကောက်လွယ်၊ ဝမ်းနည်းလွယ် ဖြစ်နေရတာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ဖူးသလား။

ကျွန်တော်တို့ အားလုံးရဲ့ ရင်ထဲမှာ လူကြီးတစ်ယောက် (Adult Self) ရှိသလို၊ တစ်ချိန်တည်းမှာပဲ ဘယ်တော့မှ အသက်မကြီးသွားတဲ့ “ ကလေးငယ်တစ်ယောက်” (Child Self) လည်း ပုန်းအောင်းနေပါတယ်။ အဲဒီ ကလေးငယ်လေးကို စိတ်ပညာမှာ “ Inner Child” လို့ ခေါ်ပါတယ်။

သင့်ရဲ့စိတ်ခံစားမှုတွေကို နောက်ကွယ်ကနေ ကြိုးဆွဲနေတဲ့ အဲဒီကလေးငယ်လေးအကြောင်း ပြောပြပေးချင်ပါတယ်။

✳️ ရုရှား အရုပ်မလေးများ (The Russian Dolls)

ရုရှားအရုပ်မ (Matryoshka dolls) တွေကို မြင်ဖူးမှာပါ။ အကြီးဆုံးအရုပ်မကြီးကို ဖွင့်လိုက်ရင် အထဲမှာ အလတ်စား အရုပ်မလေး ရှိတယ်။ အဲဒါကို ထပ်ဖွင့်ရင် အငယ်လေး ရှိတယ်။ နောက်ဆုံးမှာ အသေးဆုံး အရုပ်လေးတစ်ရုပ် ရှိနေပါသေးတယ်။

လူတစ်ယောက်ရဲ့ စိတ်ကလည်း အဲဒီလိုပါပဲ။

မှန်ထဲမှာ မြင်နေရတဲ့ သင်ဟာ “ အကြီးဆုံး အရုပ်မကြီး” (လက်ရှိ အသက်အရွယ်) ဖြစ်ပေမယ့် သင့်ရဲ့ စိတ်ထဲမှာတော့

🌱 ၅ နှစ်အရွယ်က အချစ်ခံချင်တဲ့ ကလေးလေး

🌱 ၁၀ နှစ်အရွယ်က ကြောက်လန့်နေတဲ့ ကလေးလေး

🌱 ၁၅ နှစ်အရွယ်က ပုန်ကန်ချင်တဲ့ ကလေးလေး စတဲ့ အသက်ရွယ်အလိုက် ကလေးလေးတွေဟာ ပုန်းအောင်းနေတတ်ပါတယ်။

သူတို့အားလုံးဟာ ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ သင့်ရဲ့ မသိစိတ်ထဲမှာ အတူတကွ ရှင်သန်နေကြဆဲပါ။

✳️ အချိန်ခရီးသွားစက်

ပြဿနာက ဘယ်မှာ စသလဲဆိုတော့ . . .

ငယ်ငယ်တုန်းက သင်လိုချင်ခဲ့တဲ့ လိုအပ်ချက်တွေ မပြည့်ခဲ့ရင် ဒါမှမဟုတ် စိတ်ဒဏ်ရာတစ်ခုခု ရခဲ့ရင် သင့်ရင်ထဲက ကလေးငယ်လေးဟာ “ အဲဒီ အသက်အရွယ်မှာပဲ ရပ်တန့်ကျန်ရစ်ခဲ့တာ” (Frozen in time) ပါပဲ။ ဆိုလိုတာက ကလေးဘဝတုန်းက စိတ်ထိခိုက်ခဲ့ရတဲ့ အခိုက်အတန့်လေးကို တစ်သက်လုံး မှတ်မိနေတာမျိုးပါ။

လက်ရှိအချိန်မှာ တစ်ယောက်ယောက်က သင့်ကို အသံကျယ်ကျယ် အော်လိုက်တယ် ဆိုပါစို့။

အဲဒီ အဖြစ်အပျက်က “ လက်ရှိအချိန်” မှာ ဖြစ်နေပေမယ့် သင့်ရဲ့စိတ်ကတော့ “ အချိန်ခရီးသွားစက်” ကို စီးပြီး လွန်ခဲ့တဲ့ နှစ် ၂၀ ဆီကို ပြန်ရောက်သွားတာပါ။ အဖေဆူတုန်းက ကြောက်ခဲ့ရတဲ့ ၅ နှစ်အရွယ် ကလေးလေး ပြန်ဖြစ်သွားတာပါ။

