ပျော်ရွှင်စေသောငိုသံလေးများ

ခေါင်းစဉ်က တစ်မျိုးတော့ ဖြစ်နေနိုင်ပါသည်။ ငိုသံပါဆိုမှဖြင့် ဘယ်လိုပျော်ရွှင်စေပါလိမ့်။

ငိုကြွေးခြင်းကို ဝမ်းနည်းနာကျင်ရခြင်းဖြင့်သာ အများအားဖြင့် ဆက်စပ်မိကြသော်လည်း ဆေးရုံလုပ်ငန်းခွင်ရှိ ဆရာဝန်ဆရာမများအတွက်မူ ငိုသံလေးကြားရမှ ရင်အေးရသော၊ စိတ်ချမ်းသာရသော အခြေအနေများ အမှန်တကယ်ရှိပါသည်။

မီးဖွားခြင်းကိစ္စတွင် ရိုးရိုးဖြစ်စေ ခွဲသည်ဖြစ်စေ ကလေးငယ်၏ ငိုကြွေးသံမကြားမချင်း မွေးဖွားပေးသူအနေဖြင့် စိုးရိမ်ပူပန်ရမြဲဖြစ်သလို အသက်ရှူရပ်၊ နှလုံးခုန်ရပ်သွားသည့် ကလေးငယ်များအား ကုသရာတွင်လည်း တအဲ့အဲ့ငိုသံလေးကြားပါမှ ကိစ္စအောင်မြင်သည်ဟု မှတ်ယူကြရပါသည်။

မိမိ၏ ရှစ်နှစ်တာ သက်တမ်းသာရှိသေးသော ဆရာဝန်ငယ်ဘဝတွင်ပင် ဤအတွေ့အကြုံများ အမှတ်ရစရာ ရှိနေခဲ့ပါသည်။

ဘွဲ့ရပြီးခါစတွင် နယ်စပ်မြို့တစ်မြို့၏ ပုဂ္ဂလိကဆေးရုံ၌ စတင်အလုပ်လုပ်ဖြစ်ခဲ့တုန်းက ဖြစ်သည်။ လူနာမှာ အသက်ငယ်ငယ် အမျိုးသမီးလေးဖြစ်ကာ ဗိုက်အောင့်သည်ဆို၍ ထိုဆေးရုံသို့ ရောက်လာခဲ့ခြင်းပင်။ ကိုယ်ဝန်ရှိနေမှန်းကို သတိမထားမိဟုဆိုသော်ငြား မိမိက ဗိုက်ကိုစမ်းသပ်ချိန်တွင် ၆ လနီးပါးမျှရှိမည်ဟု ခန့်မှန်းရနိုင်သည့် ဗိုက်ပူပူဖောင်းဖောင်းလေးမှာ သိသာနေပါပြီ။

ရောဂါရာဇဝင်မေးစဉ်က အစာအိမ်နှင့်အူလမ်းကြောင်းရောဂါဟု ထင်မိသော်လည်း ဗိုက်ကိုစမ်းသပ်ချိန်တွင်မူ လမစေ့သေးသည့်ကိုယ်ဝန်က မွေးချင်လာ၍ နာနေခြင်းသာဖြစ်ကြောင်း သေချာသွားသည်။ ထိုကိုယ်ဝန်အကြောင်းကို အမျိုးသမီးငယ်ဘေးမှ အကူလိုက်ပါလာသည့် မိခင်သည်လည်း ကြိုမသိခဲ့ကာ ထိတ်ထိတ်လန့်လန့်ဖြင့် မူးဝေလာသည်မို့ လူနာစောင့်ကိုပါ တဖန်ပြုစုလိုက်ရသေးသည်။ ရှင်းပြစရာရှိသည်များကို အမြန်ရှင်းပြပြီး ကလေးက အလွန်ငယ်သေးသည်မို့ အမြန်ထွက်လာနိုင်ကြောင်း အသိပေးပြောပြပြီး မွေးခန်းထဲ အမြန်ရွှေ့ရသည်။

