“ Mercy k-i-l-l-i-n-g”
သနားသဖြင့် that လိုက်ခြင်းပေါ့။
တကယ်ကြုံခဲ့၊ လုပ်ပေးခဲ့ရပါတယ်။
မှန်သလား၊ မှားသလား ကျွန်တော်လည်း မသိပါဘူး။
လုပ်ပြီးသွားပြီ။ မှန်သလား၊ မှားသလား လွတ်လပ်စွာ သဘောထား ကွဲလွဲလို့ရပါတယ်။ ခင်ဗျားတို့ ကြုံခဲ့ရရင်ရော ဘယ်လိုဆုံးဖြတ်မလဲ သိချင်မိပါတယ်။
…
…
အသက်က ၁၆ နှစ်၊ သားဦးကိုယ်ဝန်၊ ကျွန်တော်တို့နဲ့ တစ်ခါမှ ဗိုက်အပ်မထားဘူးပါဘူး။
ကိုယ်ဝန်သက်တမ်း ၃၇ ပတ်ကျတော့မှ ကလေးမွေးဖွားရန် မှန်ကန်သော ဝမ်းနာခြင်း (true labour pain) စတင်ပြီးမှ ရောက်လာတယ်။ အဲဒီနေ့မှပဲ ultrasound လည်း ရိုက်လာခဲ့တယ်။ ကလေးလေးက hydrocephalus တဲ့ (ကလေးခေါင်းထဲမှာ ရေအိတ်တည်နေတယ်)။ ကလေးခေါင်းက အဆမတန် ကြီးနေတယ်ပေါ့ဗျာ။
ကလေးခေါင်းရဲ့ အချင်း (biparietal diameter BPD) ကို တိုင်းတော့ 99 mm ၄၁ ပတ်ရှိပြီတဲ့ ကိုယ်ဝန်သက်တမ်းက။
ကလေးရဲ့ ပေါင်ရိုးအရှည် (femur length FL) ကို တိုင်းလိုက်တော့ ၃၇ ပတ်ပဲ ရှိသေးတယ်တဲ့ ကိုယ်ဝန်သက်တမ်းက။
ကလေးရဲ့ ခန့်မှန်းကိုယ်အလေးချိန် (estimated fetal weight EFW) က (2.6 kg) ၅ ပေါင်၊ ၁၂ အောင်စ ပုံမှန်ပါပဲ။
ပြဿနာက ခေါင်းထဲမှာ ရေတွေက ရှိသင့်တာထက် ပိုများပြီးတော့ ဦးနှောက်အသားတွေက အလယ်က ရေအိတ်နဲ့ အပြင်ဘက်ဆုံးက ဦးခေါင်းခွံအရိုးရဲ့ကြားမှာ ပါးပါးလေးပဲရှိတယ်။ ခေါင်းကလည်း ကြီးနေတယ်။ ၁၆ နှစ်သမီး မိခင်လောင်းရဲ့ ပြီးပြည့်စုံအောင် မဖွံ့ထွား မကျယ်ပြောသေးတဲ့ တင်ပါးဆုံရိုးခွေ (pelvic girdle) ထဲကနေ ဖြတ်သွားဖို့ မဆံ့ဘူးလေ။ ကလေးမွေးဖို့က ၃ လီတာ ရေသန့်ဘူးကြီးလောက် ဆံ့မှ ထွက်မှာလေဗျာ။ ဆယ်ကျော်သက်လေးမှာ ဒီအတွက် ပြဿနာရှိမယ်လေ။
၁၆ နှစ်သမီးကို ဗိုက်ကြီးခိုင်းတာ အချစ်လားဗျ။ ကျွန်တော်ကတော့ ဆယ်ကျော်သက် ကိုယ်ဝန် (teenage pregnancy) တွေကို တာဝန်ယူမွေးပေးရတိုင်း အားမလိုအားမရ ဒေါသဖြစ်တယ်။ လိင်ပညာနဲ့ ဆက်စပ်တဲ့ အသိ သတိ လုံလောက်စွာမရှိခဲ့လို့၊ တိုင်းပြည်ဆင်းရဲမှုနဲ့ ပညာပေးနိုင်မှု အားနည်းတာတွေ မီးမောင်းထိုးပြနေသလိုပဲ ခံစားရတယ်။
ကဲဗျာ ပြန်ဆက်ရရင် . . .