ဒါကြောင့် လူကြီးဖြစ်နေပေမယ့် တုံ့ပြန်လိုက်တဲ့ စိတ်ကတော့ ၅ နှစ်အရွယ် ကလေးလို တုန်လှုပ်ချောက်ချား သွားရတာ ဖြစ်ပါတယ်။ ဒါဟာ “ လူကြီးဖြစ်တဲ့ သင်” ခံစားနေရတာ မဟုတ်ပါဘူး။ သင့်ရင်ထဲက “ ဒဏ်ရာရနေတဲ့ ကလေးငယ်” (Wounded Inner Child) က အော်ဟစ်ငိုယိုနေတာ ဖြစ်ပါတယ်။

✳️ Inner Child ရဲ့ လက္ခဏာများ

သင့်ရဲ့ Inner Child လေးက ဒဏ်ရာရနေရင် ဒီလို လက္ခဏာတွေ ပြတတ်ပါတယ်။

၁။ ကလေးဆန်သော တုံ့ပြန်မှုများ

စိတ်ဆိုးရင် ဘယ်သူနဲ့မှ စကားမပြောဘဲ နေလိုက်တာ၊ တံခါးကို ဆောင့်ပိတ်တာ၊ “ သူ ငါ့ကို မချစ်တော့ဘူး” ဆိုပြီး ဒရမ်မာခင်းတာတွေဟာ လူကြီးရဲ့အပြုအမူ မဟုတ်ပါဘူး။ ဂရုစိုက်ခံချင်တဲ့ ကလေးရဲ့ အပြုအမူပါ။ ဒါဟာ ကိုယ့်ခံစားချက်ကို စကားလုံးနဲ့ ဖွင့်ပြောဖို့ ခက်ခဲနေတဲ့အခါ၊ တစ်ဖက်လူက ကိုယ့်ကို အလိုလို နားလည်ပေးပါစေဆိုပြီး မျှော်လင့်နေတဲ့ စိတ်အခံပါ။ ပြဿနာကို ရင်ဆိုင်ဖြေရှင်းချင်တာထက် “ ငါ့ကို လာချော့ပါ” ဆိုတဲ့ ဆန္ဒက ပိုပြီး လွှမ်းမိုးနေတတ်ပါတယ်။
.

၂။ လူကောင်းလေး ဖြစ်ချင်ခြင်း

“ ငါ လိမ္မာမှ အမေချစ်မှာ” ဆိုတဲ့ အသိ ဝင်နေတဲ့ ကလေးဟာ ကြီးလာတဲ့အခါ သူများစိတ်တိုင်းကျ လိုက်နေပေးတတ်ပါတယ်။ “ No” လို့ ငြင်းရမှာ ကြောက်တယ်။ ငြင်းလိုက်ရင် သူတို့ ငါ့ကို ပစ်သွားမှာပဲလို့ စိုးရိမ်နေတတ်ပါတယ်။ ကိုယ့်လိုအပ်ချက်ထက် သူများအဆင်ပြေဖို့ကိုပဲ ဦးစားပေးနေမိလို့ ကိုယ်တိုင် ပင်ပန်းဆင်းရဲနေရတာတောင် မငြီးတွားရဲပါဘူး။ အခြားသူတွေ စိတ်ဆိုးသွားရင် ကိုယ့်တန်ဖိုး ကျသွားသလို ခံစားရပြီး၊ အမှားမလုပ်ဘဲနဲ့တောင် “ တောင်းပန်ပါတယ်” ဆိုတဲ့ စကားကို တွင်တွင်သုံးနေတတ်ပါတယ်။
.

၃။ ဆော့ကစားဖို့ မေ့နေခြင်း

Inner Child ဒဏ်ရာရနေရင် ဘဝကြီးက လေးလံနေပါတယ်။ ပျော်ရွှင်ဖို့ မေ့နေတယ်။ ရယ်မောဖို့ ခက်ခဲတယ်။ အရာရာကို တည်တည်တံ့တံ့ကြီးပဲ လုပ်နေတတ်ပါတယ်။ အနားယူတာ၊ အားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါးနေတာမျိုး လုပ်မိရင် “ အလကားအချိန်ဖြုန်းနေသလို” ခံစားရပြီး အပြစ်ရှိစိတ် ဝင်နေတတ်ပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းတွေ ပျောက်ဆုံးပြီး၊ နေ့စဉ်ဘဝဟာ ခံစားချက်မရှိတဲ့ စက်ရုပ်တစ်ရုပ်လိုပဲ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှပါတယ်။
.

