လူသားတို့၏ ဆက်သွယ်ပြောဆိုမှု (Communication) ဆိုသည်မှာ အလွန်နက်နဲသော အနုပညာတစ်ခု ဖြစ်ပါသည်။

‎ပုံမှန်အားဖြင့် ကျွန်ုပ်တို့သည် စကားတစ်ခွန်းကို မပြောဆိုမီ ဦးနှောက်ထဲတွင် အရင်စဉ်းစားသည်။ စကားလုံးများကို ရွေးချယ်သည်။ ပြီးမှသာလျှင် နှုတ်မှ ထုတ်ဖော်ပြောဆိုကြပါသည်။

‎သို့သော် တစ်ခါတစ်ရံတွင် ထိုလုပ်ငန်းစဉ်များကို ကျော်လွန်သွားပြီး တစ်ဖက်လူပြောလိုက်သည့် စကားလုံးများ၊ အသံနေအသံထားများကို မိမိ၏ စိတ်ဆန္ဒမပါဘဲ ပဲ့တင်သံ (Echo) တစ်ခုကဲ့သို့  ချက်ချင်း ပြန်လည်ပြောဆိုမိတတ်ပါသည်။

‎ဤကဲ့သို့သော အခြေအနေကို စိတ်ပညာနှင့် ဦးနှောက်အာရုံကြောဆေးပညာတွင် Echolalia ဟု ခေါ်ဆိုပါသည်။ ဤဝေဒနာသည် ဦးနှောက်၏ ဘာသာစကားဆိုင်ရာ လုပ်ဆောင်ချက် အပြောင်းအလဲတစ်ခုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
‎…
‎…

‎🍀 ဦးနှောက်နှင့် ဘာသာစကား၏ ဆန်းကြယ်မှု 🍀

‎ကျွန်ုပ်တို့ စကားပြောနိုင်ရန်အတွက် ဦးနှောက်၏ ဘယ်ဘက်ခြမ်းရှိ Broca’s Area (စကားပြောထုတ်လုပ်ရာနေရာ) နှင့် Wernicke’s Area (စကားကို နားလည်သဘောပေါက်ရာနေရာ) တို့က အဓိက လုပ်ဆောင်ပေးရပါသည်။

‎Echolalia ဖြစ်ပွားသူများတွင် တစ်ပါးသူ၏ စကားသံကို ကြားလိုက်ရသည့်အခါ “ နားလည်သဘောပေါက်ခြင်း” (Comprehension) အဆင့်သို့ မရောက်ရှိခင်မှာပင် “ ပြန်လည်ရွတ်ဆိုခြင်း” (Repetition) အဆင့်သို့ တိုက်ရိုက် ကူးပြောင်းသွားတတ်သည်။

‎တစ်နည်းအားဖြင့် ကြားလိုက်ရသော အသံလှိုင်းများသည် ဦးနှောက်၏ အဓိပ္ပါယ်ဖော်ဆောင်သည့် စစ်ဆေးဂိတ်ကို ဖြတ်သန်းခွင့်မရလိုက်ဘဲ ပါးစပ်မှ အလိုအလျောက် ပြန်ထွက်လာခြင်း ဖြစ်ပါသည်။

‎ဤသည်မှာ သူတစ်ပါးစကားကို ကူးယူထားသော စက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေသော်လည်း ၎င်းတို့၏ အတွင်းစိတ်ထဲတွင်မူ ကိုယ်ပိုင်စကားလုံးများကို ရှာဖွေရန် အလွန်ရုန်းကန်နေရကြောင်း နားလည်ပေးရန် လိုအပ်ပါသည်။
‎…
‎…

‎🍀 Echolalia အမျိုးအစားများ 🍀

‎Echolalia ကို အဓိကအားဖြင့် ပုံစံနှစ်မျိုး ခွဲခြားနိုင်ပါသည်။

‎👉 ချက်ချင်းတုံ့ပြန်သော ပဲ့တင်သံ (Immediate Echolalia)

‎တစ်ဖက်လူက စကားပြောပြီးပြီးချင်း စက္ကန့်ပိုင်းအတွင်း ပြန်ပြောခြင်းဖြစ်ပါသည်။

‎ဥပမာ – “ ထမင်းစားပြီးပြီလား” ဟု မေးလျှင် “ ထမင်းစားပြီးပြီလား” ဟု ချက်ချင်း ပြန်ဖြေခြင်း။ ဤနေရာတွင် သူသည် မေးခွန်းကို နားမလည်၍သော်လည်းကောင်း၊ အဖြေကို စဉ်းစားနေစဉ် အချိန်ဆွဲရန်အတွက်သော်လည်းကောင်း ပြန်ပြောခြင်း ဖြစ်နိုင်သည်။
‎.

