ကျွန်တော့်အသိတစ်ယောက်ခမျာ ရည်းစားနဲ့ အဆင်မပြေဖြစ်ပြီးတဲ့နောက် ညဘက်တွေမှာ အိပ်ပျော်ဖို့ ခက်ခဲလာတယ်တဲ့။ တော်တော်နဲ့လည်း အိပ်မပျော်တော့ဘူး။ မနက်ခင်းဆိုရင် အစောကြီးနိုးနေတတ်ပြီး တစ်နေကုန် နေရထိုင်ရတာလည်း အားမရှိသလို၊ နုံးနေသလိုဖြစ်နေပြီး အလုပ်တွေပါ မလုပ်နိုင်မကိုင်နိုင်ဖြစ်လာတော့တာ ဆိုပါလား။ ကျောင်းစာတွေမှာလည်း သိပ်ပြီးတော့ အာရုံမစိုက်နိုင်တော့တဲ့အကြောင်းကို ကျွန်တော့်ဆီလာပြီး ရင်ဖွင့်ပြောပြပါတယ်။
ဒါနဲ့ စိတ်လေးနေလို့ အဆင်မပြေဘူးဆိုရင် ခံစားနေရတာတွေကို ရင်ဖွင့်ပြောပြလို့ရတဲ့ တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းမှာ ပြသပြီး ဆွေးနွေးတိုင်ပင်ကြည့်ဖို့ ကျွန်တော်က လမ်းညွှန်လိုက်ပါတယ်။
သူဆေးခန်းပြပြီး သိပ်မကြာခင်မှာပဲ အရင်လို ပုံမှန်ပြန်ဖြစ်သွားပြီဆိုပြီး ကျွန်တော့်ကို လာပြောပြပါတယ်။ ဆေးတောင် သောက်ဖို့မလိုဘဲ ဖြစ်နေတဲ့ စိတ်ခံစားချက်လေးတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ပြီး ဘဝရှေ့ရေးအတွက်လည်း အားအင်အသစ်တွေ ရနေပြီဖြစ်ကြောင်း အသိပေးတော့ ကျွန်တော်ပါရောပြီး ဝမ်းသာပီတိဖြစ်ရတာပေါ့ဗျာ။
သူပြန်သွားတော့မှ ကျွန်တော်လည်း ကျောင်းတက်တုန်းကသင်ရတဲ့ “ စိတ်ကိုပျော်ရွှင်စေတတ်တဲ့ ဟော်မုန်းတွေအကြောင်း” ကို ပြန်စဉ်းစားမိပြီး သိချင်တာတွေရှိလာတဲ့အတွက် စာတွေကို ပြန်ရှာဖတ်မိပါတော့တယ်။
…
…
စိတ်ခံစားချက်ဖြစ်ပေါ်ရာမှာ အကူအညီပေးတဲ့ ဟော်မုန်းတွေအကြောင်းကို သင်ရတုန်းက ဆရာမကြီးပြောတာကို အမှတ်ရမိပါတယ်။ “ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု စတဲ့စိတ်ခံစားချက် (emotions) တွေဆိုတာက ခံစားမှုသက်သက် (feelings) တွေချည်း မဟုတ်ပါဘူး” တဲ့။ သူတို့တွေကို အဆင်ပြေကောင်းမွန်စွာ ထိန်းချုပ်ပေးနေတဲ့ ဟော်မုန်းလေးတွေလည်း ရှိပါသေးတယ်တဲ့။
အဲဒီဟော်မုန်းလေးတွေက မညီမျှတဲ့အခါ ပျော်စရာတွေက ပျော်စရာမကောင်းတော့တာမျိုး ဖြစ်လာတတ်ပါတယ်။ ပူဆွေးဝမ်းနည်းစရာတွေကြုံလာရတဲ့အခါမှာလည်း အဲဒီခံစားချက်ကို ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်စွမ်းတွေ ကျဆင်းလာပြီး မပြောသင့်တာတွေကို ပြောမိ၊ မလုပ်သင့်တာတွေကို လုပ်မိပြီး မဖြစ်သင့်တာတွေက ဖြစ်လာတတ်ပါတယ်တဲ့။ ဒါကြောင့်မလို့ ဘယ်လိုလောကဓံပဲကြုံကြုံ အကောင်းဆုံးဖြတ်ကျော်နိုင်ဖို့ဆိုတာက အဲဒီဟော်မုန်းလေးတွေက ခန္ဓာကိုယ်ထဲမှာ ညီညွတ်မျှတစွာ ရှိနေရမှာဖြစ်ပြီး သူတို့ရဲ့ လုပ်ဆောင်ရမယ့် အလုပ်တာဝန်အသီးသီးကို လုပ်ဆောင်နိုင်ပါမှ လူ့ဘဝက နေလို့ပျော်မှာပါတဲ့နော်။
.
