အစားအစာတွေကို ဝယ်ယူတဲ့အခါ ထည့်တဲ့ဘူးတွေ၊ အထုပ်တွေက ဘယ်လိုမျိုးလဲဆိုတာကို သတိထားပြီး ကြည့်မိကြပါရဲ့လား။
အရင့်အရင်ခေတ်ကတော့ ပလတ်စတစ် (Plastic) ဆိုတာ မပေါ်သေးခင်က ဖက်တို့၊ စတီးချိုင့်တို့နဲ့ ထုပ်ရတဲ့ခေတ်ပေါ့။ တိုက်ဆိုင်တာလား၊ အကြောင်းတစ်ရပ်အနေနဲ့ ဆက်စပ်လို့လားတော့မသိ။ ပလတ်စတစ်တွေပေါ်လာပြီး နောက်ပိုင်းမှာ ကင်ဆာတွေက အဖြစ်များလာကြပါရော။ ဒီတော့ မိမိရဲ့ခန္ဓာကိုယ်ထဲ စီးဆင်းဝင်ရောက်သွားမယ့် အစားအစာတွေကို ထည့်ထားတဲ့ ထုပ်ပိုးမှုအမျိုးမျိုးအကြောင်းကို ဗဟုသုတရအောင် တင်ဆက်ပေးလိုက်ပါတယ်။
…
…
အခုစာကိုမဖတ်သေးခင် အချိန်ရတယ်ဆိုရင် ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ဘူးတွေ၊ ပလုံးတွေ၊ ရေခဲသေတ္တာထဲက (အစားအစာတွေ၊ နို့တွေလိုမျိုး ထည့်ထားတဲ့) ဘူးတွေကို အရင်လေ့လာစေချင်ပါတယ်။ ဘူးတွေရဲ့ဖင်က ဂဏန်းလေးတွေကို လိုက်ရှာကြည့်ပါ။ တချို့မှာ သင်္ကေတအမှတ်အသားလေးတွေကို တွေ့ပါလိမ့်မယ်။
ဥပမာ – မိုက်ခရိုဝေ့ (Microwave) ထဲကို ထည့်လို့ရတယ်ဆိုတာမျိုး၊ ပန်းကန်ဆေးစက်ထဲကို မထည့်နဲ့ဆိုတာမျိုးပေါ့။
တကယ်တော့ ဒီအရာတွေက ကျောင်းမှာ ထည့်မသင်ကြပါဘူး။ သို့ပေမယ့် ကနေ့ခေတ်မှာ ရှိနေ၊ သုံးနေကြတာတွေဖြစ်လို့ သိကိုသိထားသင့်ပါတယ်။
ဒီတော့
အဲဒီလို လေ့လာကြည့်လို့ တြိဂံပုံစံလေးနဲ့ မြားလေးတွေ လည်နေတဲ့ပုံကိုတွေ့ရင် recycle (ပြန်လည်အသုံးပြု) လုပ်လို့ရတဲ့ ပလတ်စတစ်လို့ ဆိုလိုပါတယ်။ ဒါကို resin identification code (RIC) ဆိုပြီးခေါ်ပါတယ်။ ဘာအမျိုးအစားလဲဆိုတာကို နံပါတ်တွေနဲ့ရော၊ အတိုကောက်တွေနဲ့ရော ရေးထားတတ်ပါတယ်။ အသေးစိတ်ကို အောက်မှာ ကြည့်ပေးပါနော်။
…
…
🌴 Resin No. 1
ပလတ်စတစ်အမည်က Polyethylene terephthalate ဖြစ်ပြီး အတိုကောက်အနေနဲ့ PETE/PET လို့ ဖော်ပြပါတယ်။ ဒီအမျိုးအစားမှာ ရေဘူးတွေ၊ ဘူးအပျော့တွေ ပါဝင်ပြီး မပူရင် အသုံးပြုလို့ ရပါတယ် (အပူမခံမနိုင်ပါ)။ အစားအစာကို ထည့်သုံးလို့ရပါတယ်။
.
🌴 Resin No. 2
ပလတ်စတစ်အမည်က High-density polyethylene ဖြစ်ပြီး အတိုကောက်အနေနဲ့ HDPE လို့ ဖော်ပြပါတယ်။ ဒီအမျိုးအစားမှာ နွားနို့ဘူး တွေပါဝင်ပြီး safe (အစားအစာ ထည့်သွင်းအသုံးပြုရန် အန္တရာယ်ကင်း) ဖြစ်ပါတယ်။
.