‎👉 အချိန်ခြားမှ ပေါ်လာသော ပဲ့တင်သံ (Delayed Echolalia)

‎ကြားဖူးခဲ့သော စကားလုံးများ၊ တီဗီကြော်ငြာများ၊ ရုပ်ရှင်ထဲမှ စကားပြောများကို နာရီပိုင်း၊ ရက်ပိုင်း သို့မဟုတ် လပေါင်းများစွာကြာမှ ပြန်လည်ရွတ်ဆိုနေခြင်း ဖြစ်ပါသည်။

‎ဥပမာ – ကလေးတစ်ယောက်သည် စာသင်ခန်းထဲတွင် ထိုင်နေရင်း လွန်ခဲ့သောနှစ်ရက်က ကြည့်ခဲ့သည့် ကာတွန်းကားထဲမှ ပြောစကားများ (ဒိုင်ယာလော့ခ်များ) ကို တစ်ယောက်တည်း ရွတ်ဆိုနေခြင်း။ (၎င်းကို Scripting ဟုလည်း ခေါ်သည်)

‎ထိုသို့ပြုလုပ်ခြင်းသည် သူ၏ စိတ်ကို တည်ငြိမ်အောင် (Self-soothing) လုပ်ဆောင်နေခြင်း ဖြစ်နိုင်ပါသည်။
‎…
‎…

‎🍀 အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်ရသနည်း။ 🍀

‎Echolalia သည် အဓိပ္ပါယ်မဲ့သော လုပ်ရပ်မဟုတ်ပါ။ ခေတ်သစ်လေ့လာမှုများအရ “ စကားလုံးများကို တစ်လုံးချင်း မသင်ယူဘဲ အစုလိုက်သင်ယူခြင်း” ပုံစံတစ်မျိုး ဖြစ်နိုင်ပါသည်။

‎၎င်းတွင် ကွယ်ဝှက်နေသော ရည်ရွယ်ချက်များလည်း ရှိတတ်ပါသည်။

‎🌴 ပထမတစ်ချက်မှာ ပျင်းရိသည့်အခါ (သို့မဟုတ်) စိတ်လှုပ်ရှားမှု တစ်စုံတရာ လိုအပ်သည့်အချိန်မျိုးတွင် မိမိကိုယ်ကိုယ် ဖျော်ဖြေသည့်အနေဖြင့် အသံထွက်ရွတ်ဆိုလေ့ ရှိကြပါသည်။

‎🌴 ဒုတိယအချက်မှာ စိတ်ကို တည်ငြိမ်စေရန် ကြိုးစားကြခြင်း‌ ဖြစ်ပါသည်။ စိတ်ဖိစီးမှုများ၊ ကြောက်ရွံ့မှုများနှင့် ကြုံလာရသည့်အခါ မိမိရင်းနှီးပြီးသား စကားလုံးများကို ထပ်ကာတလဲလဲ ရွတ်ဆိုလိုက်ခြင်းအားဖြင့် စိတ်လုံခြုံမှုကို ပြန်လည်ရှာဖွေတတ်ကြသည်။

‎🌴 နောက်ဆုံးအချက်မှာ မိမိစိတ်ထဲက ဆိုလိုချင်သည့်အရာကို ကိုယ်ပိုင်စကားလုံးဖြင့် ထုတ်မပြောတတ်သေးသည့်အချိန်တွင် တစ်ဖက်လူ၏ စကားကို ပဲ့တင်ထပ်လိုက်ခြင်းအားဖြင့် “ ငါ မင်းပြောတာကို ကြားပါတယ်” ၊ “ ငါ့ကို ဂရုစိုက်ပေးပါ” ဟူ၍ အသိပေး ဆက်သွယ်နေခြင်းလည်း ဖြစ်နိုင်ပါသည်။
‎…
‎…

‎🍀 Echolalia နှင့် ဆက်စပ်နေသော အခြေအနေများ

‎Echopraxia (အမူအယာ တုပမိခြင်း) ကဲ့သို့ပင် Echolalia (သူများစကားကို လိုက်ပြောမိခြင်း) သည်လည်း အောက်ပါအခြေအနေများနှင့် တွဲဖက်တွေ့ရလေ့ရှိပါသည်။