ဆေးရုံရောက်အပြီး နှစ်နာရီခန့်အကြာတွင်ပင် ရေမြွှာလည်းပေါက် ကလေးငယ်ငယ် ပိစိလေးမှာလည်း တစ်ပါတည်း ထွက်လာပါတော့သည်။ ၆ လသားအရွယ်လေးမို့ သားဦးမိခင်အတွက် အခက်အခဲမရှိ မွေးနိုင်ခဲ့သော်လည်း အချိန်မတိုင်ခင်ထွက်လာသည့် လမစေ့ပေါင်မပြည့်သေးသော ကလေးပိစိလေးအတွက် ရတက်မအေးရသည်မှာ မွေးပေးသည့်ဆရာဝန်သာ ဖြစ်လာတော့သည်။

ကလေးမှာ ယောက်ျားလေးဖြစ်ပြီး မှတ်မိသမျှ 1.2kg လောက်သာ ရှိပါလိမ့်မည်။ မဖွံ့ဖြိုးသေးသည့်အဆုတ်ဖြင့် လေကိုအားစိုက်ရှူ‌နေရ‌သောကြောင့် သေးသေးကွေးကွေး ရင်ဘတ်လေးမှ အပြိုင်းပြိုင်း‌သော နံရိုးလေးများမှာ ပြင်းထန်စွာမို့မောက်လိုက် ချိုင့်ဝင်လိုက်ရှိနေသည်။ သာမန်ထက်ပိုပြီး အေးစက်နေသည့် ခန္ဓာကိုယ်သေးသေးလေးမှာလည်း မိမိလက်ပေါ်တွင်ပင် စက္ကန့်ပိုင်းအတွင်း ပြာလာသလိုလိုပင်။ လည်ပင်းရော ရင်ဘတ်ကြီးပါ မို့မောက်အောင် ရှူသွင်းနေရသည့်အထဲ နှလုံးလေးမှာ မသိမသာ တချက်တချက်သာ ခုန်နေလေသည်။

လစေ့ပေါင်ပြည့်သည့် က‌လေးများကဲ့သို့ ခြေလက်များကန်ကျောက်ပြီး ဝါးခနဲ အော်ငိုဖို့ဝေးစွ ရင်ဘတ်နှင့်ကျောကိုညှပ်ချီထားသော မိမိလက်ပေါ်တွင် အပျော့လိုက်လေးသာ ငြိမ်ငြိမ်လေးရှိသည်။ ဤနေရာတွင် အချိန်သည် အရာအားလုံး၏ အဆုံးအဖြတ်ဖြစ်သည်။ မ‌မွေးခင်ကပင် အဘွားဖြစ်သူက မရှင်လည်း ဘာမှမဖြစ်ဘူးဟု ပြောထားသောကလေး၊ မိခင်လောင်းဖြစ်သူက ပြုစုစောင့်ရှောက်ရန် နှောင့်နှေးနေသည့်ကလေးသည် မိမိ၏လက်ထဲတွင် သဘာဝအသိဖြင့် အသက်ရှင်သန်နိုင်ရန် နိုင်သလောက် ရုန်းကန်နေရှာပြီ။ အကူဝင်ပေးသည့်ဆရာမက ဆရာဘာဆက်လုပ်ကြမလဲဟု အဓိပ္ပါယ်ရသည့်အကြည့်ဖြင့် နှာခေါင်းစည်းဝတ်ထားရင်းက မေးဆတ်ပြသည်။ ဝန်ခံပါသည်။ မိမိအနေဖြင့်လည်း ခဏတဖြုတ် တွေဝေသွားမိသည်။ ဘယ်သူမှ မလိုချင်သောကလေး၊ အဖေကို သိခွင့်မသိခွင့် မသေချာသောကလေးကို တတ်စွမ်းသမျှ ကြိုးစားကယ်ဆယ်ရမည်လား၊ သူရှင်သန်သည်ပဲထားဦး ချို့ယွင်းချက်တစ်ခုခုကျန်၍ မလိုလားသောမိသားစုတွင် ပိုမိုဒုက္ခရောက်နေမည်လား ဆိုတာမျိုးတွေကို တွေးမိနေသည်။