စိတ်ကို ပျော်ရွှင်စေတဲ့ ဟော်မုန်းလေးတွေကတော့ အများသိပြီးဖြစ်တဲ့အတိုင်းပါပဲ။
1️⃣ ဆီရိုတိုနင် (Serotonin)
2️⃣ ဒိုပါမင်း (Dopamine)
3️⃣ အောက်စီတိုဆင် (Oxytocin)
4️⃣ အန်ဒေါ်ဖင် (Endorphins) ဆိုတဲ့ဟော်မုန်းတွေပဲ ဖြစ်ကြပါတယ်။
ဒီဟော်မုန်းလေးတွေက ညီညွတ်မျှတနေရင် စိတ်ကလေးက နေလို့ကောင်းမယ်။ မညီညွတ်တော့ရင်၊ တစ်ခုခုနည်းနေရင် စိတ်မပျော်မရွင်ဖြစ်လာမယ်။ နေရထိုင်ရတာက သက်တောင့်သက်သာမရှိတော့သလိုမျိုး ခံစားလာရပါမယ်။
.
ဒီဟော်မုန်းတွေကို နည်းစေတဲ့ အကြောင်းအရင်းတွေကို ခြုံငုံပြီး ပြောပြပါမယ်။
😞 ရက်ရှည်လများ စိတ်ဖိစီးမှုနဲ့ ရှင်သန်နေထိုင်ရတာ (အခုလို အာဏာသိမ်းထားတဲ့ ကာလမျိုးပေါ့)
🤸🏾 ကိုယ်လက်လှုပ်ရှားမှု မလုပ်ဖြစ်တာ
အိပ်ချိန်မမှန်တာ၊ အိပ်စက်ချိန် လုံလောက်မှုမရှိတာ
🥗🍛 အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို မစားမိတာ
😮💨 မပြီးပြတ်တဲ့အလုပ်တွေကြောင့် ခြေကုန်လက်ပန်းကျနေတာ
🧑🏾🦽 နှစ်ရှည်လများ နေမကောင်းဖြစ်တာ (လေဖြတ်လို့ လမ်းမလျှောက်နိုင်တော့ဘဲ အိပ်ရာထဲပဲ လဲနေရတော့တာ)
💊 ဆီးချိုဆေး၊ သွေးတိုးကျဆေး၊ စတီးရွိုက်ဆေးတွေကို အကြာကြီးစွဲသောက်နေရတာ
💉 စိတ်ကို ခဏတာအဆင်ပြေစေတဲ့ မူးယစ်ဆေးတွေကို သုံးစွဲမိတာ စတာတွေပဲ ဖြစ်ပါတယ်။
အဲဒါတွေအပြင် တစ်ယောက်တည်း အကြာကြီးနေထိုင်နေရတာ၊ ချစ်သူ၊ သမီးရည်းစား စတဲ့ဆက်ဆံရေး (relationship) တွေအပေါ်မှာ အစွဲအလမ်းကြီးတာ၊ အားကိုးယုံကြည်လွန်းတာ၊ ကိုယ်စိတ်ပျော်ရာ/ ဝါသနာပါတာလေးတွေကို လုပ်ဖို့အချိန်မရတာ၊ အပြာကား (Porn) တွေကို အလွန်အကျွံကြည့်မိနေတာ၊ လောင်းကစား စွဲလမ်းနေတာ၊ ဆိုရှယ်မီဒီယာ (social media) တွေသုံးနေတာကို မရပ်တန့်နိုင်တာ စတာတွေမှာလည်း ဟော်မုန်းတွေ မညီမညွတ်ဖြစ်တတ်ပါတယ်။ ပြီးတော့ မွေးရာပါရောဂါတစ်ချို့မှာလည်း စိတ်ပျော်ဟော်မုန်း နည်းနေတတ်ပါတယ်နော်။
…
…
🍀 အခုဆက်ပြီး ဆီရိုတိုနင် (Serotonin) အကြောင်းကို ပြောပြပါမယ်။
ဆီရိုတိုနင်ဆိုတာက ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကို ချိန်ညှိပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ အပျော်မလွန်အောင်၊ ဝမ်းနည်းစရာကြုံလာရင်လည်း ရင်ကွဲပက်လက် မဖြစ်အောင် ထိန်းညှိပေးပါတယ်။ အူမြူးပြီး ရယ်နေတာကို မထိန်းနိုင်တဲ့လူနာတွေ၊ ငိုနေတာကို ရပ်လို့မရတဲ့ လူနာတွေကို တွေ့ဖူးပါတယ်။
ဆီရိုတိုနင်အများစု (၉၀%) ကို အူလမ်းကြောင်းကနေ ထုတ်ပေးပါတယ်။ ကျန်တဲ့ ၁၀% ကို ဦးနှောက်ထဲမှာ ထုတ်ပါတယ်။ ဒီမှာ ဘာတွေ့ရလဲဆိုရင် အူလမ်းကြောင်း ကျန်းမာရေးမကောင်းရင်လည်း ဆီရိုတိုနင် ထုတ်လုပ်နိုင်စွမ်းဟာ ကျဆင်းတတ်တယ်ဆိုတာပါပဲ။
.