‎👉 Autism Spectrum Disorder (ASD)

‎အော်တစ်ဇင် ကလေးငယ်အများစု (၇၅% ခန့်) သည် “ စကားပြောသင်ယူစ” အရွယ်တွင် Echolalia ကို တွေ့ကြုံရလေ့ရှိပါသည်။ ၎င်းသည် အဆိုပါကလေးငယ်တို့အတွက် ဘာသာစကားသင်ယူမှု၏ ခြေလှမ်းတစ်ခုလည်း ဖြစ်နိုင်ပါသည်။

‎.

‎👉 Tourette Syndrome

‎အလိုအလျောက် အသံထွက်သော Tics (Vocal Tics) အနေဖြင့် တစ်ဖက်လူ၏ စကားလုံး သို့မဟုတ် ဝါကျများကို လိုက်ပြောမိခြင်း ဖြစ်သည်။
‎.

‎👉 Aphasia and Stroke

‎လေဖြတ်ခြင်း သို့မဟုတ် ဦးနှောက်ထိခိုက်ခြင်းကြောင့် “ ဘာသာစကားစင်တာများ” ပျက်စီးသွားသူများသည် စကားပြန်လည်ပြောဆိုရန် ကြိုးစားရာတွင် ကြားရသည့်အသံကိုသာ အာရုံစိုက်ပြီး လိုက်ပြောမိတတ်ပါသည်။
‎.

‎👉 Anxiety and Stress

‎အလွန်အမင်း စိတ်လှုပ်ရှားနေသူ သို့မဟုတ် ကြောက်လန့်နေသူတစ်ဦးသည် မေးခွန်းတစ်ခုကို ဖြေရန် ခက်ခဲသွားသည့်အခါ မေးခွန်းကိုပင် ပြန်ရွတ်ဆိုမိတတ်ပါသည်။
‎…
‎…

‎🍀 လူမှုဘဝနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုများ 🍀

‎” ကြက်တူရွေးလို လိုက်ပြောနေတယ်” ဟူသော စကားသည် နားထောင်ရသူအတွက် ရယ်စရာဖြစ်နိုင်သော်လည်း ကာယကံရှင်နှင့် မိသားစုအတွက်မူ ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်ပါသည်။

‎😓 အထီးကျန်ဆန်ခြင်း

‎ကျောင်း သို့မဟုတ် လုပ်ငန်းခွင်တွင် သူတစ်ပါးစကားကို လိုက်ပြောမိသဖြင့် “ ရွဲ့သည်” ဟု အထင်မှားခံရကာ အပေါင်းအသင်းများ၏ ဖယ်ကြဉ်ခြင်းကို ခံရတတ်ပါသည်။
‎.

‎😰 မိမိဆန္ဒကို မထုတ်ဖော်နိုင်ခြင်း

‎” ဗိုက်ဆာသည်၊ နာကျင်သည်၊ ဝမ်းနည်းသည်” စသော ခံစားချက်များကို ကိုယ်ပိုင်စကားလုံးဖြင့် မပြောနိုင်ဘဲ သူများစကားကိုသာ လိုက်ပြောနေရသည့်အတွက် ပြင်းထန်သော စိတ်မွန်းကျပ်မှုကို ခံစားရစေသည်။
‎.

‎🤯 မိဘနှင့် ပြုစုသူများ၏ ဖိစီးမှု

‎တူညီသော စကားလုံးကို ထပ်ခါတလဲလဲ ကြားရခြင်းသည် ပြုစုစောင့်ရှောက်သူများအတွက် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပါသည်။
‎…
‎…
‎🍀 ကူညီဖြေရှင်းနိုင်မည့် နည်းလမ်းကောင်းများ 🍀

‎Echolalia ကို “ ပိတ်ပင်တားဆီးရမည့်အရာ” ဟု မမြင်ဘဲ “ ဆက်သွယ်မှု၏ အစပြုခြင်း” ဟု ရှုမြင်ခြင်းက ပိုမိုထိရောက်ပါသည်။

‎🌿 Modeling (အဖြေမှန်ကို ရှေ့က ထောက်ပေးခြင်း)