ယေဘုယျ သဘောပြောရရင် ကလေးက အဲဒီလောက် ဦးနှောက်အသားနည်းနေရင် အပြင်ကမ္ဘာလောကကြီးထဲမှာ အသက်ရှင်ဖို့ မဖြစ်နိုင်ဘူးပေါ့။
ဒါပေမယ့် အဲဒါက hydrocephalus ကလေးတိုင်းတော့ မဟုတ်ဘူးပေါ့။
စောစောစီးစီး ultrasound ရိုက်ပြီးကြိုသိခဲ့ရင် ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီးတွေ၊ မွေးကင်းစကလေး အထူးကု ဆရာဝန်ကြီးတွေ၊ ဓာတ်မှန်အထူးကု ဆရာဝန်ကြီးတွေ၊ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးတွေ စုပေါင်းအစည်းအဝေးထိုင်ပြီး ဒီကလေးဟာ မွေးထွက်လာပြီး အပြင်လူ့လောကမှာ ရှင်အောင်ကုလို့ ရနိုင်၏/မရနိုင်၏ တိုင်ပင်ကြရပါတယ်တဲ့။ OG ဘွဲ့ယူဖို့ စာဖတ်ရတုန်းက မှတ်မိခဲ့တာလေး ပြောပြတာပါ။
ခေါင်းထဲ ရေအိတ်က တအားမကြီးရင် ရေအိတ်ထဲကထဲက ရေတွေကို ဗိုက်ခေါင်းထဲကို လွှဲပေးတဲ့ ရေလွှဲပိုက် (shunt) ကို ကလေးမွေးပြီးပြီးချင်း ခွဲစိတ်ထည့်နိုင်ခဲ့ရင် ကလေးရှင်နိုင်တယ်တဲ့။
Hydrocephalus တအားမကြီးရင်ပေါ့ဗျာ။ တအားကြီးနေရင်တော့ မရဘူးပေါ့။ ကယ်မရဘူးပေါ့။
ဆိုလိုတာက hydrocephalus ကလေးလေးတစ်ယောက်ကို စောစောစီးစီးသာ ကိုယ်ဝန် ငါးလ၊ ခြောက်လလောက်နဲ့ ultrasound ရိုက်ကြည့်လို့ သိခဲ့မယ်ဆိုရင် ကျွန်တော်တို့က အထက်ပါ ဆရာ့ဆရာကြီးများ ရှိတဲ့နေရာကို သွားမွေးခိုင်းရမှာပေါ့။ လွှဲရမှာပေါ့။
ကလေးက မွေးပြီးရင် ရှင်နိုင််၏/မရှင်နိုင်၏ ကျွန်တော် မဆုံးဖြတ်တတ်ဘူး။ ရှင်ခဲ့မယ်ဆိုရင်တောင်မှ ခေါင်းထဲက ရေတွေကို ဝမ်းဗိုက်ထဲလွှဲတဲ့ shunt ပိုက်ထည့်ပေးမယ့် အဖွဲ့မရှိဘူး။
ပြီးတော့အခုက ဗိုက်ကစနာနေပြီ။ သားအိမ်က ၃ – ၄ cm လောက်ပွင့်နေပြီ။ ဘယ်မှလည်း လွှဲလို့မရတော့ဘူး။ ကလေးမှာ ဒီလို မွေးရာပါချို့ယွင်းချက်ပါတယ်။ အပြင်ထွက်လာရင် သေမလား ရှင်မလား မသိဘူး။ ရှင်ခဲ့မယ်ဆိုရင်တောင်မှ shunt ထည့်ဖို့ လွှဲရမှာ ရှင်းပြတယ်။ သွားမယ့်ပုံ မရှိဘူး။ မိခင်လောင်း အသက်မသေရင် ရပြီတဲ့။ ဗိုက်နာနေတာ မခံနိုင်တော့ဘူး။ ခွဲပေးပါတော့တဲ့။ လူနာဘက်က တအားနာတော့လည်း အခုလောလောဆယ် ကွက်ကွက်ကလေးပဲ စဉ်းစားကြတယ်။
ကျွန်တော်တို့ကတော့ အများကြီး စဉ်းစားရတယ်ဗျ။ ခွဲမွေးပေးလိုက်တာက လွယ်ပါတယ်။ ပြီးရင်တော့ ကလေးက သေမှာပဲလေ။ Hydrocephalus ဆိုးလွန်းလို့သော်လည်းကောင်း၊ shunt ထည့်ဖို့ မသွားနိုင်လို့သော်လည်းကောင်း သေမှာပဲ။