၄။ စွန့်ပစ်ခံရမှာ ကြောက်ခြင်း

ချစ်သူခင်သူတွေနဲ့ ဝေးရမှာ၊ သူတို့ ကိုယ့်ကို ထားခဲ့မှာကို အကြောင်းမဲ့ စိုးရိမ်ပူပန်နေတတ်ပါတယ်။ တစ်ဖက်လူက message ပြန်တာ နည်းနည်းလေး နောက်ကျတာနဲ့ “ ငါ့ကို ငြိုငြင်နေပြီလား” ၊ “ ငါ့ကို ထားသွားတော့မှာလား” ဆိုပြီး ထိတ်လန့်တကြား ဖြစ်တာမျိုးပါ။ ဒါဟာ ငယ်ငယ်က မိဘရဲ့မေတ္တာကို ပြည့်ပြည့်ဝဝ မရခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ “ စိတ်မလုံခြုံမှု” ကနေ လာတာဖြစ်ပါတယ်။
.

၅။ ပြီးပြည့်စုံမှ ဖြစ်မယ်ဆိုတဲ့စိတ်

အမှားလုပ်မိမှာ သေလောက်အောင် ကြောက်ပြီး၊ ကိုယ့်တန်ဖိုးကို အောင်မြင်မှုနဲ့ပဲ တိုင်းတာနေတတ်ပါတယ်။ “ ငါ တော်မှ၊ ငါ အောင်မြင်မှ လူရာဝင်မယ်” လို့ ယုံကြည်နေတာပါ။ ငယ်ငယ်က အမှတ်ကောင်းမှ၊ ဆုရမှ၊ မိဘဂုဏ်ကို ဆောင်နိုင်မှ အချစ်ခံခဲ့ရတဲ့ ကလေးတွေမှာ ဒီဒဏ်ရာ တွေ့ရတတ်ပါတယ်။ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ကျေနပ်လေ့ မရှိပါဘူး။
.

၆။ ဘယ်သူ့ကိုမှ အားမကိုးချင်တာ

“ ငါ့ကိစ္စ ငါလုပ်မယ်၊ ဘယ်သူ့အကူအညီမှ မလိုဘူး” ဆိုပြီး အရာရာကို တစ်ယောက်တည်း ကြိတ်မှိတ် လုပ်ဆောင်နေတတ်ပါတယ်။ ဒါဟာ တကယ်တော့ အားကျတာ၊ တော်တာ မဟုတ်ပါဘူး။ ငယ်ငယ်က အကူအညီတောင်းတုန်းက လစ်လျူရှုခံခဲ့ရဖူးလို့ “ သူများကို အားကိုးရင် စိတ်ပျက်ရမယ်” ဆိုတဲ့ အသိ ဝင်နေတာပါ။ သူများဆီက အကူအညီယူရမှာကို “ အားနာစရာ” လို့ မမြင်ဘဲ “ အန္တရာယ်” လို့ မြင်နေတဲ့ ကလေးရဲ့ အပြုအမူ ဖြစ်ပါတယ်။

✳️ ဒဏ်ရာတွေပဲ ရှိတာ မဟုတ်ပါ။

သင့်ရင်ထဲက ကလေးငယ်ဟာ ဒဏ်ရာတွေ၊ ကြောက်ရွံ့မှုတွေပဲ သယ်ဆောင်လာတာ မဟုတ်ပါဘူး။ သင့်ဘဝကို အောင်မြင်ပျော်ရွှင်စေမယ့် အဖိုးတန် ရတနာတွေလည်း သူ့ဆီမှာ ရှိနေပါသေးတယ်။

၁။ ဖန်တီးနိုင်စွမ်း

လူကြီးတွေက “ မဖြစ်နိုင်ဘူး” လို့ တွေးနေချိန်မှာ၊ ကလေးတွေကတော့ “ ဘာလို့ မဖြစ်ရမှာလဲ” လို့ တွေးတတ်ကြပါတယ်။ ပန်းချီဆွဲတာ၊ သီချင်းဆိုတာ၊ စာရေးတာလို အနုပညာတွေသာမက၊ လုပ်ငန်းခွင်ပြဿနာတွေကို ဘောင်အပြင်ကနေ စဉ်းစားပြီး ဖြေရှင်းနိုင်စွမ်း (Think Outside the Box) ဟာ သင့်ရင်ထဲက ကလေးငယ်ရဲ့ လက်ဆောင်ပါ။
.