‎Echolalia ရှိသူများသည် မေးခွန်းမေးလျှင် မေးခွန်းကိုသာ ပြန်ပြောတတ်ကြသည်။ ထို့ကြောင့် သူတို့ပြောစေချင်သော စကားကို ရှေ့က စံပြ (Model) အနေဖြင့် ပြောပြရပါမည်။

‎ဥပမာ – ကလေးကို “ ရေသောက်မလား” ဟု မေးမည့်အစား ရေခွက်ကိုကမ်းပေးရင်း “ ရေသောက်မယ်” ဟု ပြောပြပါ။ ထိုအခါ သူက “ ရေသောက်မယ်” ဟု လိုက်ပြောပါလိမ့်မည်။ သူဆိုလိုချင်သော အဓိပ္ပါယ်နှင့် သူပြောသောစကား ထပ်တူကျသွားအောင် ကူညီပေးခြင်း ဖြစ်ပါသည်။
‎.

‎🌿 Speech and Language Therapy

‎ကျွမ်းကျင်သော စကားပြောရောဂါကုသသူများနှင့် လေ့ကျင့်ခြင်းသည် အထိရောက်ဆုံးဖြစ်ပါသည်။ “ Cues-Pause-Point” နည်းစနစ်များဖြင့် အမေးနှင့် အဖြေကို ခွဲခြားတတ်အောင် သင်ကြားပေးနိုင်ပါသည်။
‎.

‎🌿 စိတ်ဖိစီးမှုကို လျှော့ချပါ။

‎ကလေး သို့မဟုတ် လူနာသည် စိတ်ဖိစီးချိန်တွင် Echolalia ပိုဖြစ်တတ်သည်။ ထို့ကြောင့် သူတို့သက်သာရာရစေမည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ။ တိတ်ဆိတ်ငြိမ်သက်သော နေရာတွင် အနားယူစေခြင်းသည် ဦးနှောက်ကို အနားရစေပါသည်။
‎.

‎🌿 စိတ်ရှည်ရှည်ဖြင့် နားလည်ပေးခြင်း

‎သူတို့၏ “ စကားလိုက်ပြောနေခြင်း” သည် လှောင်ပြောင်စရာ မဟုတ်ပါ။ သူတို့၏ ဦးနှောက်က သတင်းအချက်အလက်ကို စီမံခွဲခြမ်းစိတ်ဖြာရန် (Processing) အချိန်ယူနေခြင်းသာ ဖြစ်ကြောင်း နားလည်ပေးပါ။
‎…
‎…

‎နိဂုံးချုပ်အနေဖြင့်

‎Echolalia သည် အကြောင်းမဲ့ တုပပြောဆိုမိနေခြင်း မဟုတ်ပါ။ သူတို့သည် စကားလုံးများကို ပိုင်ဆိုင်ထားသော်လည်း ထိုစကားလုံးများကို အဓိပ္ပါယ်ရှိရှိ စီမံခန့်ခွဲပြောဆိုနိုင်စွမ်းမှာ ခေတ္တပျောက်ဆုံးနေခြင်းသာ ဖြစ်ပါသည်။

‎အကယ်၍ သင့်ပတ်ဝန်းကျင်တွင် ထိုကဲ့သို့ “ သူများစကားကို လိုက်ပြောတတ်သူ” တစ်စုံတစ်ဦးရှိပါက သူတို့ပြောသော စကားလုံးများ၏ နောက်ကွယ်မှ ခံစားချက်ကို နားထောင်ပေးပါ။

‎သူတို့သည် လှောင်ပြောင်စရာ လူသားများမဟုတ်ကြပါ။ ကိုယ်ပိုင်စိတ်ခံစားချက်၊ ကိုယ်ပိုင်ရည်မှန်းချက်များ ရှိသော သူများသာ ဖြစ်ပါသည်။

သို့ဖြစ်၍ မှန်ကန်သောကုထုံး၊ နွေးထွေးသော မေတ္တာနှင့် စိတ်ရှည်သည်းခံမှုတို့ဖြင့် ကူညီပေးမည်ဆိုလျှင် တစ်နေ့တွင် ထိုပဲ့တင်သံများသည် ပျောက်ကွယ်သွားပြီး သူတို့၏ ကိုယ်ပိုင်စကားသံ (Own Voice) ကို ပြန်လည်ရှာဖွေ တွေ့ရှိလာပါလိမ့်မည်…။

‎စေတနာဖြင့်
‎အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here