သို့ရာတွင် မူလဘူတ ဆရာဝန်စိတ်ကပင် အနိုင်ပိုင်းသွားခဲ့ပါသည်။ ရှေ့လျှောက် ဤကလေးဖြတ်သန်းရမည့် ကိစ္စရပ်များသည် ကံတရားအတိုင်းသာဖြစ်၍ ကောင်းမည်လောဆိုးမည်လော မည်သူမျှ တပ်အပ်မပြောနိုင်။ ဆရာဝန်တစ်ဦးအနေဖြင့် လက်ရှိမိမိလုပ်ရမည်မှာ လူနာအား ကယ်ဆယ်ကုသရန်သာဖြစ်သည်ဟု ဆုံးဖြတ်ပြီးသည်နှင့် မွေးစကလေးပြုစုခြင်းကိစ္စရပ်များ ဆက်လက်လုပ်ဖြစ်ခဲ့သည်။

ဆရာမနှင့်အတူပူးပေါင်း၍ ကလေးကိုခြောက်အောင်သုတ်ခြင်း၊ အောက်ဆီဂျင်ပေးခြင်း လုပ်ပြီးသည်နှင့် နှေးလွန်းနေသည့်နှလုံးကို ကူနှိုးခြင်း၊ ဆေးထိုးခြင်းတို့ကို အသည်းအသန်လုပ်ရပါသည်။ အသက်ရှူလမ်းကြောင်းအတွင်းရှိချွဲများ၊ မျိုချထားမိသောရေမြွှာများကို စက်ဖြင့်စုပ်ထုတ်ရသည်။ အသက်ရှူလမ်းကြောင်းအတွင်း လေရောက်စေရန် ပူဖောင်းကိရိယာ (Ambu bag) ဖြင့် အစီအစဉ်လိုက် ညှစ်ပေးနေရသည်။ ငါးမိနစ်ရောက်သည်အထိ ကလေးမှာ မွေးခါစအတိုင်း ပျော့ဖတ်ကာ အသက်ကို ပြင်းစွာလုရှူနေရဆဲပင်။ အသက်ရှူနှုန်းနှင့် နှလုံးခုန်နှုန်းမှာ မထူးခြားလာ‌သေးပေ။ ငိုဖို့ဝေးစွ ရင်ဘတ်ကိုဖိနှိပ်ပြီး နှလုံးနှိုးနေစဉ်ပင် အသံကလေးတချက်မှ ထွက်မလာသေးပေ။ လူနာရှင်မိသားစု၏ အခြေအနေကိုသိ‌နေသော ဆရာမမှလည်း ဘယ်လိုဆက်လုပ်ကြမလဲဟု မေးလာသည်။ ဒီတစ်ခါတော့ မဆိုင်းမတွပင် CPR ပဲ ဆက်လုပ်ကြတာပေါ့ဟု ဆုံးဖြတ်ပြီး လုပ်စရာရှိသည်တို့ကို စနစ်တကျဆက်လုပ်‌နေခဲ့သည်။ တစ်ပြိုင်နက်ပင် စိတ်ထဲမှလည်း ကလေးရေ ငိုလိုက်စမ်းပါဟု အကြိမ်ကြိမ်ရေရွတ်နေမိသည်။