၂။ စူးစမ်းလိုစိတ်

လောကကြီးမှာ သင်ယူစရာတွေ ကုန်သွားပြီလို့ ခံစားရရင် သင် အိုမင်းနေပါပြီ။ Inner Child ကျန်းမာနေသူတွေကတော့ အရာရာကို စိတ်ဝင်တစား ရှိနေတတ်ပါတယ်။ သူတို့ဟာ အသက်ဘယ်လောက်ကြီးကြီး အသစ်အဆန်းတွေကို သင်ယူဖို့ မရှက်သလို၊ မသိတာရှိရင် မေးမြန်းဖို့လည်း ဝန်မလေးတတ်ကြပါဘူး။
.

၃။ အူလှိုက်သည်းလှိုက် ရယ်မောနိုင်စွမ်း

အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိမှ ပျော်တတ်တာ လူကြီးတွေပါ။ ကလေးတွေကတော့ လိပ်ပြာလေးတစ်ကောင် ပျံသွားတာ မြင်ရင်တောင် ပျော်နိုင်ကြပါတယ်။ ဘဝရဲ့ အသေးအမွှားလေးတွေမှာ အဓိပ္ပာယ်ရှာတွေ့ပြီး၊ ဟန်ဆောင်မှုကင်းကင်းနဲ့ အားရပါးရ ရယ်မောနိုင်စွမ်းဟာ Inner Child နဲ့ ပြန်လည်သင့်မြတ်ထားသူတွေမှာပဲ ရှိပါတယ်။
.

၄။ ရိုးသားစစ်မှန်မှု

လူကြီးတွေက လူမှုရေးမျက်နှာဖုံးတွေ တပ်ထားရပေမယ့်၊ Inner Child ကတော့ ဟန်မဆောင်တတ်ပါဘူး။ “ ငါ ဝမ်းနည်းတယ်၊ ငါ ပျော်တယ်” ဆိုတာကို ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ရဲတဲ့ သတ္တိနဲ့ “ ငါဟာ ငါပဲ” ဆိုတဲ့ ကိုယ့်တန်ဖိုးကိုယ် သိမြင်ခြင်း (Self-acceptance) ဟာ သူ့ဆီက လာတာပါ။
.

၅။ ကြံ့ကြံ့ခံနိုင်စွမ်း

ကလေးတစ်ယောက် လမ်းလျှောက်သင်တုန်းက အခါခါ လဲကျပေမယ့် ပြန်ထဖို့ ဘယ်တော့မှ လက်မလျှော့ပါဘူး။ “ ငါ ရှက်စရာကြီးကွာ” လို့ မတွေးဘဲ ပြန်ထကြတာချည်းပါပဲ။ ဘဝရဲ့ လဲကျမှုတွေကနေ ပြန်လည်ရုန်းထနိုင်တဲ့ ဇွဲနဲ့ စိတ်ဓာတ်ခွန်အားဟာ Inner Child ကျန်းမာနေမှ ရနိုင်တာပါ။

✳️ Inner child လေးနဲ့ သင့်မြတ်အောင် ဘယ်လိုနေမလဲ။

သင့်မိဘတွေက သင့်ကို အကောင်းဆုံး မထားနိုင်ခဲ့ရင်တောင် အခုအချိန်မှာ သင့်မှာ အခွင့်အရေး ရှိပါသေးတယ်။ သင့်ရဲ့ inner child လေးကို ကုစားပေးလိုက်တာဟာ သင့်ဘဝရဲ့ အရောင်မှိန်နေတဲ့ ပျော်ရွှင်မှုတွေကို ပြန်လည်ဆေးခြယ်လိုက်တာပါပဲ။ အဲဒါကတော့ “ ကိုယ့်ကိုယ်ကိုယ် မိဘနေရာကနေ ပြန်လည်စောင့်ရှောက်ခြင်း” (Reparenting) ပါပဲ။

