ဘာနဲ့ဘာ တွဲစား..
မူးဝေအော့အန် ဝမ်းတွေတရပ်စပ်သွား။ ကိုယ်တွေ့။
(မနေ့က မေးကြည့်ခဲ့တဲ့ မေးခွန်းလေးအောက်က ကွန်မန့်တွေထဲ အတွေ့ရများတာလေးတွေပါနော်)
အတွေ့အကြုံလေးတွေ ဖလှယ်ပေးလို့ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ် 😍
ဒါပေမယ့်လည်း ဆရာဝန်တစ်ယောက်အနေနဲ့ တွေးစရာလေးတွေတော့ ပေါ်လာတာပေါ့။
ဘာဖြစ်လို့ ဒီလူနာကျ အဲဒီလိုဖြစ်ပြီး ကျန်တဲ့သူတွေကျ သူ့လိုမခံစားရတာလဲ။ ခန္ဓာကိုယ်တစ်ခုချင်းစီရဲ့ တုံ့ပြန်မှု ကွာခြားတာကြောင့်များလား။
ဒီလိုနဲ့ တွေးကြည့်တော့ အဖြေလေးတစ်ခု ရေးရေးပေါ်လာသလိုပါပဲ။
…
…
မဆိုင်တာလေးကနေ အရင်စပါရစေနော်။
ဆေးဝါးတစ်ခုချင်းစီမှာ ဘေးထွက်ဆိုးကျိုးတွေ (side effects) ရှိနိုင်သလို ဆေးဝါးတချို့ဟာလည်း တစ်ခုနဲ့တစ်ခု တွဲမသောက်သင့်တာ၊ အချိန်ကာလခြားပြီးမှ သောက်သင့်တာမျိုးတွေ ရှိပါတယ်။ (စနစ်တကျ သုတေသနတွေလည်း လုပ်ထားပါတယ်)
အတူတွဲသောက်ရင် ဆေးတစ်ခုရဲ့အာနိသင်ကို အခြားဆေးတစ်ခုက လျော့ကျစေတာမျိုး ဒါမှမဟုတ် ပိုပြီးအရှိန်မြှင့်လိုက်တာမျိုး ရှိသလို… နှစ်ခုပေါင်းသောက်ရင် ဘေးထွက်ဆိုးကျိုး သိသိသာသာ ပေါ်လာတာမျိုးတွေလည်း ရှိတာပေါ့။
ဆေးဝါးတွေလိုမျိုး အစားအသောက်တွေမှာလည်း အဲဒီလိုအကျိုးသက်ရောက်မှုမျိုး အနည်းနဲ့အများ ရှိနေနိုင်တာပေါ့။
“ အစာလည်း ဆေး၊ ဆေးလည်း အစာ” ခေါ်ကြတယ်မို့လား။
ဒါပေမယ့် (ပုံမှန်စားသောက်နေကျ) အစားအစာတွေကတော့ နှစ်မျိုးအတူတွဲစားလို့ အသက်အန္တရာယ်ရှိသွားတာ ဒါမှမဟုတ် ဆိုးဆိုးဝါးဝါးဝေဒနာတွေ ခံစားရတာမျိုးကတော့ သိပ်မဖြစ်နိုင်ပါဘူးနော်။
ဖြစ်နိုင်တာက အစာအဆိပ်သင့်ခြင်း (food poisoining) ပါ။
…
…
အစာအဆိပ်သင့်ခြင်းဆိုတာဟာ
အစားအစာတစ်ခုထဲမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးကောင် အစရှိတဲ့ပိုးမွှားတွေ ဒါမှမဟုတ် အခြား အဆိပ်အတောက် ဓာတုဓာတ်ပစ္စည်းတွေ ပါဝင်နေပြီး အမှုမဲ့အမှတ်မဲ့ စားသုံးမိရာကနေ ဝေဒနာလက္ခဏာတွေ ခံစားရတာပါ။
အထူးသဖြင့်ကတော့ အစာအိမ် အူလမ်းကြောင်း ဝေဒနာတွေပေါ့။
ခုနကပြောခဲ့တဲ့ နှစ်ခုတွဲစားလို့ ဝေဒနာလက္ခဏာတွေ ခံစားရတယ်ဆိုတာမျိုးဟာ သူစားခဲ့တဲ့အစာတစ်မျိုးမျိုးမှာ ရောဂါပိုးမွှားတွေ ကပ်ငြိနေခဲ့တာမျိုးကြောင့် ပိုဖြစ်နိုင်ပါတယ်နော်။
(ဘာလို့လဲဆို ကျန်တဲ့သူတွေကျ အဲဒီလိုမျိုး မခံစားရဘူးလေ)
ဆရာဝန်ဘဝမှာ အဲဒီလိုလူနာမျိုးတွေ ခဏခဏ ကြုံရပါတယ်။ ဗိုက်အောင့်၊ ဗိုက်နာ၊ မူးဝေအော့အန်၊ ဝမ်းတွေ အဆက်မပြတ်သွား လူနာကိုမြင်ရတာကိုက စိတ်ထဲမကောင်း 🥺
အလှူလို၊ မင်္ဂလာဆောင်လို၊ စတုဒီတာမှာလို လူအများကြီး အစုလိုက်အပြုံလိုက် ဖြစ်လာရင်တော့ food poisoning (foodborne illness) မှန်း တန်းသိသာတာပေါ့။
ဒါပေမယ့် ကိုယ်က တစ်နေရာကနေ တစ်မျိုးစားမယ်၊ နောက်တစ်နေရာကနေ တစ်မျိုးစားမယ်ဆိုရင်တော့ ဝေဒနာတွေ ခံစားရတဲ့အခါ အကြောင်းအရင်း ရှာရခက်ပြီလေ။ လူနာအနေနဲ့ကတော့ ဒီနှစ်မျိုးမတည့်လို့ဖြစ်ရပါတယ်လို့ တွေးပြီပေါ့။
တကယ်တော့ တစ်မျိုးမျိုးမှာ ရောဂါပိုးပွှားတွေ ကပ်ငြိနေလို့လည်း ဖြစ်နိုင်တာပဲလေ ဟုတ်တယ်မို့လား။
ဒါကြောင့် အခုပိုစ့်ရဲ့ဆိုလိုရင်းလေးက . . .
လူအများစားနေကျ အစားအစာတွေဖြစ်ရင် ဘာနဲ့ဘာ တွဲမစားသင့်ဘူး၊ ဘာဖြစ်တတ်တယ် ညာဖြစ်တတ်တယ်လို့ ပြောနေတဲ့စကားတွေကို ယုံကြည်မယ့်အစား
ကိုယ်စားမယ့်အစားအစာဟာ သန့်ရှင်းလတ်ဆတ်မှုရှိရဲ့လား၊ ကျန်းမာရေးနဲ့ ညီညွတ်နိုင်ရဲ့လား၊ ယင်နားစာများ ဖြစ်နေနိုင်သလား၊ ဖုန်တွေအမှုန်တွေ ဝင်နိုင်တဲ့နေရာမျိုးမှာထားတာလား အစရှိသည်ဖြင့် တွေးတောကြည့်ရင်း
ကျန်းမာရေးနဲ့ညီညွတ်သော အစားအစာများနဲ့သာ အမြဲကြုံတွေ့ စားသောက်ရပါစေကြောင်း ဆုတောင်းလျက်….။
❤️ ချစ်တဲ့ တယ်လီကျန်းမာ ❤️
(ကြင်စိုး မပါ)
..
..
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.