၁၆ နှစ်သမီးလေ နောက်ထပ်ကလေးတွေ မွေးနိုင်ခြေရှိသေးတာလေ။ အခြေအနေအရ ဘယ်လိုမှ မကယ်နိုင်၊ မရှင်နိုင်မယ့် ကလေးလေးကို ခွဲပေးလိုက်ရင် ခုလောလောဆယ်တော့ အဆင်ပြေမယ်လေ။ နောင်တစ်စ်ချိန် ဒီ ၁၆ နှစ်မ နောက်တစ်ခါ ဗိုက်ကြီးခဲ့ရင် ပထမကိုယ်ဝန်ကို ကျွန်တော်က ခွဲပေးခဲ့တာတဲ့ ဪဟုတ်လားလို့ ပြောခံရမှာကို ကျွန်တော်မခံစားနိုင်ဘူး။ လူပြိန်းကြိုက် မလုပ်နိုင်ဘူး။ စာတတ်ပေတတ် ပုဂ္ဂိုလ်တစ်ယောက်က အထင်သေးသွားမှာ ကြောက်တယ်။ Ethic စောင့်ထိန်းရမယ့် ကျင့်ဝတ်လို့လည်း ထင်တယ်။
တိုတိုပြောကြပါစို့။ ကလေးကို ရိုးရိုးမွေးဖို့ ကြိုးစားတယ်။ လူနာနဲ့ လူနာရှင်တွေကို အထက်ပါအတိုင်းရှင်းပြ၊ တတ်သမျှမှတ်သမျှ ရှိသမျှ ဗိုက်နာသက်သာစေသော နည်းလမ်း၊ ဆေးဝါးများကို အသုံးပြုရင်းနဲ့ပေါ့။
အဲဒီလိုနဲ့ ဗိုက်နာသောကြာမြင့်ချိန်က ၁၈ နာရီ ကျော်လာပြီ။ သားအိမ်ဝကလည်း အစွမ်းကုန် ပွင့်သွားပြီ (Cervical os is fully dilated)။ ကလေးက မွေးမလာဘူး။ မွေးလမ်းကြောင်းအဝကို ဟကြည့်ရင် ကလေးခေါင်း ဦးရေပြားကို မြင်နေရပြီ။ ကလေးခေါင်းက ရေတွေနဲ့ ဖောင်းနေတော့ မထွက်လာဘူး ဖြစ်နေတာ။ လေစုပ်စက် (vacuum) နဲ့လည်း စုပ်ထုတ်လို့မရ၊ ညှပ် (forceps) နဲ့လည်း ဆွဲမရ။
တစ်ခုပဲရှိတော့တယ်။ Destructive delivery – ကလေးခေါင်းကို ထိုးဖောက်လိုက်မယ်။ ရေတွေထွက်သွားမယ်။ ခေါင်းကသေးချပ်သွားပြီး မွေးထွက်လာမယ်။ But the baby will not be born alive – ကလေးလေးကတော့ အသက်ရှင်ရက် မွေးထွက်လာမည်မဟုတ်ပေါ့။ သဘောတူလားဆိုတော့ တူတယ်တဲ့။
အဲဒါနဲ့ ကျွန်တော် စာထဲမှာပဲဖတ်ဖူးတဲ့၊ တစ်ခါမှလည်း မလုပ်ဖူးတဲ့၊ ဘဝမှာ လုပ်ဖို့ကြုံလာရလိမ့်မယ်လို့လည်း မထင်ခဲ့တဲ့ မွေးဖွားမှုကို လုပ်ခဲ့တယ်။ ကလေးခေါင်းကို ထိုးဖောက်ပေးလိုက်တယ်။ အရည်ကြည်ကြည်တွေ အများကြီးထွက်လာပြီး ကလေးခေါင်းလေးက ရှုံ့သွားပြီး မွေးထွက်လာပါတယ်။ ချက်ကြိုးမြန်မြန်ဖြတ်ပြီး ကလေးကိုလက်လွှဲပေး၊ အချင်းဆက်ချ မွေးပေးခဲ့တယ်။ ကလေးကို မကြည့်ရဲဘူး။ ရင်ထဲမှာ ဘယ်လိုကြီးလဲ မသိဗျာ။ ပန်းတွေတော့ ပွင့်မနေဘူးပေါ့။
နောက်တစ်နေ့ပဲ မွေးမိခင်အမေကို ဆေးရုံက ဆင်းပေးလိုက်တယ်။ အေးအေးဆေးဆေးပါပဲ။ ကလေးမွေးဖူးတာကလွဲပြီး ဗိုက်မှာ၊ သားအိမ်မှာ ဘာဒဏ်ရာမှ မပါသွားတဲ့ ၁၆ နှစ်သမီးလေးပေါ့။ ကလေးကိုတော့ ဓာတ်ပုံမှတ်တမ်း မတင်ထားဖြစ်ဘူးဗျာ။
မိန်းကလေးတွေ ဆယ်ကျော်သက်အရွယ်နဲ့ ဗိုက်မကြီးကြပါစေနဲ့။ အားလုံးလည်း ရသင့်ရထိုက်တဲ့ ကျန်းမာရေး အသိပညာတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ၊ သားဆက်ခြားစနစ်တွေ ရအောင် ဝိုင်းပြီး ဆော်ဩပေးကြပါဦးဗျာ….။
ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
..
..
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.