✅ (၁) ရှေးဦးသူနာပြုနည်း (First Aid / Grounding)

စိတ်လှုပ်ရှားလွန်းလို့၊ ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မယ့်အချိန်မှာ အရင်ဆုံး Grounding လုပ်ပါ။

အသက်ကို ဝဝရှူသွင်းလိုက်ပါ။

ပတ်ဝန်းကျင်က အရာဝတ္ထု ၅ ခုကို လိုက်ကြည့်ပြီး နာမည်တပ်လိုက်ပါ (ဥပမာ- ဒါ စားပွဲ၊ ဟိုဟာ ပန်းအိုး၊ ဒါ ရေခွက်…)။

ဒါဟာ Time Machine စီးပြီး အတိတ်ကို ရောက်နေတဲ့ သင့်စိတ်ကို ပစ္စုပ္ပန်တည့်အောင် ပြန်ခေါ်လိုက်တာပါပဲ။
.

✅ (၂) အသိအမှတ်ပြုပါ (Acknowledge)

စိတ်ငြိမ်သွားပြီဆိုရင် ကိုယ့်ရင်ဘတ်ကို လက်နဲ့ဖိပြီး မေးလိုက်ပါ။ “ သမီးလေး/သားသားလေး ဘာဖြစ်လို့လဲ။ ဘာကို ကြောက်နေတာလဲ။ ငါ ရှိတယ်လေ” ဆိုပြီးတော့ပေါ့။ သင့်ရဲ့ inner child‌ လေးကို လစ်လျူမရှုပါနဲ့။ ကလေးတစ်ယောက် ငိုရင် ချော့သလိုမျိုး၊ ကိုယ့်စိတ်ကို ပြန်ချော့ပါ။
.

✅ (၃) စာရေးပါ (Write a Letter)

သင့်ရဲ့ Inner Child ဆီကို စာတစ်စောင် ရေးပါ။ “ ချစ်ရတဲ့ ၅ နှစ်အရွယ် ငါ့ကိုယ်ငါ စာရေးလိုက်ပါတယ်။ မင်း အထီးကျန်ခဲ့တာ ငါသိတယ်။ အဖေနဲ့အမေ ရန်ဖြစ်တုန်းက မင်း ဘယ်လောက် ကြောက်ခဲ့မလဲ ငါ နားလည်တယ်။ အခု မင်း မကြောက်နဲ့တော့။ ငါ မင်းကို ကာကွယ်ပေးမယ်။ ငါ မင်းကို ချစ်တယ်” စသဖြင့် အားပေးပါ။

✅ (၄) ကစားပါ (Play)

လူကြီးဆိုတာ “ ပျော်ရွှင်ခွင့် ဆုံးရှုံးသွားသူ” မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ Inner Child ကို ပျော်အောင် ထားဖို့လိုပါတယ်။ မုန့်တွေ ပေပွအောင် စားချင်စားပါ။ သီချင်းဖွင့်ပြီး ကချင် ကလိုက်ပါ။ “ ဒါ ကလေးကလားတွေပါ” လို့ မတွေးပါနဲ့။ အဲဒီအချိန်မှာ သင့်ရင်ထဲက ကလေးငယ်လေး ပြုံးနေမှာ သေချာပါတယ်။
.

✅ (၅) ကျန်းမာသော စည်းကမ်းများ

မိဘကောင်းတစ်ယောက်ဟာ ကလေးကို ချစ်သလို၊ ကလေးကျန်းမာဖို့အတွက်လည်း စည်းကမ်းထားပေးတတ်ပါတယ်။ သင်ကိုယ်တိုင်လည်း သင့် Inner Child ကို ဂရုစိုက်တဲ့အနေနဲ့…

🌱 ညဘက် စောစောအိပ်ရာဝင်တာ

🌱 အာဟာရရှိတာ ရွေးစားတာ

🌱 ကိုယ့်ကို နာကျင်စေမယ့် လူတွေဆီကနေ ရုန်းထွက်တာတွေ လုပ်ပေးရပါမယ်။ ဒါဟာ ကိုယ့်ကိုယ်ကို ချစ်လို့ (Self-love) လုပ်ပေးတဲ့ ကာကွယ်စောင့်ရှောက်မှုတွေပါ။
.