ဆီရိုတိုနင်က ဘာတွေလုပ်ပေးသလဲ။
🧠 ဦးနှောက်ထဲမှာဆိုရင်
၁။ စိတ်ခံစားချက်ကို ချိန်ညှိပေးတာ
၂။ အိပ်ချိန်ကို မှန်ကန်အောင် လုပ်ပေးတာ
၃။ အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချတာ
၄။ စိတ်ဖိစီးမှု လျှော့ချပေးတာနဲ့
၅။ စိတ်ကို ငြိမ်းချမ်းစေတာ စတာတွေကို လုပ်ဆောင်ပေးပါတယ်။
.
🏋🏾ကိုယ်ခန္ဓာအတွက်ဆိုရင်
၁။ အစာချေဖျက်တဲ့စနစ်ကို အထောက်အကူပြုတာ၊ စားချင်စိတ်ကို မြင့်တက်စေတာ၊ ဝမ်းမှန်စေတာ
၂။ အနာမြန်မြန်ကျက်စေတာ
၃။ အရိုးရဲ့ သိပ်သည်းဆကို ထိန်းပေးတာနဲ့
၄။ နာကျင်မှုကို ခံနိုင်ရည် ရှိစေတာတွေကို လုပ်ဆောင်ပေးပါတယ်တဲ့။
.
ဆီရိုတိုနင် လျော့နည်းလာရင် ဘာတွေဖြစ်မလဲ။
အလွယ်လေးပါပဲ။ အပေါ်က ပြောပြထားတဲ့အချက်တွေက ကမောက်ကမ ဖြစ်ကုန်မှာပေါ့။
☹️ စိတ်ဓာတ်ကျလာမယ်။
😰 စိုးရိမ်စိတ်တွေ၊ ရုတ်တရက် ကြောက်ရွံ့တုန်လှုပ်မှု (Panic Attack) တွေ ဖြစ်လာမယ်။
😡 စိတ်ဂနာမငြိမ်ဖြစ်ပြီး စိတ်ဆတ်၊ ဒေါသထွက်လွယ်လာမယ်။
ကောင်းကောင်း အိပ်မပျော်တော့ဘူး။ ကြက်အိပ်ကြက်နိုး ဖြစ်နေတတ်တယ်။ အိပ်ရာထရင်လည်း အိပ်ရေးမဝဖြစ်နေပြီး စိတ်မကြည်တော့ပါဘူး။
🤢 အစားအသောက်တွေ ပျက်လာမယ်။ အရင်ကကြိုက်ပါတယ်ဆိုတဲ့ အစားအသောက်လေးတွေကိုတောင် မစားချင်တော့ပါဘူး။
😣 ဗိုက်ထဲမှာ မအီမသာဖြစ်နေမယ်။
😖 ဖျားနာတာမဟုတ်ဘဲ တစ်ကိုယ်လုံး ဟိုနေရာကနာ၊ ဒီနေရာကနာ ဖြစ်နေတတ်ပါတယ်။
…
…
ဆီရိုတိုနင် လျော့နည်းရင် အဲလိုတွေဖြစ်တတ်တယ်ဆိုတော့ “ များရင် ကောင်းမှာပဲ” လို့လည်း မထင်နဲ့နော်။ ဆီရိုတိုနင်က နည်းလွန်းရင်လည်း မကောင်း၊ များလွန်းရင်လည်း မကောင်းပါဘူး။
ဆီရိုတိုရင် များလွန်းရင် ဖြစ်တတ်တဲ့ ဒုက္ခတွေကို ကြည့်လိုက်ကြရအောင်။
🤬 စိတ်မငြိမ်တော့ဘူး၊ စိတ်ရှုပ်လွယ်လာတတ်တယ်။
💓 နှလုံးခုန် မြန်လာမယ်။
🥵 ချွေးအလွန်အကျွံထွက်မယ်။
🙅🏾 ကြွက်သားတွေတောင့်တင်းပြီး ခြေတုန်လက်တုန် ဖြစ်တတ်တယ်။