ကလေး၏ ရှင်သန်လိုစိတ်ကြောင့်ပဲ ထင်ပါသည်။ ဆယ်မိနစ်ခန့်ရောက်သည့်အခါတွင် မိမိနှင့်ဆရာမ တစ်လှည့်စီ နှလုံးနှိုးလိုက်၊ Ambu bag ညှစ်လိုက်၊ ဆေးထိုးလိုက် လုပ်နေချိန်အတွင်း အဲ့ အဲ့ ဟူသောအသံလေး ထွက်လာရှာသည်။ ကျန်းမာသောကလေးငယ်တို့၏ ငိုသံများကဲ့သို့ အောင်မြင်ကျယ်‌လောင်မနေဘဲ သူ့အသက်ရှင်သန်ဖို့အရေး အ‌ကောင်းဆုံးကြိုးစားနေရသည်ကို သူအသိပေးနိုင်သမျှ သတိထားမိလောက်‌အောင်တော့ ကျယ်ပါပေသည်။

ငိုသံလေးကြားတော့မှသာ မိမိနှင့်ဆရာမလည်း အားတက်လာပြီးလျှင် ကလေးကို ထပ်ဆန်းစစ်ရသည်။ ယခင်ဆယ်မိနစ်ထက်စာလျှင် ပြာနှမ်းခြင်း သိသိသာသာလျော့ပြီး အသက်ရှူခြင်း ပိုမိုအဆင်ပြေလာသလို နှလုံးခုန်နှုန်းမှာလည်း စိတ်ချရသောနှုန်းတွင် ရှိနေပါပြီ။ သို့မှသာ နှလုံးခုန်အောင် ကူနှိပ်ခြင်းကိုရပ်လိုက်ပြီး Ambu bag ကိုသာ စနစ်တကျ ဆက်ညှစ်နေသည်။ ဆရာမကိုလည်း ပိုမိုသန့်စင်သည့် အနှီးလဲခြင်း၊ Vitamin K ထိုးခြင်းတို့ကို လုပ်ဆောင်စေသည်။ ထိုအချိန်အတွင်းတွင် ကလေးမှာ ဆရာဝန်ဆရာမများစိတ်အေးရလေအောင် အဲ့ အဲ့ ဟူသော ငိုသံမကျယ်တကျယ်လေးကို တစ်ချက်တစ်ချက်ပေးရှာသည်။ ကိစ္စအားလုံးပြီးသည်နှင့် ကလေး၏အဘွားကို ခေါ်ယူ၍ အတတ်နိုင်ဆုံး သဘောထားပျော့ပျောင်းပြီး ကလေးအပေါ် ဂရုဏာသက်စေရန် ဆွေးနွေးပေးဖြစ်သည်။

ကလေးမှာ စိတ်မချရသေးကြောင်း၊ ကလေးအထူးကုနှင့်တစ်ကွ ပစ္စည်းပိုမိုစုံလင်သည့် ဆေးရုံကြီးတွင် ကုသသင့်ကြောင်း အကြံပေးရသည်။ ဘွားအေဖြစ်သူမှာလည်း တစ်ညနေအတွင်း မြန်ဆန်လွန်းသည့် အဖြစ်အပျက် အပြောင်းအလဲများကို မီအောင်လိုက်နေရသည့်ကြားမှ အသက်ရှင်ဖို့အရေး ရုန်းကန်နေရသည့် မြေးဖြစ်သူမျက်နှာ မြင်ရသည့်အခါ စိတ်ကူးပြောင်းဟန်တူပါသည်။ တစ်ဖက်နိုင်ငံရှိ ဆေးရုံကြီးသို့ ကလေးကို လွှဲပြောင်းကုသရန် သဘောတူခဲ့သည်။ ပို့ဆောင်ပေးမည့်ကားများ စီစဉ်ပြီး လာရောက်ခေါ်ဆောင်သွားကြသည်။

ထိုကလေးလေးမှာ ယခုဆိုလျှင် အသက်များ ရှင်ခဲ့ပါက ရှစ်နှစ်အရွယ်ပင် ရှိပေတော့မည်။ ဆရာဝန်ငယ်တစ်ယောက်အနေဖြင့် ကြုံတွေ့ခဲ့ရသည့် ငိုသံလေးကြောင့် စိတ်အေးခဲ့ရသည့် ဤအတွေ့အကြုံကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ…။

Harry Hein

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here