🌴 Resin No. 3
ပလတ်စတစ်အမည်က Polyvinyl chloride ဖြစ်ပြီး အတိုကောက်အနေနဲ့ PVC လို့ ဖော်ပြပါတယ်။ ဒီအမျိုးအစားမှာ အကြည်ရောင်ဘူးတွေ၊ ညှစ်ဘူးတွေ၊ ရေပိုက်တွေပါဝင်ပြီး အစားအစာကို ထည့်မသုံးသင့်ပါဘူး။ ဟော်မုန်းဆိုင်ရာ ပြဿနာတွေနဲ့ ဆီးချိုလိုမျိုး ရောဂါပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
.
🌴 Resin No. 4
ပလတ်စတစ်အမည်က Low-density polyethylene ဖြစ်ပြီး အတိုကောက်အနေနဲ့ LDPE လို့ ဖော်ပြပါတယ်။ ဒီအမျိုးအစားမှာ ခဲခန်းထဲ ထည့်တဲ့ဘူးတွေ ပါဝင်ပြီး အစားအစာထည့်တဲ့ဘူးအနေနဲ့ သုံးလို့ရပါတယ်။ အစားအစာကို အလုံပိတ်တာမျိုးအနေနဲ့တော့ မသုံးသင့်ပါဘူး။
.
🌴 Resin No. 5
ပလတ်စတစ်အမည်က Polypropylene ဖြစ်ပြီး အတိုကောက်အနေနဲ့ PP လို့ ဖော်ပြပါတယ်။ ဒီအမျိုးအစားမှာ ဒိန်ချဉ်ဘူးတွေ၊ ဆေးဘူးတွေ ပါဝင်ပြီး အစားအစာ ထည့်သွင်းအသုံးပြုလို့ ရပါတယ်။ ဒါပေမယ့် မပူလွန်း၊ မအေးလွန်းရပါဘူး။ Microwave ထဲလည်း ထည့်လို့မရပါဘူးနော်။
.
🌴 Resin No. 6
ပလတ်စတစ်အမည်က Polystyrene ဖြစ်ပြီး အတိုကောက်အနေနဲ့ PS လို့ ဖော်ပြပါတယ်။ ဒီအမျိုးအစားမှာ တစ်ခါသုံးပစ္စည်းတွေ (ဇွန်း၊ ခက်ရင်းတွေအပါအဝင်) ပါဝင်ပြီး အစားအစာဟာ အခဲအနေနဲ့ ရှိမယ်ဆိုရင် ထည့်သွင်းအသုံးပြုလို့ရပါတယ်။
ဥပမာ – ပန်းသီးတို့၊ လိမ္မော်သီးတို့ ထည့်ရင်ရပေမယ့် ဆီပြန်ဟင်းတွေကို ထည့်တာမျိုး၊ ရေရှည်ထည့်သိမ်းတာမျိုးတော့ မလုပ်သင့်သလို အပူလည်း မပေးရပါဘူးနော်။
.