🚨 တအားများလွန်းသွားရင် “ Serotonin syndrome” လို့ခေါ်တဲ့ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ရောဂါစုအထိ ဖြစ်တတ်ပါတယ်။ တော်တော်လည်း ဖြစ်ခဲပါတယ်။ တချို့ တားမြစ်ဆေးတွေကို အလွန်အကျွံသုံးမိရင် ဖြစ်နိုင်ပါတယ်။
…
…
ဆီရိုတိုနင်ကို သဘာဝအတိုင်း ပုံမှန်ဖြစ်နေအောင် ဘယ်လိုလုပ်ကြမလဲ။
🌅 မနက်ခင်း နေခြည်နုနုမှာ နေပူစာလှုံပါ။ ၁၅ မိနစ်ကနေ နာရီဝက်ဆိုရင် လုံလောက်ပါတယ်။
🍗🥚ဆီရိုတိုနင်ထုတ်လုပ်ဖို့ ကုန်ကြမ်းဖြစ်တဲ့ ထရစ်(ပ်)တိုဖန် (tryptophan) ကြွယ်ဝတဲ့ အစားအသောက်တွေ (ကြက်သား၊ ဥအမျိုးမျိုး၊ ငှက်ပျောသီး၊ အစေ့အဆန်၊ ဆယ်လမွန်ငါး၊ တို့ဖူး) ကို လုံလုံလောက်လောက် စားပေးပါ။
🐟 အိုမီဂါသရီး (Omega 3) ပါတဲ့ ငါးကြီးဆီအားဆေးကို သောက်ပေးပါ။
⛹🏾 ချွေးစို့စေတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေကို လုပ်ပါ။
🧘🏾 ယောဂလုပ်တာ၊ တရားထိုင်တာတွေကလည်း ဆီရိုတိုနင် ထွက်စေဖို့ အထောက်အကူပြုပါတယ်။
👯 ကိုယ်ချစ်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ရယ်မောပျော်ရွှင်စွာ အချိန်ကုန်ဆုံးပါ။
💁🏾 တစ်စုံတစ်ယောက်ကို ကူညီတတ်တဲ့စိတ်၊ ကြင်နာတတ်တဲ့စိတ်ကလည်း ဆီရိုတိုနင်ကို ထွက်စေပါတယ်။
🛌🏾 အရည်အသွေးပြည့်ဝအောင် အိပ်စက်ချိန်ပေးပါ။
…
…
ဒီလောက်ဆိုရင် ဆီရိုတိုနင်အကြောင်းက စုံသလောက်ရှိသွားပါပြီ။
ကျွန်တော်မှတ်ထားတာလေးတစ်ခုကတော့ “ လောကဓံတရားတွေကို ကြံကြံခံပြီး ရင်ဆိုင်ဖြေရှင်းဖို့ဆိုရင် စိတ်ပျော်ဟော်မုန်းလေးတွေက ညီညွတ်မျှတနေမှရမယ်” ဆိုတာပါပဲ။
စိတ်နဲ့ခန္ဓာဆိုတာဟာ ခွဲလိုက်လို့မှ မရတာ။ “ စိတ်ထောင်းလို့ ကိုယ်ကြေ” ဆိုတာမျိုး မဖြစ်အောင်၊ အမြဲတမ်း စိတ်ပျိုပြီး ကိုယ်နုအောင် ကြိုးစားနေနိုင်ကြပါစေဗျာ….။
စေတနာဖြင့်
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