✅ (၆) နူးညံ့စွာ ပြောဆိုပါ

ငယ်ငယ်က လူကြီးတွေ ဆူသလိုမျိုး ကိုယ့်ကိုယ်ကိုယ် ပြန်မဆူပါနဲ့။ အမှားတစ်ခု လုပ်မိတဲ့အခါ “ ငါက အသုံးမကျဘူး” လို့ ပြောမယ့်အစား “ ကိစ္စမရှိဘူးနော် သိလား၊ လူတိုင်း မှားတတ်တယ်။ နောက်တစ်ခါ ငါတို့ ပိုဂရုစိုက်ကြမယ်နော်” လို့ ပြောင်းပြောကြည့်ပါ။ သင့်ရဲ့ “ အတွင်းစိတ်အသံ” (Inner Voice) ကို ရက်စက်တဲ့ အာဏာရှင်အသံကနေ၊ ကြင်နာတတ်တဲ့ မိဘတစ်ယောက်ရဲ့ အသံအဖြစ် ပြောင်းလဲလိုက်တာပါ။
.

✅ (၇) စိတ်ကူးဖြင့် ပွေ့ဖက်ခြင်း

တစ်ယောက်တည်း ရှိနေချိန်မှာ မျက်လုံးလေး မှိတ်လိုက်ပါ။ သင့်စိတ်ထဲမှာ ငယ်ငယ်က (ဥပမာ – ၅ နှစ်အရွယ်) ကိုယ့်ပုံရိပ်လေးကို ပြန်မြင်ယောင်ကြည့်ပါ။ ပြီးရင် လက်ရှိ လူကြီးဖြစ်နေတဲ့ သင်က အဲဒီကလေးလေးဆီကို လျှောက်သွားပြီး တင်းနေအောင် ဖက်ထားလိုက်ပါ။

“ ငါ ရောက်လာပြီ၊ မင်း လုံခြုံသွားပြီ” လို့ စိတ်ထဲက ပြောပေးပါ။

ဒီနည်းလမ်းက ရိုးရှင်းပေမယ့် စိတ်ဒဏ်ရာတွေကို ကုစားရာမှာ အလွန်ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

✳️ ရင့်ကျက်ခြင်းဆိုတာ

Inner Child ကို ပြုစုပျိုးထောင်တယ်ဆိုတာ ကလေးစိတ်ပြန်ဝင်ပြီး ကလေးဆိုးကြီး လုပ်ပစ်လိုက်တာ မဟုတ်ပါဘူး။ “ ရင့်ကျက်တည်ငြိမ်တဲ့ လူကြီးစိတ်” နဲ့ “ လွတ်လပ်ပေါ့ပါးတဲ့ ကလေးစိတ်” ကို ပေါင်းစပ်လိုက်ခြင်းသာ ဖြစ်ပါတယ်။

ဒီလိုပေါင်းစပ်လိုက်တဲ့အခါ သင်ဟာ တာဝန်ယူတတ်တဲ့ လူကြီးတစ်ယောက် ဖြစ်လာသလို၊ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းတတ်တဲ့ လူသားတစ်ယောက်လည်း ဖြစ်လာပါလိမ့်မယ်။

မှန်ထဲကို ပြန်ကြည့်လိုက်ပါ။

အဲဒီ မျက်နှာကြီးက အိုစာသွားနိုင်ပေမယ့် အဲဒီ မျက်လုံးတွေထဲမှာတော့ အချစ်ခံချင်တဲ့၊ ဂရုစိုက်ခံချင်တဲ့၊ ပျော်ရွှင်ချင်တဲ့ ကလေးလေးတစ်ယောက် ရှိနေတုန်းပါပဲ။

သူ့ကို အခန်းထောင့်မှာ ပစ်မထားပါနဲ့တော့။

ပြန်ပွေ့ဖက်လိုက်ပါ။ သူ့လက်ကို တွဲလိုက်ပြီး‌တော့ သင့်နဲ့အတူ ခေါ်လာလိုက်ပါ။

“ မင်း တစ်ယောက်တည်း မဟုတ်ဘူးနော်၊ ငါတို့ အတူတူ ကြီးပြင်းကြမယ်” လို့ ပြောလိုက်ပါ။

သင့်ရင်ထဲက ကလေးငယ်လေး ငြိမ်းချမ်းစွာ အိပ်စက်နိုင်ပါစေ…..။

စေတနာဖြင့်
အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here