🌴 Resin No. 7
ပလတ်စတစ်အမည်က Polycarbonate သို့ bioplastic polylactide သို့ a combination ဖြစ်နိုင်ပြီး Other လို့ဖော်ပြတတ်ပါတယ်။ ဒီအမျိုးအစားမှာ ရေခရားကြီးတွေ၊ အဖုံးတွေ ပါဝင်ပြီး အန္တရာယ်ကင်းမှု ရှိ/မရှိက မသေချာတဲ့အတွက် အစားအစာကို ထည့်သွင်းအသုံးမပြုရင် ပိုကောင်းပါတယ်။
…
…
ထပ်ပြီး သိထားသင့်တာလေးတွေလည်း ရှိပါသေးတယ်။
Food safe ဆိုတာကတော့ အစားအစာတချို့အတွက် ထည့်လို့ရ၊ သုံးလို့ရတာမျိုးပါ။ ဥပမာ – ပုဇွန်ခြောက်တို့၊ ငါးခြောက်တို့ကို သိမ်းမယ်ဆိုရပြီး ငါးခြောက်ကြော်တို့လို ဆီပါတာမျိုးဆိုရင် ဆီထဲ chemical တွေ စိမ့်ဝင်နိုင်ပါတယ်။
Food grade ဆိုတာကကျ အစားအစာထည့်စားလို့ (ထိတွေ့လို့) ရတယ်၊ လုံခြုံတယ်လို့ ဆိုလိုတာပါ။
BPA free ဆိုတာကတော့ Bisphenol A ဆိုတဲ့ ဓာတုပစ္စည်း မပါဝင်ဘူးလို့ ဆိုလိုတာပါ။ Bisphenol A ဟာ ကင်ဆာဖြစ်စေတဲ့၊ ဟော်မုန်းပြောင်းလဲစေတဲ့ ဓာတ်တွေနဲ့ ဆက်စပ်တာမို့ BPA မပါတဲ့ ဘူးမျိုးကို အသုံးပြုသင့်ပါတယ်။
…
…
ပိုရှင်းအောင် ပြောပြရရင် ပလတ်စတစ်ထဲကို ပူပူလောင်လောင်တွေ မထည့်ပါနဲ့။ ခဲခန်းထဲလည်း နံပါတ် ၄ (Resin No.
4) LDPE လိုမျိုးပဲ ထည့်သင့်ပါတယ်။ ဆီပါတာတွေ ထည့်မယ်ဆိုရင် သတိထားပါ။ ကြာရှည်ထည့်ထားတာမျိုးကို မလုပ်သင့်ပါဘူး။ ဖြစ်နိုင်ရင် ကြွေပန်းကန်လိုမျိုး၊ စတီးနဲ့ပြုလုပ်တာမျိုးတွေထဲမှာ ထည့်ပါ။ ရေခဲသေတ္တာထဲ ထားမှာတို့၊ ကြာရှည်ထားမှာတို့ ဆိုရင်လည်း လေးတော့လေးပေမယ့် ဖန်ဘူးကိုသုံးတာမျိုးက ပိုကောင်းပါတယ်။
မိုက်ခရိုဝေ့ထဲ ထည့်မယ်ဆိုရင် အရောင်ပြန်မပါတဲ့ ကြွေပန်းကန်မျိုးကိုပဲ သုံးပါ။ ဖန်ထည်ပစ္စည်းဆိုရင်လည်း ရတော့ရပါတယ်။ စတီးနဲ့ ကြွေရည်သုတ်ပစ္စည်းတချို့မှာ အလင်းပြန်တာဖြစ်တဲ့အခါ အထဲက မီးလုံးကွဲပြီး မိုက်ခရိုဝေ့က ပျက်သွားနိုင်လို့ပါ။ ပလတ်စတစ်ဘူးကို အဲဒီအထဲ ထည့်မယ်ဆိုရင်လည်း တစ်ခါထက် ပိုမနွှေးပါနဲ့နော်။ Microwave safe ဆိုတဲ့ လိုဂိုတံဆိပ်လေးပါတာနဲ့ပဲ ထည့်နွှေးပါ။
တကယ်လို့ ကော်ဘူးတွေက အရောင်ပြောင်းတာ၊ အနံ့တစ်မျိုးဖြစ်နေတာမျိုးဆိုရင် မသုံးစေချင်ပါဘူး။ နိုင်ငံခြားမှာမို့ ပန်းကန်ဆေးစက်နဲ့ ဆေးတာဆိုရင်လည်း သူက အပူငွေ့နဲ့ဆေးပေးတာမို့ ထည့်ခါနီးမှာ Dishwasher safe (ပန်းကန်ဆေးစက် အန္တရာယ်ကင်းရှင်းမှု) ဖြစ်/မဖြစ်ဆိုတာကို check (စစ်ဆေး) လုပ်ဖို့လိုပါမယ်။
နောက်ပြီး ပါဆယ်ဝယ်မယ်ဆိုရင်တော့ ဖော့ဘူးတွေကို “ လုံးဝ” မသုံးပါနဲ့။ သူက ပူတာဖြစ်ဖြစ်၊ ဆီနဲ့တွေ့ရင်ဖြစ်ဖြစ် ကင်ဆာဖြစ်စေတာတွေကို အစားအစာထဲ ထုတ်လွှတ်လိုက်တာမို့ပါ။ အရင်ကလို အိမ်ကထည့်ခိုင်းတဲ့အတိုင်း ချိုင့်လေးထဲထည့်တာမျိုးကို ပြန်လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။
ပြောရင်းနဲ့ ငယ်ဘဝတုန်းက လမ်းထိပ်မုန့်ဟင်းခါးဆိုင်ကဟင်းရည်ကို အိမ်ကချိုင့်လေးယူသွားပြီး သွားဝယ်ကြ၊ အိမ်ရောက်တော့ တူတူလက်စုံစားကြနဲ့ အပူအပင်မရှိ လူစုံတဲ့ မိသားစုထမင်းဝိုင်းလေးဟာ ငြိမ်းချမ်းလှပါလားလို့တောင် ပြန်ပြောင်းသတိရသွားပါတယ်။ အဲဒီတုန်းက ငှက်ပျောရွက်လေးနဲ့ ထုပ်ထားတဲ့ မုန့်ဖက်ထုပ်ပူပူလေး၊ ကောက်ညှင်းပေါင်းပူပူလေးဟာ နတ်သုဒ္ဓါပါပဲ။
…
…
ပလတ်စတစ်ကို ရှောင်နိုင်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း တစ်နေ့ကို တစ်ခုပဲဖြစ်ဖြစ်၊ တစ်ကြိမ်စာပဲဖြစ်ဖြစ် သတိလေးဝင်ပြီး တတ်နိုင်သလောက် ဆင်ခြင်နိုင်မယ်၊ လျှော့ချနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။
တစ်ရက်မှာ တစ်ခု၊ တစ်နှစ်မှာ အခု ၃၀၀ လောက် လျှော့ချနိုင်မယ်ဆိုပါစို့။ ဒါဆိုရင် ကင်ဆာဖြစ်စေနိုင်တာနဲ့ ထိတွေ့တာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေတာတွေကို ဆယ်နှစ်မှာ အကြိမ် ၃၀၀၀ လောက် လျှော့ချပြီးသား ဖြစ်မှာပါ။
ပတ်ဝန်းကျင်အခြေအနေတွေဟာ ပြောင်းလဲပစ်ဖို့မလွယ်ပါဘူး။ သို့ပေမယ့် ရွေးချယ်မှုတွေကိုတော့ မိမိအနေနဲ့ ရွေးချယ်ဖို့ တတ်နိုင်ပါတယ်။ ပလတ်စတစ် အသုံးပြုတာကို ရှောင်ခဲ့လည်း သေခြင်းတရားကို မရှောင်နိုင်ခဲ့လို့ ကင်ဆာနဲ့ ကွယ်လွန်ခဲ့ရရင်တောင်မှ အသက်ရှိစဉ်မှာ ကမ္ဘာကို ပူလောင်မှုတွေ မပေးခဲ့မိပါလားဆိုပြီး လိပ်ပြာလုံလို့ ရတာပေါ့လေ။
စာရေးသူကိုယ်တိုင်လည်း ပါဆယ်ဝယ်တဲ့အခါ ဖော့ဘူးတွေနဲ့ထည့်ပေးတဲ့ မုန့်တွေကို ဝယ်စားမိဆဲပါပဲ။ ဒါပေမယ့် ဆိုင်လက်ဖက်ရည်ပူပူကို ပါဆယ်ထည့်ခိုင်းတာမျိုးတော့ မလုပ်တော့ပါဘူး။ ဆိုင်မှာ သောက်ရင်သောက်၊ မဟုတ်ရင် စတီးဘူးနဲ့ ထည့်ရင်ထည့်လာတာမျိုး၊ အိမ်မှာ ကိုယ်တိုင်ဖျော်သောက်တာမျိုးကို စလုပ်နေပါပြီ။ အလုံးစုံသော zero plastic (ပလတ်စတစ် လုံးဝ မသုံးစွဲတာ) တော့ မရနိုင်ပေမယ့် မိမိရဲ့အမူအကျင့်နဲ့ ရွေးချယ်မှုတွေကို စတင်ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်နော်…။
အာဟာရဆရာဝန်တစ်ဦး
တယ်လီကျန်းမာ
Reference
Pizzorno J. Plastic Food Container Safety. Integr Med (Encinitas). 2024 May;23(2):6-10. PMID: 38911449; PMCID: PMC11193405.
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

